ဗီတာမင်အေ (Vitamin A) ဟာ အမြင်အာရုံကောင်းမွန်စေရုံသာမက ကိုယ်ခံအားစနစ်၊ မျိုးပွားမှု၊ ကြီးထွားဖွံ့ဖြိုးမှုတွေနဲ့ သားအိမ်အတွင်းရှိ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုကို ကူညီပေးတာတွေအပါအဝင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်များစွာအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်အေက သင့်နှလုံး၊ အဆုတ်နဲ့ အခြားကိုယ်အင်္ဂါတွေ ကောင်းမွန်စွာ အလုပ်လုပ်ဖို့အတွက်လည်း ကူညီပေးပါတယ်။

ဒါပေမယ့် “ တန်ဆေး လွန်ဘေး” ဆိုတဲ့ စကားအတိုင်း ဗီတာမင်အေကို အလွန်အကျွံ စားသုံးမိရင်တော့ ဆေးမဖြစ်ဘဲ ဘေးအန္တရာယ် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မေမေတွေက သားသမီးကလေးငယ်တွေကို “ မျက်လုံးအားကောင်းတယ်၊ ကိုယ်ခံအားကောင်းတယ်” ဆိုပြီး ဗီတာမင်အေကြွယ်ဝတဲ့ ဖြည့်စွက်စာ၊ ဆေးဝါး၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို လိုအပ်တာထက် ပိုကျွေးမိတယ်ဆိုရင် ဗီတာမင်အေ အဆိပ်သင့်ခြင်း Hypervitaminosis A (Vitamin A toxicity) ဖြစ်နိုင်ပါတယ်။

..

..

◼️Hypervitaminosis A ဆိုတာ ဘာလဲ ?

Hypervitaminosis A (သို့) ဗီတာမင်အေ အဆိပ်သင့်ခြင်း (Vitamin A toxicity) ဟာ သင့်ခန္ဓာကိုယ်မှာ ဗီတာမင်အေ များလွန်းတဲ့အခါ ဖြစ်ပေါ်ပါတယ်။

ဒီလိုအခြေအနေဟာ ရုတ်တရက် ထဖြစ်တာ ဖြစ်နိုင်သလို၊ နာတာရှည်ပုံစံမျိုးနဲ့လည်း ဖြစ်နိုင်ပါတယ်။ ဗီတာမင်အေ ပမာဏအများအပြားကို အချိန်တိုအတွင်းစားသုံးအပြီး ရုတ်တရက်အဆိပ်သင့်ခြင်း (Acute toxicity) ဟာ ပုံမှန်အားဖြင့် နာရီပိုင်း (ဒါမှမဟုတ်) ရက်အနည်းငယ်အတွင်း ဖြစ်ပွားနိုင်ပါတယ်။

သင့်ခန္ဓာကိုယ်ထဲမှာ ဗီတာမင်အေ အများအပြားက အချိန်အကြာကြီး စုပုံလာတဲ့အခါ နာတာရှည်အဆိပ်သင့်ခြင်း (Chronic toxicity) ကို ဖြစ်စေပါတယ်။

..

..

◼️Hypervitaminosis A ကို ဖြစ်စေတဲ့ အကြောင်းရင်းက ဘာတွေလဲ ?

ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ ဗီတာမင်အေတွေကို အသည်းထဲမှာ သိမ်းဆည်းထားပြီး အချိန်ကြာလာတာနဲ့အမျှ စုပုံလာပါတယ်။ လူအများစုဟာ ပမာဏလွန်ကဲတဲ့ အာဟာရဖြည့်စွက်စာတွေ စားသုံးတာနဲ့ Megavitamin ကုထုံးတွေကြောင့် ဗီတာမင်အေ အဆိပ်သင့်ခြင်း ဖြစ်ကြပါတယ်။

Megavitamin ကုထုံးဆိုတာကတော့ ရောဂါတွေကို ကာကွယ်ဖို့ (ဒါမှမဟုတ်) ကုသဖို့ ကြိုးပမ်းရာမှာ အချို့သောဗီတာမင်တွေကို အများအပြားသုံးစွဲလိုက်တာပါ။

Isotretinoin (Sotret, Absorica) လိုမျိုး ဗီတာမင်အေ ပမာဏများတဲ့ ဝက်ခြံကုသနည်းအချို့ကို ရေရှည် အသုံးပြုတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဗီတာမင်အေ ရုတ်တရက်အဆိပ်သင့်ခြင်း (Acute toxicity) ဟာ ကလေးတွေမှာတော့ မတော်တဆ စားမိတာကြောင့် အများအားဖြင့် ဖြစ်တတ်ပါတယ်။

..

..

◼️အစားအသောက်ထဲက ဗီတာမင်အေ ပမာဏကို မျှတမှန်ကန်စွာ စားသုံးပါ။

ဗီတာမင်အေဟာ ကလေးတွေရော လူကြီးတွေမှာပါ မျက်စိကျန်းမာရေးအတွက် အရေးကြီးပါတယ်။ သန္ဓေသားရဲ့ နှလုံး၊ နား၊ မျက်စိနဲ့ ခြေလက်အင်္ဂါတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း အရေးကြီးပါတယ်။

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်အေ အများစုကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကနေ ရရှိနိုင်ပါတယ်။ ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေကတော့…..

– အသည်း

– ငါးနဲ့ ငါးကြီးဆီတွေ

– နို့

– ဥအမျိုးမျိုး

– အရောင်ရင့်တဲ့ အသီးတွေ

– အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

– လိမ္မော်ရောင်နဲ့ အဝါရောင် ဟင်းသီးဟင်းရွက်တွေ (ကန်စွန်းဥ၊ မုန်လာဥနီ)

– ခရမ်းချဥ်သီးနဲ့ ခရမ်းချဉ်သီး ထုတ်ကုန်တွေ

– ဟင်းသီးဟင်းရွက်ဆီ အချို့

– Cereal လိုမျိုး ဗီတာမင်ဓာတ်တွေ ဖြည့်စွက်ပါဝင်တဲ့ အစားအစာတွေ ဖြစ်ပါတယ်။

..

..

◼️လူတစ်ယောက်အတွက် နေ့စဉ် ဗီတာမင် အေ ဘယ်လောက် လိုအပ်ပါသလဲ ?

USA, National Institutes of Health (NIH) အရ ဗီတာမင်အေအတွက် အကြံပြုထားတဲ့ အစားအသောက်ထဲမှာ နေ့စဥ်စားသုံးသင့်တဲ့ ပမာဏတွေကတော့…

– မွေးကင်းစမှ ၆ လအရွယ် = 400 micrograms (mcg)

– ၇ လ မှ ၁၂ လအတွင်း = 500 mcg

– ၁ နှစ်မှ ၃ နှစ်အထိ = 300 mcg

– ၄ နှစ်မှ ၈ နှစ် = 400 mcg

– ၉ နှစ်မှ ၁၃ နှစ်ကြား = 600 mcg

– ၁၄ နှစ်မှ ၁၈ နှစ်အထိ

အမျိုးသားများအတွက် = 900 mcg

အမျိုးသမီးများအတွက် = 700 mcg

– ၁၄ နှစ် မှ ၁၈ နှစ်အထိ

ကိုယ်ဝန်ဆောင်အမျိုးသမီး = 750 mcg

– ၁၄ နှစ် မှ ၁၈ နှစ်အထိ

နို့တိုက်မိခင် = 1,200 mcg

– ၁၉ နှစ်နဲ့အထက်တွေမှာ

အမျိုးသားများအတွက် = 900 mcg

အမျိုးသမီးများအတွက် = 700 mcg

– ၁၉ နှစ်နဲ့အထက် ကိုယ်ဝန်ဆောင်အမျိုးသမီး = 770 mcg

– ၁၉ နှစ်နဲ့အထက် နို့တိုက်မိခင် = 1,300 mcg

အကြံပြုထားတဲ့ နေ့စဥ်စားသုံးသင့်တဲ့ ပမာဏထက် လပေါင်းများစွာ ပိုမိုသုံးစွဲမိရင် ဗီတာမင်အေ အဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ မွေးကင်းစနဲ့ တခြားကလေးငယ်တွေဟာ ခန္ဓာကိုယ်သေးငယ်တာကြောင့် ပိုမိုလျင်မြန်စွာ ဖြစ်ပွားနိုင်ပါတယ်။

..

..

◼️Hypervitaminosis A ရဲ့ ရောဂါလက္ခဏာတွေ

လက္ခဏာတွေဟာ ရုတ်တရက်အဆိပ်သင့်တာ (Acute toxicity) နဲ့ နာတာရှည်အဆိပ်သင့်တာ (Chronic toxicity) အပေါ်မူတည်ပြီး ကွဲပြားပါတယ်။ ခေါင်းကိုက်တာနဲ့ အင်ပြင်ထတာကတော့ ရောဂါပုံစံနှစ်မျိုးလုံးမှာ အဖြစ်များပါတယ်။

ဗီတာမင်အေ ရုတ်တရက်အဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေကတော့….

– အိပ်ငိုက်ခြင်း

– စိတ်တိုခြင်း

– ဗိုက်နာ/အောင့်ခြင်း

– ပျို့ခြင်း/အန်ခြင်း

– ဦးနှောက်အပေါ် ဖိအားများလာခြင်း…စတာတွေဖြစ်ပြီး…

ဗီတာမင်အေ နာတာရှည်အဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေကတော့…

– အမြင်မှုန်ဝါးခြင်းနှင့် အခြား အမြင်အာရုံပြောင်းလဲမှုများ

– အရိုးများ ရောင်ရမ်းခြင်း

– အရိုး နာကျင်ခြင်း

– အစာစားချင်စိတ် မရှိခြင်း

– မူးဝေခြင်း

– ပျို့အန်ခြင်း

– နေရောင်ခြည်ကို မခံနိုင်ခြင်း

– ခြောက်သွေ့ကြမ်းတမ်းသော အသားအရေဖြစ်လာခြင်း

– အ​ရေပြားယားယံခြင်း (သို့) အရေပြားကွာကျခြင်း

– လက်သည်းများ အက်ကွဲခြင်း

– နှုတ်ခမ်းထောင့် အရေပြားကွဲအက်ခြင်း

– ပါးစပ်အနာများ

– အသားဝါခြင်း

– ဆံပင်ကျွတ်ခြင်း

– အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း

– စိတ်တို/စိတ်ဆတ်လွယ်ခြင်းတို့ ဖြစ်ပါတယ်။

.

မွေးကင်းစနဲ့ တခြားကလေးအရွယ်တွေမှာတော့ အောက်ပါ ရောဂါလက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်…

– ဦးခေါင်းခွံအရိုး ပျော့လာခြင်း

– ငယ်ထိပ် ဖောင်းခြင်း

– အမြင်နှစ်ထပ် ဖြစ်ခြင်း

– မျက်လုံးများ ဖောင်းလာခြင်း

– ကိုယ်အလေးချိန် မတက်လာခြင်း

– မေ့​မြောခြင်း

.

ကိုယ်ဝန်ဆောင် (ဒါမှမဟုတ်) မကြာမီ ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးတွေမှာ ဗီတာမင်အေ အလွန်အကျွံများ​နေခဲ့ရင် သူတို့ရဲ့ကလေးတွေမှာ မွေးရာပါချို့ယွင်းမှုတွေ ဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တစ်နေ့ကို ကိုယ်ဝန်ဆောင်အားဆေး တစ်လုံးထက် ပိုမသောက်ပါနဲ့။ ကိုယ်ဝန်ဆောင်အားဆေးမှာ ဗီတာမင်အေ အလုံအလောက် ပါဝင်ပါတယ်။ ဥပမာအားဖြင့် – သံဓာတ်ကို ပိုလိုအပ်နေတာမျိုးဆိုရင် နေ့စဉ်ကိုယ်ဝန်ဆောင်အားဆေးအပြင် သံဓာတ်အားဆေး ထည့်သောက်လို့ရပါတယ်။ မွေးလာမယ့်ကလေးမှာ ကိုယ်လက်ခန္ဓာချို့ယွင်းမှု ဖြစ်နိုင်ခြေ တိုးလာနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ဗီတာမင်အားဆေးကိုတော့ နှစ်လုံး (ဒါမှမဟုတ်) နှစ်လုံးထက်ပိုပြီး မသောက်သင့်ပါဘူး။

ကိုယ်ဝန်ဆောင်ချိန်မှာ ဗီတာမင်အေ အလွန်ကြွယ်ဝတဲ့ Retinol ပါတဲ့ အရေပြားလိမ်းဆေး cream တွေကိုလည်း မသုံးသင့်ပါဘူး။

မှန်ကန်တဲ့ ဗီတာမင်အေပမာဏဟာ သန္ဓေသားလေး ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဗီတာမင်အေကို လွန်ကဲစွာ စားသုံးလိုက်ရင် ကလေးရဲ့ မျက်လုံး၊ ဦးခေါင်းခွံ၊ အဆုတ်နဲ့ နှလုံးတို့ကို ထိခိုက်စေနိုင်တဲ့ မွေးရာပါချို့ယွင်းချက်တွေ ဖြစ်လာနိုင်စေကြောင်းကိုလည်း သိထားသင့်ပါတယ်။

..

..

◼️ဖြစ်နိုင်ခြေရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ

ဗီတာမင်အေ ပိုလျှံတာရဲ့ ဖြစ်နိုင်ခြေရှိတဲ့ နောက်ဆက်တွဲပြဿနာတွေအနေနဲ့….

– အသည်းပျက်စီးခြင်း

– အရိုးပွရောဂါ (အရိုးများ ကြွပ်ဆတ်၊ အားနည်းလာပြီး ကျိုးလွယ်ခြင်း)

– ခန္ဓာကိုယ်ထဲမှာ ကယ်လ်စီယမ်တွေ အလွန်အကျွံများလာတာ

– ကယ်လ်စီယမ် ပိုလျှံခြင်းကြောင့် ကျောက်ကပ်ပျက်စီးတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

..

..

◼️Hypervitaminosis A ကို ရောဂါရှာဖွေခြင်း

ဗီတာမင်အေ အဆိပ်သင့်မှုကို ရောဂါရှာဖွေဖို့အတွက် ဆရာဝန်က သင့်ရဲ့ရောဂါလက္ခဏာတွေ၊ ဆေးမှတ်တမ်းတွေ၊ အစားအသောက်နဲ့ သောက်နေတဲ့ ဖြည့်စွက်စာတွေအကြောင်းကို ​မေးမြန်းပါလိမ့်မယ်။

သွေးထဲရှိ ဗီတာမင်အေ ပမာဏကိုလည်း စစ်ဆေးဖို့ သွေးစစ်ခိုင်းပါလိမ့်မယ်။

..

..

◼️Hypervitaminosis A ကို ဘယ်လိုကုသလဲ ?

ဗီတာမင်အေ အဆိပ်သင့်မှုကိုကုသဖို့ အထိရောက်ဆုံးနည်းလမ်းကတော့ ဗီတာမင်အေ ပမာဏများတဲ့ ​ဖြည့်စွက်စာတွေနဲ့ ဆေးဝါးတွေသောက်သုံးတာကို ရပ်တန့်ရမှာ ဖြစ်ပါတယ်။ လူအများစုကတော့ ရက်သတ္တပတ်အနည်းငယ်အတွင်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာကြပါတယ်။ ပြန်လည်နာလန်ထူခြင်းဟာ ဗီတာမင်အေ အဆိပ်သင့်ခြင်း ပြင်းထန်မှုနဲ့ ဘယ်​လောက်မြန်မြန် ကုသမှုခံယူသလဲအပေါ် မူတည်ပါတယ်။

ကျောက်ကပ် (ဒါမှမဟုတ်) အသည်းပျက်စီးတာလိုမျိုး ဗီတာမင်အေ ပိုလျှံခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကိုတော့ သီးခြားကုသရမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ဖြည့်စွက်စာတစ်ခုခုကို စတင်မသုံးစွဲမီ (ဒါမှမဟုတ်) အစားအစာကနေ လုံလောက်တဲ့အာဟာရတွေ မရရှိမှာကို စိုးရိမ်နေတယ်ဆိုရင် ဆရာဝန်နဲ့ အရင်ဆုံးဆွေးနွေးပါ။

ဒါ့​အပြင် သင်ဟာ အထက်ဖော်ပြပါ hypervitaminosis A ရဲ့လက္ခဏာတွေ ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပဲ ပြသရပါမယ်။ ။

Reference: ????

https: //www. healthline. com/health/hypervitaminosis-a

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here