ဆီးအိမ်ကင်ဆာ(ခေါ်) Bladder cancer ဟာ အဖြစ်အများဆုံး ကင်ဆာစာရင်းရဲ့ နံပါတ် (၇) မှာ ရှိနေပါတယ်။

အသက် (၅၀) အောက်မှာ ဖြစ်တာနည်းပေမယ့် အသက် (၇၀) နဲ့အထက် အထူးသဖြင့် အမျိုးသားတွေမှာ အများဆုံး ဖြစ်ပါတယ်။

ဆီးအိမ်ကင်ဆာဖြစ်နေတဲ့ လူနာတွေရဲ့ (၈၀) ရာခိုင်နှုန်းကျော်ဟာ ဆီးထဲသွေးပါတာ (haematuria) ဖြစ်တတ်ပါတယ်။ ကင်ဆာအများစုက ဆီးအိမ်ရဲ့ အတွင်း မျက်နှာပြင်မှာရှိတဲ့ ဆဲလ် (transitional cells)မှာ စဖြစ်တာပါ။

ဆေးလိပ်သောက်ခြင်းဟာ ဆီးအိမ်ကင်ဆာနဲ့ ဆက်စပ်နေတဲ့ အရေးကြီးဆုံးအချက်တစ်ချက် ဖြစ်ပါတယ်။

..

..

???? ဘယ်လို ရောဂါလက္ခဏာတွေ ခံစားရလဲ ?

– ဆီးထဲ သွေးပါတာ (သွေးထွက်တဲ့အခါ နာကျင်မှုမရှိတာ များပါတယ်)

– ဆီးခဏခဏသွားတာ၊ ရုတ်တရက် ဆီးအရမ်းသွားချင်တာ၊ ညအခါ ဆီးခဏခဏ သွားရတာ

– ဆီးသွားအပြီး ဆီးကျန်တယ်လို့ခံစားရတာ

– ဆီးသွားတဲ့အခါ သက်သောင့်သက်သာ မရှိတာ၊ ဆီးကျဥ်တာတွေ ဖြစ်တတ်ပါတယ်။

..

..

???? ဘယ်အရာတွေက ဆီးအိမ်ကင်ဆာဖြစ်နိုင်ခြေ များစေလဲ ?

• ဆေးလိပ်သောက်တာ (ဆေးလိပ်မသောက်တဲ့သူတွေထက် ၄ ဆ ပိုဖြစ်နိုင်ခြေ များပါတယ်။)

• အသက်ကြီးလာတာ

• လုပ်ငန်းခွင်မှာ ဓာတုပစ္စည်းတွေနဲ့ ရေရှည်ထိတွေ့ရတဲ့အခါ ( ဥပမာ – ကတ္တရာစေး၊ ရာဘာ၊ အထည်အလိပ်၊ အလူမီနီယံနဲ့ ဆိုးဆေးလုပ်ငန်းတွေနဲ့ ဆက်စပ်မှု ရှိတတ်ပါတယ် )

• ဆီးအိမ် ခဏခဏ ရောင်တာ (ဒါမှမဟုတ်) နာတာရှည် ဆီးအိမ်ရောဂါရှိတာ

• ခရုမှာရှိတဲ့ ကပ်ပါးတစ်မျိုးကြောင့် ဖြစ်တဲ့ bladder schistosomiasis ကြောင့်ဖြစ်တာ (မြန်မာနိုင်ငံမှာတော့ ရခိုင်ဒေသလို ကမ်းခြေတွေမှာတွေ့ရတတ်ပါတယ်) (အပူပိုင်းဒေသနိုင်ငံတွေမှာ တွေ့ရတတ်ပါတယ်)

• တင်ပါးအနီးတစ်ဝိုက် တခြားကင်ဆာတွေအတွက် ဓာတ်ရောင်ခြည်ကုထုံး (radiotherapy)နဲ့ ကင်ဆာဆေးသွင်းကုထုံး (chemotherapy) ယူဖူးတာ

• မိသားစုမှာ ဆီးအိမ်ကင်ဆာဖြစ်ဖူးသူ ရှိရင်

• ကလိုရင်းခပ်ထားတဲ့ရေကို ရေရှည်သုံးစွဲတာ

• လိင်အင်္ဂါနေရာမှာ ရနံ့မွှေးတဲ့ ပေါင်ဒါ၊ တခြားတစ်ကိုယ်ရေသန့်စင်ဖို့ (propylene glycol) ပါဝင်တဲ့ ပစ္စည်းတွေ သုံးတာ…..

(သီအိုရီအရသာဖြစ်ပြီး သက်သေမပြနိုင်သေးပါ။)

..

..

???? ဆီးအိမ်ကင်ဆာ ဖြစ်နေတာကို ဘယ်လို သိနိုင်မလဲ?

အဓိက စမ်းသပ်မှု (၂) မျိုး ရှိပါတယ်။

– ဆီးစစ်တာ

(သီးခြား ဆီးနမူနာ သုံးခုကို ကင်ဆာဆဲလ်တွေ ရှာဖို့ဓာတ်ခွဲခန်းကို ပို့ရပါတယ်။)

– ဆီးလမ်းကြောင်းကြည့်မှန်ပြောင်း(cystoscope)ကို ဆီးလမ်းကြောင်းမှ ဆီးအိမ်ထဲ ထည့်ပြီး ဆီးအိမ်အတွင်းမျက်နှာပြင်ကို စစ်ဆေးကြည့်ရပါတယ်။

ပုံမှန်မဟုတ်တဲ့ တစ်ရှူးတွေ့ရင် နမူနာယူပြီးအနုကြည့်မှန်ပြောင်း(microscope ) နဲ့ စစ်ဆေးရပါတယ်။

.

ဆီးလမ်းကြောင်းမှာ ကင်ဆာပြန့်တာ ရှိ၊မရှိ သိဖို့ နောက်ထပ် ဓာတ်မှန်တွေ၊ လိုအပ်တဲ့စစ်ဆေးတာတွေလည်း လုပ်ရပါတယ်။

..

..

???? ဆီးအိမ်ကင်ဆာကို ဘယ်လို ကုမလဲ?

ဆီးအိမ်ကင်ဆာ နှစ်မျိုး ဖြစ်နိုင်ပါတယ်။

– ပျောက်အောင်ကုလို့ရတဲ့ စောစောသိတဲ့ အပေါ်ယံပဲ ဖြစ်သေးတဲ့ ဆီးအိမ်ကင်ဆာ

– အသိနောက်ကျတတ်ပြီး အတွင်းထိ ပျံ့နှံ့သွားတဲ့ ပိုမိုပြင်းထန်တဲ့ ဆီးအိမ်ကင်ဆာတို့ ဖြစ်ပါတယ်။

..

..

???? စောစောသိတဲ့ ဆီးအိမ် အပေါ်ယံလွှာကင်ဆာ

ဆီးအိမ်ကင်ဆာ အတော်များများဟာ အပေါ်ယံ (မျက်နှာပြင်ရှိ ဆဲလ်တွေမှာပဲ) ဖြစ်တတ်ပါတယ်။

ဒီကင်ဆာရဲ့ပုံစံက သေးငယ်တဲ့ မှိုလို အတက်လေးတွေဖြစ်ပြီး ဆီးအိမ်မှန်ပြောင်း (cystoscopy) ကြည့်ရင်း ကင်ဆာဆဲလ်တွေကို တခါတည်း ဖျက်ချပြီး အဲ့နေရာကို ဓာတ်အပ်စိုက် (TURBT – brachytherapy)ပြီး ရောဂါပျောက်ကင်းစေပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ရောဂါပြန်ဖြစ်လာတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် နောက်ဆက်တွဲ ဆေးပုံမှန်စစ်ဖို့ လိုအပ်ပါတယ်။

ပြန်ဖြစ်တတ်တဲ့ ဆီးအိမ်ကင်ဆာနဲ့ အပေါ်ယံဆီးအိမ်ကင်ဆာနောက်တစ်မျိုး (carcinoma in situ) အတွက် ခုခံအားကုထုံး (immunotherapy) (ခေါ်) ကိုယ်ခံအားကို လှုံ့ဆော်ပြီးကုသရတဲ့ကုထုံး ( Biological therapy) နဲ့ကုသတာဟာ ပိုထိရောက်ပါတယ်။ များသောအားဖြင့် (၆) ပတ်အထိ ကုသမှုခံယူရတတ်ပြီး ခုခံအားကုထုံး ( Bacillus Calmette-Guerin(BCG) vaccine immunotherapy) နဲ့ အများဆုံးကုသပေးကြပါတယ်။

ကင်ဆာဆေးသွင်းကုထုံး (chemotherapy) နဲ့လည်း ကုသလို့ရပါတယ်။ နောက်ဆက်တွဲစစ်ဆေးမှုတွေ ပုံမှန် လုပ်ဖို့တော့ လိုပါတယ်။

ဆေးကုသပြီးတဲ့အခါ အပေါ်ယံဆီးအိမ်ကင်ဆာဖြစ်တဲ့ သူတွေရဲ့ (၇၅) ရာခိုင်နှုန်းဟာ နောက် ၅ နှစ်ထိ အသက်ရှင်နေထိုင်နိုင်တယ် လို့ ဆိုကြပါတယ်။ (5-year survival rate- 75%)

..

..

???? အတွင်းထိပျံ့နှံ့တဲ့ ဆီးအိမ်ကင်ဆာ

ကင်ဆာဆေးသွင်းကုထုံး (chemotherapy)၊ ဓာတ်ရောင်ခြည်ကုထုံး (radiotherapy) နဲ့ ခွဲစိတ်တာ (surgery) တွေပေါင်းပြီး ကုသရတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။

ကင်ဆာဆဲလ်ပျံ့နှံ့နေတဲ့ ဆီးအိမ် တစ်စိတ်တစ်ပိုင်း (ဒါမှမဟုတ်) ဆီးအိမ်တစ်ခုလုံး ခွဲထုတ်လိုက်ရတတ်ပါတယ်။

ဆီးအိမ်တစ်စိတ်တစ်ပိုင်း ဖြတ်ထုတ်လိုက်တဲ့ ခွဲစိတ်ကုသမှုကုထုံး (Partial Cystectomy) မှာ လူနာဟာ ပုံမှန်ဆီးသွားနိုင်ပေမယ့် ခဏခဏ ဆီးသွားရတတ်ပါတယ်။

ဆီးအိမ်တစ်ခုလုံးဖြတ်ထုတ်ကုသရတဲ့ကုထုံး (Radical Cystectomy) မှာဆိုရင်တော့ လူနာရဲ့ဆီးပို့ပြွန်(ureter)ကို ဖြတ်ထားတဲ့ အူသိမ်တစ်စိတ်တစ်ပိုင်းနဲ့ဆက်ပြီး ဝမ်းဗိုက်နံရံမှာ အပေါက်ဖောက်ပြီး အပြင်ဖက်ကို ချိတ်ဆက်ပေးထားရပါတယ်။ ဆီးအိတ်တစ်ခုနဲ့ ဆီး ခံပြီး ပုံမှန် လဲလှယ်ပေးဖို့ လိုပါလိမ့်မယ်။ ဗိုက်ကနေ ဆီးသွားရမှာပါ။

???? ဆီးအိမ်ကင်ဆာကို ဘယ်လို ကာကွယ်မလဲ ?

???? ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှုပုံစံကို ရွေးချယ်ပါ။

???? ဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေ စားပါ။ အာဟာရဓာတ်မျိုးစုံရအောင် စားပါ။

???? ရေများများ သောက်ပါ။ ( တစ်နေ့ အနည်းဆုံး ဖန်ခွက် (၈) ခွက် ၊ ရေ (၂) လီတာခန့် သောက်ပါ )

???? အလုပ်ချိန်နဲ့ အနားယူချိန် မျှမျှတတ ထားပါ။

???? ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ကို ဖြတ်ဖို့ကြိုးစားပါ။

???? ကော်ဖီ လျှော့သောက်ပါ။

Reference: ????

Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.233

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here