♦️လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တယ်ဆိုတာ….
လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တယ်ဆိုတာ တကယ်မရှိဘဲ ရှိတယ်ထင်နေတာလို့ ဆိုရပါမယ်။ တကယ်မရှိဘဲ မြင်နေရတာ ၊ အနံ့တွေရတာနဲ့ အထိအတွေ့တွေ ခံစားမိတာအထိ လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တာတွေရှိပါတယ်။
.
.
♦️လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်ဖို့ အဖြစ်များတာကတော့
• စိတ်ကစဥ့်ကလျားရောဂါ (Schizophrenia) ရှိသူတွေရဲ့ (၇၀) ရာခိုင်နှုန်းက အမြင်နဲ့ဆိုင်တဲ့ လှုံ့ဆော်မဲ့ အာရုံတွေ ပေါ်ပေါက်တတ်ပြီး (၆၀) ကနေ (၉၀) ရာခိုင်နှုန်းကတော့ အသံတွေကြားရတတ်ပါတယ်။
• ပါကင်ဆန်ရောဂါ (Parkinson’s disease) ရှိသူရဲ့ တစ်ဝက်လောက်က အမြင်နဲ့ပတ်သတ်ပြီး လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တာတွေ ရှိတတ်ပါတယ်။
• အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease) နဲ့ အခြားသတိမေ့ရောဂါ (Dementia) တွေမှာဆိုရင်လည်း ရောဂါကျွမ်းလေလေ လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်ဖို့ များလေလေပါ။
• ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့သူတွေရဲ့ သုံးပုံတစ်ပုံကတော့ ရောင်စုံအလင်းတန်းတွေမြင်ရသလို အမြင်ပိုင်းဆိုင်ရာ လှုံ့ဆော်မဲ့ အာရုံတွေပေါ်ပေါက်လေ့ ရှိတယ်လို့ဆိုပါတယ်။
• ဦးနှောက်အကြိတ် ( Brain Tumour) ရောဂါ ဖြစ်တဲ့သူတွေမှာဆိုရင် အကြိတ်လုံးကဖိထားတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းပေါ်မူတည်ပြီး လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တာတွေ ကွာခြားသွားတတ်ပါတယ်။
• အတက်ရောဂါရှိတဲ့ လူနာတွေဆိုရင် တတ်ပြီး ရက်ပိုင်းကနေ လပိုင်းအထိ မြင်တာ၊ကြားတာတွေမှာ လှုံ့ဆော်မဲ့ အာရုံတွေ ပေါ်ပေါက်နေတတ်ပါတယ်။
• အတွင်းတိမ် ၊ ရေတိမ်ရှိတဲ့သူတွေ ၊ အသက်ကြီးတဲ့သူတွေနဲ့ မြင်လွှာရောင်ခြယ်ပျက်စီးသွားတဲ့သူတွေမှာဖြစ်တတ်တဲ့ Charles Bonnet Syndrome ဆိုတဲ့ ရောဂါမှာဆိုရင် အမြင်အာရုံချို့တဲ့တာကနေ တကယ်မရှိတဲ့အရာတွေပါ ရှိသယောင် မြင်လာရတတ်ပါတယ်။
.
.
♦️တခြား လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်စေတဲ့ အခြေအနေတွေကတော့….
✔️ အိပ်ရေးပျက်တာများတဲ့သူတွေ
✔️ စိတ်ကျလွယ် (သို့မဟုတ်) ကြွလွယ်ရောဂါရှိတဲ့သူတွေ
✔️ စိတ်ထိခိုက်စရာအဖြစ်အပျက်ကြုံပြီးနောက် တစ်လကျော်ကြာ ပြင်းထန်စိတ်ဖိစီးမှုလက္ခဏာ ခံစားနေရသူတွေ (Post traumatic stress disorder)
✔️ စိတ်ကျရောဂါရှိသူတွေနဲ့
✔️ မူးယစ်ဆေးသုံးစွဲတဲ့သူတွေမှာလည်း လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တာတွေ တွေ့ရတတ်ပါတယ်။
.
.
♦️လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တဲ့ ပုံစံအမျိုးမျိုးကတော့….
(၁) အကြားပိုင်းဆိုင်ရာ လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တယ် ဆိုတာဟာ…
အပြင်ကအသံ (သို့မဟုတ်) ခေါင်းထဲကလာတဲ့အသံလိုလိုတွေ ထင်ယောင်ထင်မှားကြားနေရပြီး အချင်းချင်းစကားပြောနေကြသလိုလို တစ်ခုခုလုပ်ဖို့စေခိုင်းနေကြသလိုလိုတွေ ကြားနေရတာမျိုးပါ။
(၂) အမြင်ပိုင်းဆိုင်ရာ လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တယ် ဆိုတာကတော့…
အမြင်အာရုံတွေမှာ တကယ်မရှိတာတွေကို ရှိနေသလို မြင်နေရတာမျိုးပါ။ ဥပမာ ပြောပြရရင် ဘာမှ မရှိတဲ့နေရာမှာ အင်းစက်ပိုးကောင်တွေအများကြီး သွားနေတာကိုမြင်ရတာမျိုး၊ ဒါမှမဟုတ် ပုံစံအမျိုးမျိုးနဲ့ အရာဝတ္ထုတွေ ရွေ့လျားနေတာကို မြင်ရတာမျိုးနဲ့ တစ်ခါတစ်ရံမှာ အလင်းတန်းတွေလိုမျိုး တလက်လက် မြင်နေရတာမျိုးတွေ ဖြစ်တတ်ပါတယ်။
(၃) အနံ့နဲ့ပတ်သတ်လို့ လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တာကတော့…
အနံ့တစ်ခုခုကို ကိုယ့်ခန္ဓာကိုယ်ကပဲ ရနေသလိုလို ( သို့မဟုတ်) ဘေးပတ်ဝန်းကျင်ကနေပဲ အဲ့အနံ့ရနေသလိုလိုနဲ့ ဖြစ်နေတတ်ပါတယ်။ ခေါင်းထိခိုက်မိတဲ့သူတွေ ၊ အဖျားကြီးတဲ့သူတွေ ၊ ထိပ်ကပ်နာ ဖြစ်တဲ့သူတွေနဲ့ ဦးနှောက်အကျိတ်ဖြစ်တဲ့သူတွေမှာဆိုရင် အနံ့နဲ့ဆိုင်တဲ့လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တာတွေ ဖြစ်တတ်ပါတယ်။
(၄) အရသာတစ်ခုခုခံစားမိနေတဲ့ အခြေအနေကတော့…
မကောင်းတဲ့အရသာကြီးတစ်ခုခုကို စားတိုင်းသောက်တိုင်း ရနေတယ်ဆိုတဲ့ စိတ်ခံစားချက် ဖြစ်နေတာပါ။
(၅) အထိအတွေ့နဲ့ပတ်သတ်ပြီး လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တာမျိုးကို ပြောပြရရင်…
အနားမှာဘယ်သူမှမရှိပေမယ့် ကိုယ့်အသားကို လာထိနေသလိုလို ၊ အင်းစက်အကောင်တွေ လက်ပေါ်မှာ အရေပြားအောက်ကနေ လျှောက်သွားနေသလိုလိုတွေ ခံစားမိတာပါ။ တစ်ခါတစ်ရံမှာဆိုရင် လေပူပူတွေမျက်နှာလာတိုက်နေတယ်လို့လည်း တကယ်မဖြစ်ဘဲ ခံစားရတတ်ပါတယ်။
.
.
♦️နောက်ဆုံး ပြောပြချင်တာကတော့
ကိုယ်တိုင်ပဲဖြစ်ဖြစ် ၊ ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေမှာပဲဖြစ်ဖြစ် ဒီစာထဲကလို လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်နေတာဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသပြီး ကုသမှုခံယူပါ။
လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တယ်ဆိုတာ စိတ်ဝေဒနာတွေကြောင့်ဖြစ်တတ်သလို နောက်ခံရောဂါအရင်းအမြစ်တွေကြောင့်လည်း ဖြစ်တတ်တာမို့ စောစောသိပြီး စောစောကုသမှုခံယူမယ်ဆိုရင် ရောဂါသက်သာပျောက်ကင်းနိုင်တယ်ဆိုတာကို သတိလေးပြုပေးပါနော်လို့ ပြောကြားပါရစေ…
Reference : ????
https://www.nhs.uk/…/fee…/hallucinations-hearing-voices/
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.