ဆီးမထိန်းနိုင်တဲ့ ပြဿနာဟာ ကျား/မ မရွေး ဖြစ်နိုင်တဲ့ရောဂါလက္ခဏာတစ်ခုဖြစ်တဲ့အပြင် ကာယကံရှင်ကိုယ်တိုင်ကလည်း ရှက်ရွံ့စရာလို့ ခံစားရတတ်ပါတယ်။ ဘယ်လောက်ထိ ဆီးမထိန်းနိုင်သလဲဆိုတာကတော့ ခံစားရသူအလိုက် ကွာခြားတတ်ပါတယ်။ တချို့သူတွေမှာတော့ ချောင်းဆိုး၊ နှာချေလိုက်တဲ့ အချိန်တွေမှာ ဆီးအနည်းငယ် ထွက်သွားတာရှိသလို တစ်ချို့သူတွေမှာတော့ ရေအိမ်ထိသွားဖို့တောင် မမီလိုက်တဲ့အထိကို ဆီးအများကြီး ထွက်ကျတာမျိုးလည်း ရှိပါတယ်။

အသက်ကြီးလာတဲ့အခါမှာ ဆီးမထိန်းနိုင်တဲ့ ပြဿနာကို တော်တော်များများ မလွဲမသွေ ခံစားရလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်ရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်တော့လောက်အောင်အထိ ဆီးမထိန်းနိုင်ဘူးဆိုရင်တော့ မပေါ့ဆပါနဲ့… ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။

..

..

???? ဆီးမထိန်းနိုင်တာကို အမျိုးအစားအများကြီး ခွဲလို့ရပါတယ်။

Stress incontinence – ဒီအမျိုးအစားကတော့ ခန္ဓာကိုယ်တွင်း ဖိအားများလာတဲ့ အချိန်မျိုးတွေမှာ ဆီးထွက်ကျတာကို ပြောတာ ဖြစ်ပါတယ်။ ဥပမာ – နှာချေ၊ ချောင်းဆိုးတဲ့အချိန်၊ ရယ်တဲ့အချိန်၊ လေ့ကျင့်ခန်းလုပ်တဲ့အချိန်၊ အလေးအပင်မတဲ့အချိန်တွေမှာ ကိုယ်တွင်းဖိအား များလာပြီးတော့ ဆီးထွက်ကျတာ ဖြစ်ပါတယ်။

Urge incontinence – ဒီအမျိုးအစားမှာတော့ ဆီးပေါက်ချင်စိတ် ဖြစ်လာတာနဲ့ တစ်ပြိုင်နက် ဆီးထွက်ကျတာကို ပြောတာပါ။ တစ်ခါတလေမှာတော့ တစ်ညလုံး ဆီးသွားချင်နေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာအပြင် အာရုံကြောနဲ့ ပတ်သက်တဲ့ရောဂါ၊ ဆီးချိုရောဂါ ခံစားရသူတွေမှာ ဖြစ်တတ်ပါတယ်။

Overflow incontinence – ဒါကတော့ ဆီးတွေ တစက်စက် ထွက်ကျတဲ့ အမျိုးအစားဖြစ်ပါတယ်။ ဆီးပေါက်ပြီးတဲ့အချိန်မှာ ဆီးအိမ်ထဲ ဆီးတွေကျန်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဥပမာ ဆီးကျိတ်ကြီးတဲ့ လူကြီးတွေမှာ ဖြစ်တတ်ပါတယ်။

Functional incontinence – ဒါကတော့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါ မဟုတ်ဘဲ တခြားသောရောဂါတွေကြောင့် ရေအိမ်သွားဖို့ အချိန်မမီတာမျိုးပါ။ ဥပမာပြောရရင် အဆစ်ရောင်ရောဂါရှိတဲ့သူတွေမှာ လှုပ်လှုပ်ရှားရှားလုပ်တဲ့အချိန် အရိုးအဆစ်တွေ နာကျင်တာကြောင့် ဆီးသွားဖို့ ဘောင်းဘီမချွတ်ခင်မှာတင် ဆီးထွက်ကျသွားတာမျိုး ဖြစ်ပါတယ်။

..

..

???? ဘာကြောင့် ဆီးမထိန်းနိုင် ဖြစ်ရသလဲ?

ရောဂါကြောင့် မဟုတ်ဘဲ ခဏတဖြုတ် ဆီးမထိန်းနိုင်တာကတော့…

– အရက်၊ ကော်ဖီ၊ ချောကလက်နဲ့ အချိုရည်တို့လို ဖျော်ရည်ယာမကာတွေ သောက်သုံးထားတာကြောင့်

– ဗီတာမင် C တွေ အများကြီး သောက်သုံးမိတာကြောင့်

– သကြား၊ ဟင်းခတ်အမွှေးအကြိုင် အများကြီး ပါဝင်နေတဲ့ အစားအစာတွေ၊ အချဥ်ဓာတ်ပါတဲ့ အသီးတွေ အများကြီး စားမိတာကြောင့်

– နှလုံးဆေးနဲ့ သွေးတိုးကျဆေးတို့ကြောင့် ဖြစ်လေ့ရှိပါတယ်။

ဒါတွေတင်မကဘဲ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ဆီးအိမ်ကို သွားဆွသလိုဖြစ်တာကြောင့် ဆီးသွားချင်စိတ်ကို ခဏခဏ ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် ဝမ်းချုပ်တဲ့အခါတွေမှာလည်း အစာဟောင်းအိမ်ထဲမှာ ဝမ်းတွေ တဖြည်းဖြည်း ပုံလာပြီး ဆီးအိမ်ရဲ့ အာရုံကြောတွေကို နှိုးဆွသလို ဖြစ်ပြီး ခဏခဏ ဆီးသွားချင်တာ၊ ဆီးမထိန်းနိုင်တာ ဖြစ်တတ်ပါတယ်။

– ကိုယ်ဝန်သည်တွေ

– ကလေး မီးဖွားထားတဲ့ အမျိုးသမီးတွေ

– သက်ကြီးရွယ်အိုတွေ

– သွေးဆုံးထားတဲ့ အမျိုးသမီးတွေ

– ဆီးကျိတ်ကြီးတဲ့၊ ဆီးကျိတ်ကင်ဆာရှိတဲ့ အမျိုးသားတွေ

– ဆီးလမ်းကြောင်းမှာ အကျိတ်ရှိတဲ့သူတွေ

– အာရုံကြောရောဂါရှိတဲ့သူတွေမှာတော့ ထပ်တလဲလဲ ဒါမှမဟုတ် ကာလရှည်ကြာ ဆီးမထိန်းနိုင်တာတွေ ဖြစ်တတ်ပါတယ်။

..

..

???? ဘယ်လိုလူတွေမှာ ဆီးမထိန်းနိုင်ဖို့ အခွင့်အရေးပိုများလဲ?

– အမျိုးသမီးတွေ

– သက်ကြီးရွယ်အိုတွေ

– အဝလွန်သူတွေ

– ဆေးလိပ်သောက်သူတွေ

– ဆီးမထိန်းနိုင်တဲ့ မိသားစုမျိုးရိုးရှိတဲ့သူတွေ

– အာရုံကြောဆိုင်ရာရောဂါတွေ၊ ဆီးချိုရောဂါရှိတဲ့သူတွေမှာ ဆီးမထိန်းနိုင်တာ အဖြစ်များတတ်ပါတယ်။

..

..

???? ဆီးမထိန်းနိုင်တာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့….

• ဆီးခဏခဏထွက်ကျလို့ စိုစွတ်နေတဲ့ အရေပြားမှာ အဖုအပိမ့်ထတာနဲ့ ပိုးဝင်ပြီး အနာဖြစ်တတ်ပါတယ်။

• ဆီးခဏခဏထွက်ကျတာကြောင့် မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်တတ်ပါတယ်။

• ဒါ့အပြင် မိမိရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာ၊ လူနေမှုဘဝတွေမှာ အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။

..

..

???? ဆီးမထိန်းနိုင်ဖြစ်တာကို ဘယ်လို ကာကွယ်ကြမလဲ?

ကာကွယ်ဖို့ နည်းလမ်းရယ်လို့တော့ မရှိပေမယ့်

– ပုံမှန် ကိုယ်အလေးချိန် ဖြစ်အောင် ထိန်းသိမ်းမယ်

– ကော်ဖီ၊ အရက်နဲ့ အချဥ်ဓာတ်များတဲ့ အစားအသောက်တွေ ရှောင်မယ်

– ဝမ်းချုပ်တာကို ကာကွယ်နိုင်ဖို့ အမျှင်ဓာတ်များများပါတဲ့ အစားအသောက်တွေ စားမယ်

– ဆေးလိပ်ဖြတ်မယ်ဆိုရင် နောင်တစ်ချိန်မှာ ဆီးမထိန်းနိုင်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

..

..

???? ဆီးမထိန်းနိုင်တာကို ဘယ်လို ကုသမလဲ ?

ဆီးပေါက်တဲ့အခါ ဆီးအိမ်ထဲ ဆီးကျန်တာမျိုး မဖြစ်အောင် ပထမတစ်ကြိမ်ပေါက်ပြီးတာနဲ့ အနည်းငယ်စောင့်ဆိုင်းပြီး နောက်တစ်ကြိမ် ဆီးထပ်သွားကြည့်ပါ။

(၂) နာရီ တစ်ခါ၊ ဒါမှမဟုတ် (၄) နာရီ တစ်ခါ ဆီးသွားတတ်တဲ့ အလေ့အကျင့်ကို မွေးပါ။

အရက်၊ ကော်ဖီသောက်တာ ရှောင်ကြဥ်ပြီး အာဟာရမျှတစွာ စားသောက်ပါ။

တင်ပါးဆုံကွင်း ကြွက်သား လေ့ကျင့်ခန်း လုပ်ပါ။ (သက်တောင့်သက်သာ ထိုင်ပြီး ကြွက်သားတွေကို ငါးစက္ကန့်လောက် ညှစ်ထားပါ။ ပြီးရင် ငါးစက္ကန့်လောက် ပြန်ဖြေလျှော့ပါ။ ဒီလိုမျိုး တစ်နေ့ကို ၁၀ ကြိမ်၊ ၁၅ ကြိမ်လောက် လုပ်ပေးပါ)

ဒါ့အပြင် လိုအပ်ရင် သောက်ဆေးတွေ သောက်သုံးလို့ ရပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်သုံးဖို့ အကြံပြုလိုပါတယ်။

နောက်ပြီး…

– ဆီးပေါက်ပြီးတဲ့အခါ ရေစိုဝတ်နဲ့ သန့်ရှင်းပါ။

– အရေပြားကို ခြောက်သွေ့အောင်ထားပါ။

– မကြာခဏ ဆပ်ပြာနဲ့ ဆေးကြောခြင်းကို ရှောင်ကြဥ်ရပါမယ်။

ဒီလောက်ဆို ဆီးမထိန်းနိုင်တဲ့ရောဂါရှိသူတွေအတွက် ဘယ်လိုနေထိုင်ရမယ်၊ ဆောင်ရွက်ရမယ်ဆိုတာ နည်းလမ်းလေးတွေကိုလည်း ဖော်ပြပေးပြီးပြီဆိုတော့ အထက်ပါနည်းလမ်းတွေအတိုင်း လိုက်နာနေထိုင်ကြဖို့ အကြံပြုပါရစေ။

Reference – https://www.mayoclinic.org/…/diagnosis…/drc-20352814

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here