ကလေးတွေအတွက် မွေးကင်းစ ငယ်စဥ်ဘဝကနေစလို့ လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ် အစရှိတဲ့ အာဟာရဓာတ်တွေ ပြည့်ဝနေဖို့က အလွန်အရေးကြီးပါတယ်။ ဒါမှသာလျှင် ကိုယ်ခံအားတည်ဆောက်နေတဲ့ ကလေးငယ်လေးတွေမှာ ရောဂါပိုးကူးစက်တာ၊ အာဟာရချို့တဲ့တာတွေကို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် အရေးကြီးဆုံးဖြစ်တဲ့ ခန္ဓာကိုယ် အသက်အရွယ်နဲ့အလိုက် ကြီးထွားဖွံ့ ဖြိုးဖို့ရယ်နဲ့ ဉာဏ်ရည်တိုးတက်ဖွံ့ဖြိုးဖို့အတွက်ပါ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ အာဟာရဓာတ်တွေ မလုံလောက်ခဲ့ရင်တော့ ငယ်စဥ်ကတည်းက ရောဂါတွေ ဝင်လာနိုင်ပါတယ်။

ဒီနေ့မှာတော့ ကလေးတွေမှာ ဗီတာမင် D ချို့တဲ့တာကြောင့်ဖြစ်တဲ့ အရိုးပျော့နာလို့ခေါ်လေ့ရှိကြတဲ့ rickets ရောဂါအကြောင်းကို ပြောပြပေးသွားမှာပါ။

Rickets ဆိုတာကတော့ သူ့ရဲ့နာမည်အတိုင်း အရိုးတွေပျော့ပြီး အားနည်းတဲ့ရောဂါကို ဆိုလိုတာဖြစ်ပါတယ်။ ဗီတာမင် D ချို့တဲ့တာကြောင့်အပြင် တခြားရှားပါးတဲ့ မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ ရောဂါအများစုမှာလည်း အရိုးပျော့နာ ဖြစ်တတ်ပါတယ်။

ဗီတာမင် D ဟာ ခန္ဓာကိုယ်ကနေ ကယ်လ်စီယမ်နဲ့ ဖော့စ်စဖရပ်စ်ဓာတ်တွေကို စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ ဒါမှာသာလျှင် ခန္ဓာကိုယ်ကနေ အရိုးတွေကောင်းကောင်း ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။

..

..

အရိုးပျော့နာမှာ ဖြစ်တတ်တဲ့ လက္ခဏာတွေက ဘာတွေလဲ ?

▪️ကြီးထွားမှု နှေးကွေးမယ်။

▪️လှုပ်ရှားလုပ်ကိုင်မှု နှေးကွေးမယ်။

▪️ကျောရိုး၊ တင်ပါးဆုံရိုးတွေ၊ ဒူးတွေ နာကျင်မယ်။

▪️ကြွက်သားတွေ အားနည်းနေပြီး ပျော့တွဲနေမယ် အစရှိတာတွေ ခံစားရနိုင်ပါတယ်။

ဒါ့အပြင် အရိုးကို ရှည်ထွက်ကြီးထွားအောင် လုပ်ပေးနိုင်တဲ့ growth plate လို့ခေါ်တဲ့ အရိုးတစ်ခုရဲ့အဆုံးမှာရှိတဲ့ တစ်ရှူးလေးတွေဟာလည်း ပျော့ပြီး အားနည်းနေတာဖြစ်တဲ့အတွက်ကြောင့်

▪️ခြေခွင်တာ၊ ဒူးက အတွင်းဖက်ကို ကွေးနေတာ

▪️လက်ကောက်ဝတ်၊ ခြေချင်းဝတ်တွေ ကြီးနေတာ

▪️ရင်ဘတ်မှာ နံရိုးတွေ ပုံစံမမှန် ထိုးထွက်နေတာ အစရှိတာတွေ ဖြစ်တတ်ပါတယ်။

..

..

ဘာကြောင့် အရိုးပျော့နာ ခံစားရနိုင်သလဲ ?

အဓိကကတော့ ဗီတာမင် D ချို့တဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဗီတာမင် D ချို့တဲ့ခြင်းအကြောင်းတွေကတော့..

▪️စားတဲ့အထဲမှာ နည်းလို့သော်လည်းကောင်း

▪️ဗီတာမင် D ကို အူမှ စုပ်ယူမှုအားနည်းလို့သော်လည်းကောင်း

▪️ကျောက်ကပ်အားနည်းလို့သော်လည်းကောင်း အရိုးပျော့နာ ဖြစ်တတ်တာကို သတိထားရပါမယ်။

ဥပမာ – Celiac disease လို့ခေါ်တဲ့ Gluten နဲ့မတည့်တဲ့ ရောဂါတွေ၊ အူရောင်ရမ်းနာ‌ရောဂါတွေ၊ cystic fibrosis နဲ့ ကျောက်ကပ်ရောဂါတွေမှာ ဗီတာမင် D ကောင်းကောင်း မစုပ်ယူနိုင်တာကြောင့် အရိုးပျော့နာ ဖြစ်တတ်ပါတယ်။

..

..

ဘယ်လိုကလေးငယ်တွေမှာ အရိုးပျော့နာဖြစ်ဖို့ အခွင့်ပိုများသလဲ ?

▪️ကိုယ်ဝန်ဆောင်နေချိန်မှာ မိခင်က ဗီတာမင် D ချို့တဲ့နေတဲ့အခါ

▪️နေထိုင်တဲ့ နေရာဒေသအနေအထားအရ နေရောင်ခြည်ရရှိမှုနည်းတဲ့အခါ

▪️နေ့မစေ့၊ လမစေ့မွေးဖွားတဲ့ ကလေးတွေမှာ မိခင်ဆီကနေ ဗီတာမင် D ရယူဖို့ လုံလောက်တဲ့အချိန်မရှိခဲ့တဲ့အတွက်ကြောင့် အရိုးပျော့နာ ဖြစ်တတ်ပါတယ်။

▪️ဒါ့အပြင် အတက်ရောဂါ၊ HIV ရောဂါတွေမှာ သုံးတဲ့ဆေးတွေကြောင့်လည်း ခန္ဓာကိုယ်မှာ ဗီတာမင် D ကို ကောင်းကောင်း မသုံးစွဲနိုင်တဲ့အတွက်ကြောင့် အရိုးပျော့နာဖြစ်ဖို့ အခွင့်များပါတယ်။

.

အကယ်၍ အရိုးပျော့နာကို မကုဘဲ ထားမယ်ဆိုရင်…

▪️ကလေးက ဆက်ပြီး မကြီးထွားတော့တာ

▪️အရိုးအဆစ်တွေ ကွေးနေတာ၊ ပုံစံမမှန်တာ

▪️အတက်ရောဂါတွေ ဖြစ်နိုင်တာကို သတိပြုရပါမယ်။

..

..

အရိုးပျော့နာ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?

▪️နေရောင်ခံပေးတာကလည်း ဗီတာမင် D ဓာတ်ကို ကောင်းကောင်းရယူနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်း တိမ်ရှင်းတဲ့နေ့တွေမှာ (၁၀) မိနစ် – (၁၅) မိနစ်လောက်ကို တစ်ပတ်မှာ ၂ – ၃ ကြိမ်လောက်နဲ့ တစ်ရာသီစာ (၃ လ လောက်) နေရောင်ထွက်ခံ‌နိုင်ပါတယ်။ ဒါဆို ဖြည့်စွက်စာမလိုဘဲ တစ်နှစ်စာ ဖူလုံပါတယ်။

▪️ဒါ့အပြင် မိဘအုပ်ထိန်းသူတွေအနေနဲ့လည်း ကလေးကို ဗီတာမင် D ပါဝင်တဲ့ အစားအစာတွေ သေချာကျွေးပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဥပမာ – တီလားဗီးယားငါး၊ ငါးခုံးမ၊ တူနာငါးနဲ့ တခြားငါးအမျိုးမျိုး၊ ငါးကြီဆီ၊ ကြက်ဥအနှစ်နဲ့ ငွေနှင်းမှိုတွေမှာဆို သဘာဝအရ ဗီတာမင် D ဓာတ် ပြည့်ဝစွာပါဝင်ပါတယ်။

▪️ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့လည်း မွေးလာမယ့်ကလေးတွေမှာ အရိုးပျော့နာကင်းဝေးအောင် မိမိတို့ဗိုက်အပ်နှံထားတဲ့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဗီတာမင်ဖြည့်စွက်ဆေးတွေ သောက်သုံးဖို့ လိုအပ်ပါတယ်။

..

..

အရိုးပျော့နာကို ဘယ်လို ကုသကြမလဲ ?

▪️အထက်မှာဖော်ပြခဲ့တဲ့ လက္ခဏာတွေ တွေ့ခဲ့ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး ဗီတာမင် D ဖြည့်စွက်စာ တိုက်ပေးဖို့ လိုအပ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သောက်သုံးဖို့ အကြံပြုလိုပါတယ်။ ဘာလို့လဲဆိုတော့ ဗီတာမင်ကို လိုတာထက်ပိုသောက်ခဲ့မယ်ဆိုရင် ဗီတာမင် အဆိပ်သင့်တာတွေ ဖြစ်နိုင်တာကြောင့်ပါ။

▪️သွေးမစစ်ဘဲ ဗီတာမင်ဒီချို့တဲ့တာ မသေချာသေးဘဲ မိမိသဘောနဲ့မိမိ ဖြည့်စွက်စာသောက်တာတွေ မလုပ်သင့်ပါ၊ ဗီတာမင် D ဟာ တန်ဆေးလွန်ဘေးဖြစ်တာမို့ပါနော်။

▪️ခြေခွင်တာတွေ၊ အရိုးအဆစ် ပုံစံမမှန်တာတွေအတွက်ကတော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ဆွေးနွေးပြီး အနေအထားမှန်အောင် spacing တွေတပ်ပေးဖို့ လိုကောင်းလိုနိုင်ပါတယ်။

..

ဒီလောက်ဆိုရင် ဖေဖေမေမေတို့အနေနဲ့လည်း မိမိတို့ ကလေးငယ်လေးတွေ ကြီးထွားဖွံ့ဖြို့ဖို့အတွက် ဗီတာမင် D ဟာ ဘယ်လောက် အရေးကြီးကြောင်း သိရှိနားလည်လောက်ပြီလို့ ထင်ပါတယ်။ ဒါကြောင့် ကလေးတွေမှာ ဗီတာမင် D ချို့တဲ့တာကြောင့် ခံစားရတဲ့ အရိုးပျော့နာမဖြစ်အောင် ကြိုတင်ကာကွယ်ကြဖို့ တိုက်တွန်းအကြံပြုလိုက်ပါတယ်။

Reference : ????

https: //www. mayoclinic. org/diseases-conditions/rickets/symptoms-causes /syc-20351943#:~:text =Rickets%20is%20the%20softening%20and,problems%20also%20can%20cause%20rickets.

https: //www. mayoclinic. org/diseases-conditions/rickets/diagnosis-treatment/drc-20351949

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here