Dr. Olivia’s တော်လှန်ရေးအတွေ့အကြုံနှင့်သံဓိဋ္ဌာန်

0
242

ကျွန်မက CDM ဆရာဝန်တစ်ယောက်ပါ။ တယ်လီကျန်းမာမှာ ကူညီပေးနေတဲ့ ဆရာဝန်တစ်ဦးဆိုရင်လည်း မမှားပါဘူး။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ရက်နေ့မှာ နိုင်ငံရေးအကြောင်း ဘာမှသိပ်မသိတဲ့ ကျွန်မ CDM စလုပ်ခဲ့တယ်။ ဆေးရုံကနေ CDM လုပ်ပြီး ထွက်ချလာလိုက်ကထဲက ရည်ရွယ်ချက်က တစ်ခုထဲပဲရှိတာ။ စစ်ကောင်စီနဲ့ တစ်သက်လုံး အဆက်အဆံမလုပ်ဘဲ စစ်ခွေးတွေကို နိုင်အောင် ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တာလေ။

ဒီလိုနဲ့ တော်လှန်ရေးစစချင်းမှာ ဆေးအဖွဲ့တွေနဲ့ ချိတ်ဆက်ခဲ့ပြီး ဆန္ဒဖော်ထုတ်နေတဲ့ပြည်သူတွေအတွက် မြေပြင်ဆေးကုသတာတွေ ကူညီလုပ်ဆောင်ခဲ့တယ်။

မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်တွေသုံးပြီး ဆန္ဒပြပြည်သူတွေကို ဖြိုခွဲနေတဲ့ ကာလတုန်းက ကျွန်မနဲ့ ဆရာတစ်ယောက်ပဲကျန်ခဲ့တဲ့ မြေပြင်ဆေးခန်းကို စစ်ခွေးအုပ်စုရောက်လာပြီး မောက်မာတဲ့လေသံတွေနဲ့ ကျွန်မတို့ကို သေနတ်နဲ့ချိန်တဲ့သူကချိန် ၊ Video ရိုက်တဲ့သူကရိုက်ပေါ့။

မုန်းလွန်းလို့ မျက်ထောင့်နီကြီးနဲ့ သူတို့ရဲ့ Video ကင်မရာကို စိုက်ကြည့်နေခဲ့ရတာကလွဲလို့ ဖမ်းမိလာတဲ့ဆန္ဒပြပြည်သူတွေကို ရိုက်နှက်ပြီး ဒဏ်ရာရတဲ့သူတွေတစ်ယောက်ပြီးတစ်ယောက် ကိုယ့်ရှေ့ဆွဲခေါ်သွားတာကို ဘာမှ မလုပ်ပေးလိုက်နိုင်တော့ ခံပြင်းဒေါသစိတ်နဲ့ မျက်ရည်ကျခဲ့ရတယ်။

ဟိုနေ့ကတယ်လီကျန်းမာရဲ့ စာတစ်ခုမှာရေးထားသလို တစ်လကျော်လောက် စိတ်ထဲ အပြစ်ရှိသလိုခံစားခဲ့ရတာ …ဆေးပညာအရဆို Post Traumatic stress disorder ပေါ့…

ခုချိန်မှာတော့ ကိုယ့်ဘက်က လုပ်ပေးနိုင်တာ အစွမ်းကုန်လုပ်ပေးမယ် ဆိုတဲ့စိတ်တစ်ခုနဲ့ ဒဏ်ရာတွေကို ဖြေဖျောက်ခဲ့တယ်။

ဆက်ပြောရရင် … တော်လှန်ရေးကာလမှာ ကျွန်မတို့ဆေးအဖွဲ့တွေရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။ ဒဏ်ရာရပြည်သူတွေကို ဆေးကုပေးမယ်ဆိုတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ပဲ ရှိပါတယ်။ ဒါပေမယ့် စစ်ခွေးတွေက ကျွန်မတို့ကို ငြိမ်းငြိမ်းချမ်းချမ်းလုပ်ခွင့်မပေးခဲ့ဘူး။ နောက်ပိုင်း စစ်ခွေးတွေရဲ့ အကြမ်းဖက်ဖြိုခွဲတာတွေ ဆိုးဝါးလာတဲ့အခါမှာတော့ ကျွန်မတို့ မြေပြင်ဆေးအဖွဲ့တွေကိုလည်း အလွတ်မပေးတော့ပါဘူး။

ဒီလိုနဲ့ပဲ ဟိုပြောင်းဒီပြောင်း ပြေးရင်းလွှားရင်း လုပ်ရင်း တစ်ရက်တော့ ကျွန်မတို့ ဆေးအဖွဲ့စခန်းချရာနေရာတစ်ခုကို စစ်ခွေးတွေ လက်နက်အပြည့်အစုံနဲ့ ဝင်စီးပါတော့တယ်။ ကျွန်မတို့ရဲ့ senior ၊ junior တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဖမ်းခေါ်သွားပြီး တစ်ချို့ဆိုခုထိ ထောင်ထဲမှာ အကျဉ်းချခံနေရတုန်းပေါ့။

စစ်ခွေးတွေကလေ ကျွန်မတို့ပညာတတ်တွေကိုဆို ပိုလို့ကို ဒုက္ခပေးချင်နေတာ။ သူတို့ထက် အစစအရာရာ သာလွန်နေလို့လေ။

ဒီလိုနဲ့ပဲ ကျွန်မရဲ့တော်လှန်ချင်စိတ်၊ မခံချင်စိတ်တွေက ကျွန်မကိုတွန်းအားပေးတော့ မြို့ပြတော်လှန်ရေးသူရဲကောင်းတွေအတွက် လျှို့ဝှက်ဆေးကုတဲ့နေရာနဲ့ ပြည်သူ့ကျန်းမာရေးကို ပထမတန်းတင်တဲ့ တော်လှန်ကျန်းမာမှာ နိုင်တဲ့တာဝန်ထမ်းရင်း တော်လှန်ရေးမှာ ဆက်လက်ပါဝင်ခဲ့ပြန်တာပေါ့။

စစ်ကောင်စီအာဏာသိမ်းပြီး ၆ လ လောက်အကြာမှာ သူတို့ရဲ့ တလွဲစီမံမှုတွေနဲ့ ကျန်းမာရေးယန္တရားကြီးတစ်ခုလုံးရပ်လုနီးနီး ကသောင်းကနင်းဖြစ်နေတုန်း ကိုဗစ်တတိယလှိုင်းစပါတော့တယ်။

ပြည်သူ့အစိုးရခေတ်ကလို မြန်ဆန်စိတ်ချရတဲ့ ကြည့်ရှုစောင့်ရှောက်ကုသမှုတွေ မပေးနိုင်တော့တဲ့အပြင် ဆေးရုံတွေမှာ ဆေးဝါးနဲ့ကာကွယ်ရေးပစ္စည်းတွေသာမက အောက်စီဂျင်ပါ မလုံလောက်တော့တဲ့ထိ ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွားနေခဲ့ပါတယ်။

ဆေးဝါးတင်သွင်းတာတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးပြီး အောက်စီဂျင်ဖြည့်ပေးတဲ့နေရာတွေကို ပိတ်သိမ်းတာ၊ စစ်ကောင်စီက သူတို့ရဲ့မိသားစုတွေအတွက် ကြားဖြတ်လုယူတာတွေထိပါ လူမဆန်စွာယုတ်မာခဲ့ကြပါတယ်။ ပြည်သူတွေမှာ ဆေးနဲ့ ကာကွယ်ရေးပစ္စည်းတွေကို အဆမတန်ဈေးတွေပေးပြီး မတတ်နိုင်တဲ့အဆုံး အသက်တွေစတေးခဲ့ရတဲ့အထိ သောကပင်လယ်ရောက်ခဲ့ကြရပါတယ်။

ပြည်သူတွေကတော့ “ငါတို့မှာ ငါတို့ပဲရှိတယ်” ဆိုတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက် ဖေးမလက်တွဲ ကူညီကြတယ်။ အိမ်တွေမှာပဲ တတ်နိုင်သလောက် လူနာကို ပြုစုကြတယ်။

ဒီတော့ အဆုတ်မကောင်းတဲ့ ပန်းနာရင်ကြပ်သည် ကျွန်မလည်း မနေနိုင်ပါဘူး။ မိသားစုနဲ့ သူငယ်ချင်းတွေ တားနေတဲ့ကြားကပဲ ပြည်သူ့အတွက်ရပ်တည်မယ့် ဆရာဝန်၊ဆရာမတွေနဲ့အတူ ကျွန်မတို့ကို လိုအပ်အားကိုးနေတဲ့ပြည်သူတွေဆီ နည်းလမ်းမျိုးစုံနဲ့ မြေပြင်ဆင်း ဆေးကုရပါတော့တယ်။

မိုးလင်းမိုးချုပ် တစ်အိမ်တက်ဆင်း ဆေးကုရင်း လူနာသာလျှင်ပထမ လူနာသာလျှင်ဘဝဆိုတဲ့စိတ်နဲ့ တစ်နေ့ ဘယ်နှစ်ယောက်လောက် ကြည့်ခဲ့ရမှန်းတောင်မမှတ်မိတော့ပါဘူး။ ကင်ဆာနောက်ဆုံးအဆင့်နဲ့ အဖိုး၊ အမေဖြစ်သူအတွက် အောက်စီဂျင်အိုးရဖို့ အထပ်မြင့် ၈ လွှာကို နေ့စဉ်ထမ်းတင်ခဲ့ရတဲ့ ၁၆ နှစ်အရွယ် သားလိမ္မာလေး၊ ဆီးချိုတွေအရမ်းတက်ပြီး ရောဂါဆိုးလို့ မိသားစုကဆေးရုံတက်ဖို့ပြောတာကို စစ်ကောင်စီလက်ဝေခံတွေ ဆေးကုပေးတာမလိုချင်လို့ပါဆိုပြီး ဆေးရုံတက်ဖို့ငြင်းဆန်တဲ့ အန်တီကြီး….အမှတ်ရမိတာလေးတွေပါ။

.

.

အရင်ကဆို လူနာတွေ ဆရာဝန်မှာတာ နားမထောင်ရင် အားကြီးဆူတဲ့ကျွန်မ…

Covid တတိယလှိုင်းမှာတော့ သူတို့ရဲ့ တော်လှန်ရေးနဲ့ပတ်သတ်တဲ့ ခံယူချက်တွေက ကျွန်မကို လူနာတွေလိုအပ်တာတွေဖြည့်ပေးဖို့ တစ်ခုပဲ ခေါင်းထဲအတွေးဝင်စေခဲ့တယ်…

တစ်အိမ်တက်ဆင်းဆေးကုတိုင်း ကျွန်မတောင်းတဲ့ဆုက ကျွန်မကုတဲ့လူနာတွေ အသက်ရှည်ကျန်းမာပါစေပေါ့။

..

..

ထူးဆန်းတာတစ်ခု ပြောရရင် ကျွန်မ အမေစုလက်ထက်က Covid ကာကွယ်ဆေးတစ်ကြိမ်ပဲထိုးဖူးတာ… ဒါပေမယ့် လူနာတွေရဲ့ မေတ္တာတရားကြောင့် ထင်ပါတယ် …ကျွန်မ ဒီစာရေးနေတဲ့ ခုချိန်ထိ Covid တစ်ခါမှ မဖြစ်ဖူးသေးဘူး…

စကားဆက်ရရင် မြေပြင်ဆင်းရတာ အားမရတဲ့ ကျွန်မဆိုသည်မှာလည်း အားတဲ့အချိန်လေးတွေကို Online ကနေလည်း အခမဲ့ ဆေးကုဖို့ တယ်လီကျန်းမာ နဲ့ ချိတ်ပြီး ဆေးကုပြန်ရောပေါ့…

တကယ်တမ်းဝန်ခံရရင် အာဏာသိမ်းပြီးထဲက လူနာတွေနဲ့ခုလိုတစ်ရင်းတစ်နှီး စကားတွေပြော ဆေးမကုရတာ ကြာပြီလေ… ပြေးရင်းလွှားရင်း ခိုးချောင်ခိုးဝှက်ပဲ ဆေးကုနေခဲ့ရတာဆိုတော့ အဲ့ချိန်က ကျွန်မအတွက် အားသစ်ပြန်ဖြည့်ပေးတဲ့ အချိန်တွေပါပဲ…

ဘယ်လိုပဲပြောပြော ကျွန်မရဲ့ရပ်တည်မှုကရှင်းပါတယ် ။ စစ်ခွေးတွေနဲ့ သူ့မိသားစုဆေးမကုဘူး။

မှတ်မှတ်ရရ မြေပြင်မှာ ဆေးလိုက်ကုပေးနေတုန်းက ရောက်သွားပြီးမှ အငြိမ်းစားစစ်ခွေးမှန်းသိခဲ့ရတဲ့ လူနာတစ်ယောက်အိမ်ရှိခဲ့တယ်…

ဆေးမကုရသေးဘူး ကျွန်မကို ” ဆရာဝန်တွေ၊ သူနာပြုတွေ CDM လုပ်လို့ ဒီလိုတွေဖြစ်ရတာ” ပါတဲ့။ ကျွန်မကတော့ သူ့မျက်လုံးကိုစေ့စေ့ကြည့်ပြီး ပြန်ပြောခဲ့တယ်။ ” CDM လုပ်တယ်ဆိုတာ စစ်ကျွန်မခံချင်လို့ အမှန်တရားဘက်က တော်လှန်တာ။ ဘကြီး စစ်ဆေးရုံတက်လိုက်ရင် ပိုအဆင်ပြေမယ်ထင်တယ်” လို့ပြောပြီး ကျွန်မပြန်ခဲ့တယ်။ ဆရာဝန်ကျင့်ဝတ်အရ Doctor – Patient relationship မစရသေးရင် ဒီလူနာအတွက် ကျွန်မ တာဝန်ယူစရာမလိုဘူး…

အဲ့ဒီလိုကြုံတွေ့ခဲ့ရတဲ့ အရွေ့တွန်းအားတွေနဲ့အတူ ကျွန်မဆေးခန်းထိုင်တဲ့ ဆေးခန်းလေး “တယ်လီကျန်းမာ” ကလည်း အောင်မြင်ဆိုတော့ ကျွန်မ CDM လုပ်ရကျိုးနပ်လိုက်တာလို့ ဂုဏ်ယူမိတာပေါ့။ NUG ရဲ့ကျန်းမာရေးဝန်ကြီးဌာနဘက်ကလည်း ပြည်သူလူထုကို အိမ်မှာပြုစုကုသတဲ့ နည်းလမ်းတွေ အချိန်နဲ့ တပြေးညီ ထုတ်ပြန်ခဲ့တယ်။

တယ်လီကျန်းမာမှာ အားကိုးတကြီး လာပြကြတဲ့ လူနာတွေ များလွန်းလို့ ဆရာဝန်၊ဆရာမတွေရော ၊ စေတနာ့ဝန်ထမ်းတွေရော နေ့မအား၊ ညမအား အစွမ်းကုန် ဆေးကုပေးခဲ့ကြပါတယ်။ ကျွန်မတို့ CDM တွေဟာ ပြည်သူတွေကို ပစ်မထားဘူးဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။

ပြည်သူ့အစိုးရရဲ့ နွေးထွေးတဲ့ပြုစုကုသမှုတွေ ဆိတ်သုန်းသွားပေမယ့် တတ်နိုင်သလောက် အစားထိုးနိုင်ဖို့ရာ တယ်လီကျန်းမာနဲ့အတူတူ ကျွန်မတို့အားလုံး အစွမ်းကုန်ကြိုးစားခဲ့ကြတယ်။ ဒီနေ့ထိ တယ်လီကျန်းမာဟာ ပြည်သူတွေရဲ့ ရောဂါတွေ ၊ စိတ်ကျန်းမာရေးတွေကို သက်သာနိုင်ဖို့ တတ်စွမ်းသလောက် ကုစားပေးနေဆဲပါ။

စစ်ကောင်စီကြောင့် လဲပြိုသွားတဲ့ ကျန်းမာရေး ထောက်တိုင်တွေကို ပြန်တည့်မတ်ဖို့ရာအတွက်နဲ့ စစ်ခွေးတွေကို အနိုင်တိုက်ဖို့ တတ်နိုင်တဲ့နေရာက ကျရာတာဝန်ထမ်းမယ်လို့ ဆုံးဖြတ်ထားတဲ့ ကျွန်မအတွက် တယ်လီကျန်းမာဟာ မိသားစုလိုပါပဲ။

မိသားစုဆေးခန်းလေးမှာ ရင်ဘက်ချင်းနီးတဲ့ တော်လှန်လူနာတွေကို တော်လှန်ရေးပြီးဆုံးသည်ထိ ကျွန်မတတ်စွမ်းသ၍ နွေးနွေးထွေးထွေးနဲ့ ပြုစုကုသနေခဲ့ ၊ နေဆဲ ၊ နေမြဲ ၊ နေနေဦးမှာပါပဲလို့ သံဓိဋ္ဌန်ပြုလိုက်ရပါတယ်။

.

Dr Olivia

Telekyanmar

LEAVE A REPLY

Please enter your comment!
Please enter your name here