အခုလို အပူချိန်လွန်ကဲတဲ့ နွေရာသီမှာ ကလေးကအစ သက်ကြီးရွယ်အိုတွေအထိ အပူချိန်နဲ့ပတ်သက်တဲ့ ကျန်းမားရေးပြဿနာတွေကို ဆိုးဆိုးရွားရွား ခံစားရတတ်ပါတယ်။ လျှပ်စစ်မီးတွေက မမှန်ရတဲ့ကြားထဲ ကျန်းမာရေးပြဿနာတွေကပါ ဆင့်ကဲပိုမိုခံစားရတဲ့အချိန် မိမိကျန်းမာရေးကို မိမိကိုယ်တိုင် ဂရုစိုက်ကြဖို့ အထူးလိုအပ်ပါတယ်။

အပူချိန်လွန်ကဲတာကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေထဲကမှ နွေရာသီနဲ့ ဘယ်လိုမှ ခွဲခြားလို့မရတဲ့ မိတ်ရောဂါအကြောင်းကို ပြောပြသွားပါမယ်။

နွေရာသီနဲ့ မိတ်ပေါက်တာ၊ မိတ်ပေါက်တာနဲ့ နွေရာသီဆိုတာ မြန်မာလူမျိုးတွေအတွက်တော့ ဘယ်လိုမှ ခွဲလို့မရတဲ့ မကြုံချင်ရဆုံး ရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။ ကလေးငယ်လေးတွေမှာ အများဆုံးပေါက်တတ်ကြပေမယ့် လူကြီးတွေမှာလည်း ဖြစ်တတ်တာကို သတိထားရပါမယ်။

..

..

◼️ဘာကြောင့် မိတ်ပေါက်ရသလဲဆိုရင်…

အပူချိန်လွန်ကဲတဲ့အတွက် အရေပြားထဲမှာ ချွေးတွေသွားစုနေ၊ ပိတ်နေရာကနေ မိတ်ဖုတွေအဖြစ် ထွက်လာရတာ ဖြစ်ပါတယ်။ လက္ခဏာတွေကတော့ သေးငယ်တဲ့ ‌ရည်ကြည်ဖုလေးတွေကနေ ရောင်ရမ်းနေတဲ့အဖုကြီးတွေအဖြစ် ပုံစံမျိုးစုံ ရှိတတ်ပါတယ်။ ချွေးထွက်ရမယ့်အစား မထွက်ဘဲနဲ့ ချွေးတွေက အရေပြားထဲမှာ စုနေတာကြောင့် ယားယံတာ၊ အဖုတွေအများကြီး ထွက်လာတာ ဖြစ်ပါတယ်။

အရေပြားက အေးသွားတဲ့အချိန် အပူချိန်ကျသွားတဲ့အခါမှာတော့ အဲ့ဒီမိတ်ဖုတွေက ပျောက်သွားတတ်ပါတယ်။

လူကြီးတွေမှာတော့ အဝတ်အစားတွေ ပွတ်တိုက်မိတဲ့နေရာတွေမှာ မိတ်ဖုတွေ ထွက်တတ်လေ့ရှိပါတယ်။ မိတ်ဖုတွေက ယားယံတတ်ပြီးတော့ တစ်ခါတလေ ခပ်စူးစူး ခံစားရတတ်ပါတယ်။ ပြီးရင် အဲ့ဒီအဖုလေးတွေရှိတဲ့နေရာတွေမှာ ရောင်ရမ်းနေတတ်ပါတယ်။ ကလေးငယ်လေးတွေမှာဆိုရင်တော့ မိတ်ဖုတွေကို အဓိကအားဖြင့် လည်ပင်း၊ ပုခုံး၊ ရင်ဘတ်နဲ့ နောက်ကျောတွေမှာ တွေ့ရတာများပါတယ်။ ချိုင်းကြား၊ ပေါင်ခြံနဲ့ လက်မောင်းတို့မှာလည်း မိတ်ထွက်တတ်ပါသေးတယ်။

..

..

◼️အဲ့ဒီ မိတ်ဖုတွေကို အမျိုးအစား ခွဲခြားလို့ ရပါတယ်။

– အပျော့ဆုံးနဲ့ မပြင်းထန်ဆုံး အမျိုးအစားကတော့ milia လို့ ခေါ်ပါတယ်။ အရေပြားမျက်နှာပြင်ပေါ်ကို ပွင့်တဲ့ ချွေးပေါက်လေးတွေ ပိတ်သွားတဲ့အခါ ပေါက်တတ်တဲ့ မိတ်အအမျိုးအစား ဖြစ်ပါတယ်။ အဲ့ဒီအမျိုးအစားမှာဆိုရင်တော့ ရေကြည်ဖုလေးလိုမျိုး တွေ့ရတတ်ပြီး ပေါက်လွယ်ပါတယ်။

– ဒီထက်ပိုပြီး အ‌ရေပြားထဲကို နက်နက်ပိုပေါက်တဲ့ အမျိုးအစား ရှိပါသေးတယ်။ အဲ့ဒီအမျိုးအစားမှာဆိုရင်တော့ မိတ်ဖုတွေက ရောင်ရမ်းနေတတ်ပြီး မိတ်ထွက်တဲ့နေရာတွေမှာ ယားယံတာ၊ ခပ်စူးစူးကျဥ်ကျဥ် ခံစားရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

– နောက်တစ်ခုကတော့ မိတ်ဖုလေးတွေက ရောင်ရမ်းရာကနေတစ်ဆင့် ပြည်တည်သွားတဲ့အထိဖြစ်နိုင်ပါတယ်။

– သိပ်ဖြစ်လေ့ဖြစ်ထမရှိတဲ့ နောက်အမျိုးအစားတစ်ခုကတော့ အရေပြားအတွင်းဆုံးလွှာတွေထဲအထိ ပေါက်တတ်တဲ့ မိတ်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီလိုအခါမှာတော့ အရေပြားက ယားယံရုံတင်မကဘဲ နာကျင်ပြီးတော့ အရေပြားမှာပေါက်ထွက်တတ်တဲ့ အဖုအလုံးကြီးတွေအထိ ဖြစ်နိုင်ပါတယ်။

..

..

◼️ဘယ်သူတွေမှာ မိတ်ထွက်တတ်လဲ ?

– မွေးကင်းစကလေးတွေမှာ ချွေးထုတ်ပေးတဲ့ပြွန်လေးတွေနဲ့ ချွေးပေါက်လေးတွေက လူကြီးတွေလောက် ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့အတွက် မိတ်ပေါက်တတ်လေ့ရှိပါတယ်။

– ပူအိုက်ပြီး စိုစွတ်တဲ့နေရာဒေသမှာ နေတဲ့သူတွေမှာလည်း မိတ်ပေါက်တာများပါတယ်။ အပူချိန်လွန်ကဲ့နွေရာသီကြောင့် မြန်မာနိုင်ငံနဲ့ နွေရာသီမိတ်ပေါက်တာက ခွဲခြားလို့မရတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။

– အပူချိန်လွန်ကဲတဲ့အချိန်မှာ ပြင်းပြင်းထန်ထန် လှုပ်ရှားအလုပ်လုပ်ရတဲ့သူတွေ

– ဒါ့အပြင် အိပ်ရာမှာ အကြာကြီးနားနေရပြီး ဖျားနေတဲ့သူတွေမှာလည်း မိတ်ထွက်လေ့ရှိပါတယ်။

မိတ်ဖုတွေကတော့ အမာရွတ်မကျန်ဘဲ အလိုလို ပျောက်ကင်းသွားလေ့ရှိပါတယ်။ ဂရုမစိုက်ဘဲ ထားမယ်ဆိုရင်တော့ ပိုးဝင်ပြီး ရောင်ရမ်းတတ်တာကို သတိပြုရပါမယ်။

..

..

◼️မိတ်ဖုထွက်နေတယ်ဆိုရင်..

– ရေအေးဝတ်တင်တာ၊ ရေအေးနဲ့ရေချိုးတာတွေ လုပ်ပေးလို့ရပါတယ်။

– နေပူထဲထွက်တာမျိုး၊ အပူနဲ့ထိတွေ့ရမှာတွေကို တတ်နိုင်သလောက် ရှောင်ကြဥ်ပေးပါ။

– အဆီပါတဲ့ အလှကုန်ပစ္စည်းတွေ သုံးတာရှောင်သင့်ပါတယ်။ ဘာလို့ဆို ချွေးပေါက်တွေ ပိုပိတ်နိုင်တဲ့အတွက်ကြောင့်ပါ။

– Calamine lotion လိမ်းပေးလို့ ရပါတယ်။ anhydrous lanolin လို့ခေါ်တဲ့ ရေဓာတ်ဖြည့်ပေးတဲ့ ခရင်မ်တွေ လိမ်းပေးနိုင်ပါတယ်။

– ယားယံတာမျိုးအတွက် ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့အညီ antihistamine လို့ခေါ်တဲ့ဆေး သောက်နိုင်ပါတယ်။

..

..

◼️မိတ်ဖုတွေမထွက်အောင် ဘယ်လို ကာကွယ်ကြမလဲ ?

– အတတ်နိုင်ဆုံး ပါးလွှာပြီး အေးတဲ့၊ ချောင်ချိတဲ့၊ ပေါ့ပေါ့ပါးပါးဖြစ်မယ့် အဝတ်တွေ ဝတ်ဆင်ပါ။ ကလေးတွေကိုလည်း အနှီးတွေအများကြီးနဲ့ ထုပ်ထားတာ၊ ပတ်ထားတာမျိုးတွေ မလုပ်ပါနဲ့။

– နေရိပ်ထဲ၊ aircon ခန်းထဲ နေပါ။ နေပူထဲ အလုပ်လုပ်နေရတဲ့သူတွေအတွက်လည်း ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားပြီး အလုပ်လုပ်တာမျိုးတွေ ‌ရှောင်ပါ။

– ကိုယ်အိပ်တဲ့ မွေ့ရာ၊ ခုတင်ကို အေးမြပြီး လေဝင်လေထွက်ကောင်းအောင် ထားပါ။

မိတ်ဖုတွေက တဖြည်းဖြည်းနဲ့ ကြီးလာမယ်။ နီရဲ နာကျင်လာမယ်။ ရောင်ရမ်းလာမယ်ဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒီလောက်ဆိုရင် နွေရာသီမှာ စိတ်ညစ်စရာကောင်းလောက်အောင် ထွက်တတ်တဲ့ မိတ်အကြောင်း ဗဟုသုတရလောက်ပြီမို့ မိတ်ထွက်တိုင်းမပေါ့ဆကြဘဲ ဂရုတစိုက်နေထိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Reference – https: //www. mayoclinic. org/diseases-conditions/heat-rash/symptoms-causes/syc-20373276

https: //www. mayoclinic. org/diseases-conditions/heat-rash/diagnosis-treatment/drc-20373282

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here