????မေးခိုင်ရောဂါ ဆိုတာဘာလဲ ?

မေးခိုင်ရောဂါဆိုတာ Clostridium tetani လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တာပါ။

ဒီရောဂါပိုးဟာ ဒဏ်ရာရရှိတဲ့ နေရာကနေတစ်ဆင့် ခန္ဓာကိုယ်ထဲဝင်ရောက်လာပါတယ်။ ဒီ့နောက် ပိုမိုပွားများလာပြီး အဆိပ်တစ်မျိုးကို ထုတ်ပါတယ်။

ဒီအဆိပ်ဟာ ကြွက်သားလှုပ်ရှားမှုကိုထိန်းချုပ်တဲ့ ပင်မအာရုံကြောထိရောက်သွားပြီး ကြွက်သားတွေ နာကျင်စွာတောင့်တင်းစေခြင်း၊ အသက်ရှုရခက်ခဲစေခြင်း စတဲ့ဝေဒနာတွေကို ခံစားရစေပါတယ်။

.

.

???? ရောဂါပိုး ဘယ်လိုဝင်လဲ ?

ရောဂါပိုးဟာ မြေကြီး၊ ဖုန်ထူတဲ့နေရာတွေနဲ့ အချို့သောအရာဝတ္ထုပစ္စည်းတွေမှာ ရှိနေနိုင်ပါတယ်။

အကယ်၍ လူတစ်ယောက်ဟာ တစ်ခုခုနဲ့ထိခိုက်မိပြီး ဒဏ်ရာရသွားတဲ့အခါ ဒီဒဏ်ရာထဲကို ပိုးဝင်နိုင်ပါတယ် ။ ဥပမာ- မြေပြင်ပေါ်သို့ချော်လဲပြီး ပေါက်ပြဲဒဏ်ရာရခြင်း၊ သံစူးခြင်း

.

.

???? ဘယ်လိုလက္ခဏာတွေပြမလဲ ?

ပိုး​ဝင်ပြီးနောက် ရောဂါအစပျိုးချိန်ဟာ ၂ ရက် ၃ ရက်မှ လပိုင်းအထိ ကြာမြင့်တတ်ပါတယ်။

ရောဂါလက္ခဏာတွေကတော့…

(၁) လည်ပင်းနှင့်မေးရိုး ကြွက်သားများ တောင့်တင်းခြင်း

(၂) ပါးစပ်ဖွင့်ရခက်ခြင်း

(၃) မျိုချရခက်ခြင်း

(၄) အသက်ရှုရခက်ခြင်း

(၅) ခြေသလုံး၊ လက်၊ ကျော၊ ဗိုက် ကြွက်သားများ တောင့်တင်းပြီးနာကျဉ်ခြင်း

(၆) ဖျားခြင်း၊ နှလုံးခုန်မြန်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

.

.

???? ဘယ်သူတွေက အန္တရာယ်ရှိလဲ ? ဘယ်လောက် အန္တရာယ်ရှိလဲ ?

• ဒဏ်ရာတစ်ခုခုရပြီး မေးခိုင်ကာကွယ်ဆေးမထိုးထားသောသူ

• ငယ်စဉ်ကလည်း မေးခိုင်ကာကွယ်ဆေးမထိုးထားသောသူ

• ဆီးချိုသွေးချို ရှိသောသူ

• မြေကြီးထက်တွင် အလုပ်လုပ်ရသောသူ

• မူးယစ်ဆေးဝါး သွေးကြောထဲထိုးသွင်းသောသူများ

• သန့်ရှင်းမှုမရှိသောနေရာတွင် မွေးရသော ကလေးများ

• ချွန်ထက်သောအရာများဖြင့် ဒဏ်ရာရရှိသောသူများ

• တိရစ္ဆာန်ကိုက်ခံရသူများ ( ဥပမာ- ခွေး၊ ကြောင် )

.

*** မေးခိုင်ရောဂါဟာ လူ ၁၀ ဦးမှာ ၁ ဦး အသက်ဆုံးရှုံးသည်အထိ ရောဂါပြင်းထန်ပါတယ်။ အထူးကြပ်မတ်ကုသဆောင်တွင် ကုသသော်ငြား သေနှုန်းမြင့်သော ရောဂါတစ်ခုဖြစ်ပါတယ် ***

.

.

???? ဘယ်လိုကာကွယ်မလဲ ?

– ကလေးအရွယ်ကတည်းက မေးခိုင်ကာကွယ်ဆေးကို ၂ လ ၊ ၄လ ၊ ၆ လ နဲ့ ၁ နှစ်ခွဲတို့မှာ ထိုးနိုင်ပါတယ် ။

– ထိခိုက်ဒဏ်ရာ တစ်ခုခုရတဲ့အခါ ဆေးရုံဆေးခန်းများမှာ မေးခိုင်ကာကွယ်ဆေး ထိုးနိုင်ပါတယ်။

– မြေကြီးပေါ်မှာ အလုပ်လုပ်ရလျှင်သော်လည်းကောင်း၊ မြေကြီးကို လက်ဖြင့်ကိုင်တွယ်၍ အလုပ်လုပ်ရလျှင်သော်လည်းကောင်း လက်အိတ်နှင့် ဖိနပ်များ သေချာစွာ ဝတ်ဆင်ပါ။

– မြေကြီးပေါ် လမ်းလျှောက်သည့်အခါတွင်လည်း ခြေဗလာဖြင့် မလျှောက်ပဲ ဖိနပ်ဝတ်ပြီးလျှောက်ပါ။

– မိမိအိမ်တွင် မတော်တဆ ဒဏ်ရာရရှိနိုင်သည့် အရာဝတ္ထုပစ္စည်းများရှိပါက ဘေးကင်းသည့်နေရာသို့ ပြောင်းရွှေ့ထားပါ။

.

.

???? မေးခိုင်ပိုးဝင်နိုင်တယ်လို့ထင်တဲ့ အနာကို ဘယ်လို ကုမလဲ ?

ပိုးဝင်နိုင်ခြေရှိတဲ့ ဒဏ်ရာတစ်ခုရရှိလာပါက ပထမဦးစွာ အနာကို ရေ၊ ဆပ်ပြာနှင့် သေချာဆေးကြောပါ။ ထို့နောက် ဆေးဝါရည် ( Betadine )နှင့် ပြန်ဆေးကြောပါ။

ထို့နောက် ဆေးရုံဆေးခန်းသို့သွားပြီး မေးခိုင်ပိုးဖြေဆေး ( Tetanus Immunoglobulin ) ၊ မေးခိုင်ပိုးကာကွယ်ဆေး ( Anti-Tetanus Toxoid ) တို့ကို ထိုးပါ ။

.

✳️ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်း၏ ဆိုသကဲ့သို့ မေးခိုင်ပိုးမဝင်အောင် အနေအထိုင် ဆင်ခြင်ခြင်း၊ ဒဏ်ရာရှိပါကလည်း မပေါ့ဆပဲ အချိန်မီဆေးကုသမှု ခံယူခြင်းဖြင့် ကာကွယ်စေလိုကြောင်းပြောကြားရင်း နိဂုံးချုပ်ပါတယ်။

Reference ????

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. ( page 154 )

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here