အားကစားလုပ်တာ၊ ကျန်းမာရေးလိုက်စားတာတွေက ကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုပါ။ တစ်ခါတစ်ရံမှာတော့ လေ့ကျင့်ခန်းလုပ်ရင်း၊ အားကစားလုပ်ရင်းနဲ့တခြားကိုယ်လက်လှုပ်ရှားရတာတဲ့ကစားနည်းတွေကစားရင်း ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ဒဏ်ရာက ခဏပဲဖြစ်တာရှိသလို ရေရှည်ကုသမှုလိုတဲ့ဒဏ်ရာအထိ ဖြစ်နိုင်ပါတယ်။

.

♦️ဘယ်သူတွေမှာ အားကစားလုပ်ရင်း ဒဏ်ရာပိုရနိုင်သလဲ ?

ကိုယ်လက်လှုပ်ရှားရင် ဒဏ်ရာရတာက လူတော်တော်များများမှာ အဖြစ်များပါတယ်။ အများဆုံးဖြစ်တတ်တဲ့သူတွေကတော့

– ခန္ဓာကိုယ်အလေးချိန်များသူတွေ

– အားကစားလုပ်နေစဉ် အကာအကွယ်ပစ္စည်းတွေ သေချာမဝတ်သူတွေ (ဥပမာ-စကိတ်စီးသူတွေ)

– သွေးပူလေ့ကျင့်ခန်း မလုပ်မိသူတွေ

– ဘောလုံး၊ လက်ဝှေ့ကဲ့သို့ အချင်းချင်း တိုက်မိ ခိုက်မိနိုင်သော အားကစားလုပ်သူတွေ

– ခုန်တာ၊ ပြေးတာတွေ လုပ်ရများ​တဲ့ အားကစားသမားတွေ (ဥပမာ-ပြေးခုန်ပစ်)

– မျက်နှာပြင် ညီညာမှုမရှိတဲ့နေရာတွေမှာ အားကစားလုပ်သူတွေ

– လုပ်နေကျ အလေ့အကျင့်မရှိဘဲ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်စလုပ်တာ

– မတော်တဲ့ဖိနပ် ဝတ်ပြီးအားကစားလုပ်မိတာ…. စတာတို့ ဖြစ်ပါတယ်။

.

♦️ခန္ဓာကိုယ်ရဲ့ဘယ်နေရာတွေမှာ ထိခိုက်တာများလဲ ?

• ခြေသလုံးအနောက်ဘက်နဲ့ ခြေဖနောင့်ကိုချိတ်ဆက်နေသောအရွတ် (Achilles tendon) ထိခိုက်မိတာ

အရွတ်ရောင်လာတာ၊ တောင့်တင်းလာတာတွေ ဖြစ်တတ်တဲ့ အပြင် နောက်ဆုံးအရွတ်ပြဲတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။

.

• ခြေကျင်းဝတ်ထိခိုက်မိတာ

ခြေကျင်းဝတ်မှာရှိတဲ့အဆစ်၊ အရိုး၊ အရိုးနု၊ အရွတ်၊ ကြွက်သားနဲ့ တွယ်ဆက်တစ်ရှူးတွေ ထိခိုက်မိတာ

.

• တံတောင်ဆစ် ထိခိုက်မိတာ

တံတောင်ဆစ်က လက်ဖျံနဲ့ လက်မောင်းကြားထဲက ပတ္တာအဆစ်အနေနဲ့ ဆောင်ရွက်ပေးပါတယ်။ လှုပ်ရှားမှုများတာ၊ အကွေးအဆန့်များတာကနေ ထိခိုက်ဒဏ်ရာရနိုင်ပါတယ်။

.

• ဦးခေါင်းဒဏ်ရာရတာ

မျက်နှာ၊ ဦးနှောက်၊ ဦးခေါင်းခွံဒဏ်ရာရတာပါ။ အဖြစ်အများဆုံးကတော့ ခေါင်းကိုရိုက်မိထိမိ၊​ ဆောင့်မိပြီးသတိလစ်သွားတာပါ။

.

• ဒူးခေါင်းထိခိုက်မိတာ

ဒူးခေါင်းမှာရှိတဲ့အရိုးအဆစ်၊ အရွတ်၊ တွယ်ဆက်တစ်ရှူး၊ ကြွက်သား၊ အရိုးနုတွေ ဒဏ်ရာရနိုင်ပါတယ်။ အားကစားလုပ်တဲ့သူတွေမှာ ဂုံညင်းရိုးအရွတ်ရောင်ပြီးဒူးနာတာ (Jumper’s knee or runner’s knee) လည်းဖြစ်တတ်ပါတယ်။ အခြားအဖြစ်များတာကတော့ဒူးဆစ်ထဲကအရိုးနု (meniscus) ပြဲသွားတာနဲ့ ဒူးလှုပ်ရှားတာအတွက် အရေးပါတဲ့အရွတ် (Anterior cruciate ligament) ပြဲသွားတာပါ။

.

• ပခုံးထိခိုက်မိတာ

ပခုံးအဆစ်လွဲတာ၊ ပခုံးအဆစ်က ဆုံလည်ကြွက်သားပြဲတာ (Rotator cuff tear)၊ အရွတ်ရောင်တာ (Rotator cuff tendinitis) တို့က အားကစားလုပ်တဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။

.

.

♦️အဖြစ်အများဆုံး ထိခိုက်မှုတွေက ဘာလဲ?

– အရွတ်ရောင်တာ

– အရိုးကျိုးတာ

– အရိုးနုပြဲတာ

– ခေါင်းထိခိုက်မိပြီးသတိလစ်သွားတာ

– အဆစ်လွဲတာ

– ခြေကျင်းဝတ်လည်တာ

– ကြွက်သားဒဏ်ဖြစ်သွားတာ

.

♦️ထိခိုက်ဒဏ်ရာရနေရင် ဘယ်လိုလက္ခဏာတွေပြလဲ?

– ထိခိုက်ဒဏ်ရာရတဲ့နေရာက နာလာ၊ ကိုက်လာတာ

– သွေးခြေဥ လာတာ

– အညိုမဲစွဲလာတာ

– အရိုးပုံပျက်တာ

– လှုပ်ရှားရခက်တာ

– အဆစ်အရိုးတွေမှာလှုပ်လိုက်တိုင်းအသံကြားနေရတာ

– မတ်တပ်မရပ်နိုင်တာ

– ဒဏ်ရာရတဲ့အပေါ် (သို့) အနီးတစ်ဝိုက်က အသားကပူနေတာ၊ ရောင်နေတာ

– လှုပ်ရှားရတာတောင့်နေတာ၊ အားနည်းနေတာ

.

♦️အားကစားလုပ်ရင်း ဒဏ်ရာမရအောင် ဘယ်လိုနေမလဲ ?

– ကိုယ့်အတွက် အန္တရာယ်အရမ်းမများမယ့် လှုပ်ရှားမှုမျိုးလုပ်ပါ

– လေ့ကျင့်ခန်းတစ်မျိုးထဲပဲ အကြာကြီးမလုပ်ပါနဲ့။ အေရိုးဘစ် (Cardiovascular exercise) ကစားသလို ခြေထောက်ကြွက်သားများနဲ့ အခြားကြွက်သားများအတွက်လည်း ကစားပါ။

– ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခုထဲကို ထပ်ခါထပ်ခါ အကြာကြီးလှုပ်ရှားမှုမပြုပါနဲ့

– ရေကို လုံလုံလောက်လောက်သောက်ပါ

– အားကစားလုပ်နည်းလုပ်ဟန်ကို စနစ်တကျလေ့လာပြီးမှဆော့ပါ

– အရမ်းပင်ပန်းနေရင် အနားယူပါ။

– ကိုယ့်ခန္ဓာကိုယ်က လက်မခံနိုင်မတော့တဲ့ အတိုင်းအတာထိ ကစားတာတွေ ရှောင်ကြဥ်ပါ

– ဖြေးဖြေးချင်းစပါ။အလေ့အကျင့်မရှိဘဲပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းမလုပ်ပါနဲ့

– လေ့ကျင့်ခန်း မလုပ်ခင်နဲ့လုပ်အပြီး အကြောလျှော့ပါ

– သင့်တော်တဲ့အားကစားစီးဖိနပ်နဲ့ လိုအပ်လျှင်အကာအကွယ်ပစ္စည်းများကို စနစ်တကျဝတ်ဆင်ပါ

.

♦️ဒဏ်ရာရခဲ့ရင် ဘာလုပ်ရမလဲ?

ဒဏ်ရာဖြစ်တဲ့နေရာနဲ့ပြင်းထန်၊ မပြင်းထန်ကြည့်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူ ကွဲပြားပါတယ်။ တစ်ချို့ကမပြင်းထန်ဘဲ အိမ်မှာအနားယူတာ (ဒါမှမဟုတ်) အိမ်မှာကုတာနဲ့တင် သက်သာသွားတာရှိပါတယ်။

• လုံလောက်စွာ အနားယူပါ

ထိခိုက်ထားတဲ့နေရာကို လှုပ်ရှားမှုမပြုပါနဲ့။

.

• ရေခဲကပ်ပါ

နာနေရောင်နေတဲ့နေရာကို ရေခဲကပ်ပေးလို့ရပါတယ်။ အရေပြားမထိခိုက်အောင် ရေခဲကို အရေပြားပေါ် တိုက်ရိုက်ကပ်တာက ရှောင်ပါ။ သဘက် (ဒါမှမဟုတ်) အဝတ်စလေးနဲ့အုံပြီး ကပ်ပေးပါ။ (၁၅-၂၀) မိနစ် တစ်ခါ ကပ်လို့ရပါတယ်

.

• ကျပ်စည်းပါ

ထိခိုက်မိတဲ့နေရာ (ဥပမာ- လက်၊ခြေထောက်) ကို ဆေးပတ်တီးနဲ့ ကျပ်စည်းလို့ရပါတယ်။ ရောင်ရမ်းနေတာတွေ လျော့ဖို့နဲ့ လှုပ်ရှားမိရင်အထောက်အပံ့ဖြစ်စေအောင်ပါ။ (အရမ်းတင်းကျပ် နေအောင် မစည်းပါနဲ့)

.

• မြှင့်ထားပါ

ထိခိုက်ဒဏ်ရာရတဲ့နေရာကို နှလုံးနဲ့တစ်တန်းတည်း မထားဘဲ မြှင့်ထားပါ။

(ဥပမာ-ခြေထောက်ထိမိရင်ခေါင်းအုံး (ဒါမှမဟုတ်) ဖက်လုံးပေါ်ခြေထောက်တင်ထားတာ၊ လက်ထိခိုက်မိရင် လက်ကိုတစ်ခုခုနဲ့ သိုင်းထားတာ)

.

နာနေ၊ ကိုက်နေတယ်ဆိုရင် အကိုက်အခဲပျောက်ဆေး (ဥပမာ-ပါရာစီတမောလ် ၊ Ibuprofen) သောက်လို့ရပါတယ်။ အစာအိမ်ရောဂါရှိပါက အစာအိမ်ဆေးနဲ့တွဲသောက်ပါ

သက်သာလာရင် လေ့ကျင့်ခန်းကို ဖြည်းဖြည်းချင်း ပြန်စလုပ်လို့ရပါတယ်။

????ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့ရင် (ဥပမာ- ရိုးကျိုးတာ၊ဦးခေါင်းထိခိုက်မိတာ) ဆိုရင်တော့ ဆရာဝန်နဲ့ကုသရမှာဖြစ်ပြီး ပျောက်ကင်းဖို့လည်း အချိန်ကြာတတ်ပါတယ်။

.

ဒါ့ကြောင့်….

– နားနေရင်းနဲ့မသက်သာပဲပိုဆိုးလာတာ

– အရောင်မကျဘဲ အရမ်းဖောင်းပြီးရောင်နေတာ

– သွေးအရမ်းထွက်တာ၊ အညိုမဲစွဲတာများတာ

– လုံးဝမလှုပ်ရှားနိုင်တာ

– ပုံပျက်သွားတာ ( ဥပမာခြေထောက်၊ လက်ကွေးသွားတာ )

– အရိုးကျိုးတာ

– သတိလုံးဝလစ်သွားတာ ….. တို့ဖြစ်လာပြီ ဆိုရင်တော့ ဆရာဝန်နဲ့ မဖြစ်မနေပြသဖို့လိုပါတယ်။

..

..

????အားကစားနဲ့ လေ့ကျင့်ခန်းလုပ်တာက ကိုယ်ရောစိတ်ပါ ကျန်းမာစေပါတယ်။ ဒါပေမယ့် တစ်ခါတလေ မတော်တဆ ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ အချိန်ခဏလေးနဲ့ သက်သာသွားတာ များပေမယ့် တစ်ချို့ဒဏ်ရာရတာတွေကတော့ ခွဲစိတ်မှုလုပ်ရတာထိရှိသလို၊ ကိုယ်လက်အင်္ဂါပြန်လည်သန်စွမ်းရေးအတွက်လည်း လေ့ကျင့်ခန်းပြန်လုပ်ပေးရတဲ့အထိ ရှိပါတယ်။ ဒါကြောင့် ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်ရင် မပေါ့ဆသင့်ဘဲ ဆရာဝန်နဲ့တိုင်ပင်ကုသပါလို့ အကြံပြုချင်ပါတယ် ????

Reference – ????

https://my.clevelandclinic.org/…/22093-sports-injuries

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here