Stigma ဆိုတာ ဂရိစကားလုံးတစ်ခုဖြစ်ပြီး အမှတ်အသားလုပ် တံဆိပ်ကပ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်

ခဲရာခဲဆစ်ဘာသာပြန်ရရင် “ တစ်ဦးတစ်ယောက်ရဲ့ ဘဝအမည်းစက်ကြောင့် ခွဲခြားဆက်ဆံခံရခြင်း “ လို့လည်း အကျယ်ချဲ့ ဘာသာပြန်လို့ ရပါတယ်

အထူးသဖြင့် အပြစ်သားတွေလို အရှက်ခွဲနှိမ့်ချတာ ၊ လူ့အဖွဲ့အစည်းက ရှောင်ကြဉ်ကြတာတွေလုပ်ဖို့ “ လူဆိုး” ဆိုတဲ့ သင်္ကေတအမှတ်အသား တပ်ခံရတာပါ

..

..

မဆီမဆိုင် ဘဝမှာ အမည်းစက် တပ်ခံရပုံ (Stigmatization) အဆင့် ၃ ဆင့် ရှိပါသတဲ့…

အဆင့် ၁ – တစ်ဦးတစ်ယောက်ဟာ ရုပ်ရည် (ဒါမှမဟုတ်) အပြုအမူကြောင့် အများနဲ့မတူသောသူလို့ စတင်သတ်မှတ်ခံရတာ

အဆင့် ၂ – အဲ့အပေါ်အခြေခံပြီး လူ့အသိုင်းအဝန်းက လွဲမှားတဲ့ အယူအဆတွေ ၊ ယုံကြည်မှုတွေ တစ်စတစ်စ ကြီးထွား ပေါ်ပေါက်လာတာ

အဆင့် ၃ – လူ့ဘောင်အဖွဲ့အစည်းကနေ ကြဉ်ထုတ်ရမယ်ဆိုပြီး တံဆိပ်ကပ်ခံရသူတွေကို (ဖိနှိပ်မိမှန်းမသိ) နှိမ်ချဆက်ဆံပြီး အနိုင်ယူလာကြတာတို့ ဖြစ်ပါတယ်။

သင်ကိုယ်တိုင်ရော တခြားသူအပေါ် (မသိလိုက်ဘဲ) ခွဲခြားနှိမ်ချတဲ့စကားလုံးတွေ သုံးမိနေလား…?

ဆန်းစစ်ကြည့်ရအောင်နော်…

• အရှည်ကြီး ၊ ဂျပု ၊ ဖက်တီးပုတ် ၊ ငါးဖောင်ရိုး ၊ သွားခေါ ၊ မျက်ပြူး…. ဒီလိုမျိုး သူများနဲ့မတူတဲ့ ပုံပန်းသွင်ပြင်တွေပေါ်မူတည်ပြီး ခေါ်မိနေလား

• ဘာသာရေး ၊ လူမျိုးရေး ၊ အသားအရောင်နဲ့ လိင်စိတ်တိမ်းညွတ်တာတွေကို လိုက်ပြီး အပြောင်အပျက် သုံးနှုန်းခေါ်ဝေါ်တာတွေ ရှိလား ( ကုလား ၊ အခြောက်မ )

• ဉာဏ်ရည်ပုံမှန်မဖွံ့ဖြိုးတဲ့ ကလေးငယ် (ဒါမှမဟုတ်) စိတ်ကျန်းမာရေး မကောင်းတဲ့သူကို ပြားကိုးဆယ် ၊ အရူး ၊ ကျပ်မပြည့်တဲ့သူ…. ဒီလိုစကားလုံးတွေ သုံးပြီး နှိမ်ချမိနေပြီလား

• HIV/ AIDS ရောဂါသည်တွေကို “ အေကိုက်နေတာ.. ” ဆိုတာမျိုးရော ပြောမိသေးလား

..

..

အခုလို ပုံပန်းသွင်ပြင်သာမက…

ကျန်းမာရေးမကောင်းတဲ့အပေါ်…ရောဂါဖြစ်တဲ့အပေါ် မှာလည်း Stigma ဆိုတဲ့ အမည်းစက် လွှမ်းမိုးတာကြီး အနည်းနဲ့အများ ရှိနေပါတယ်ဆို ယုံကြပါ့မလား ?

တစ်ချိန်က HIV / AIDS ရောဂါသည်တွေကို မတရား နှိမ်ကြတာပေါ့….

ဒါပေမယ့်….ကုရာနတ္ထိဆေးမရှိလို့ ပြောခဲ့တဲ့ HIV/AIDS ရောဂါကို မကူးစက်အောင်ကာကွယ်နည်းတွေနဲ့ ရောဂါပိုးလျော့ချပေးတဲ့ ကုသနည်းတွေ ပေါ်လာတဲ့အခါ လူတွေရဲ့ အမြင်လည်း ကျယ်လာကြပြီး…ရှိရင်းစွဲ အမည်းစက်တွေလည်း အတော်လေး မှေးမှိန်လာပါတယ်။

ဒါပေမယ့် စိတ်မကောင်းစရာကတော့….. ခေတ်မီ ဆေးဝါးတွေ ကုထုံးတွေ ဘယ်လိုပဲပေါ်လာပေါ်လာ ပဟေဠိဆန်ပြီး လေ့လာနေရဆဲဖြစ်တဲ့ “ စိတ်ရောဂါ” တွေအတွက်တော့ အမည်းစက်ဟာ မှိန်သင့်သလောက်မမှိန်သေးတာကို တွေ့ရပါတယ်။

ဘာသာရေးအယူအဆတွေအပါအဝင် ရှေးရိုးစွဲ အယူအဆတွေကြောင့် စိတ်ဝေဒနာသည်တွေကို အမြင်မှား အထင်မှားတာတွေလည်း ရှိပါတယ်…

ဒါ့ကြောင့် စိတ်ကျန်းမာရေးဆေးရုံတွေမှာ…

“ စိတ်ဝေဒနာတွေဟာ ဝဋ်နာကံနာမဟုတ်ပါ” လို့ ထင်ထင်ရှားရှား ရေးထားရတဲ့အထိပါပဲ။

စိတ်ရောဂါတစ်ခုခုဖြစ်လို့ ဆေးသောက်နေရသူတစ်ဦးကို…

“ မင်းခံစားနေရတာတွေအားလုံးက မင်းစိတ်ကဖြစ်နေတာပါ… မင်း စိတ်ကို မင်းနိုင်အောင်လုပ်နိုင်ရင် အဆင်ပြေပြီ ၊ ဆေးမလိုလောက်ပါဘူးကွာ” လို့ ပြောတာဟာ အားပေးရာမရောက်တဲ့အပြင် ဝေဒနာခံစားနေရသူကို “ မင်းအပိုတွေလုပ်နေတာပါ” လို့ ပြောချလိုက်သလိုပါပဲ

ဒီလိုမျိုး လူတစ်ဦးရဲ့အားနည်းချက်ကို နားမလည်ဘဲ ပြောလိုက်တာကြောင့် စိတ်ရောဂါခံစားနေရသူခမျာ အကူအညီတောင်းဖို့ တွန့်ဆုတ်သွားမယ် ။ ရင်ဖွင့်စရာ နားခိုစရာ တိုင်ပင်စရာနေရာ ပျောက်သွားပြီး တစ်ယောက်ထဲ ကြိတ်ခံစားရကာ ရောဂါပိုလို့ ဆိုးလာနိုင်တယ်ဆိုတာကို သတိထားဆင်ခြင်ပေးကြပါနော်

စိတ်ကျန်းမာရေးကို အမည်းစက်သဖွယ် မြင်နေကြတဲ့ လူတွေရဲ့အမြင်ကို အလုံးစုံဖျောက်ဖျက်ဖို့ တိကျတဲ့ အဖြေမရှိသေးပေမယ့်…..တစ်ချိန်က Stigma အရမ်းများခဲ့တဲ့ HIV/AIDS ရောဂါဟာ အခု ၂၁ ရာစုမှာ ခွဲခြားခံရတာတွေ လျော့ပါးလာအောင် စွမ်းနိုင်ခဲ့တာကို အတုယူကြရပါမယ်။

စိတ်ရောဂါနဲ့ပတ်သတ်ပြီး လူထုရဲ့ အတွေးအမြင်တွေကို ပြောင်းလဲပေးဖို့ ၊ လူထုရဲ့ မျက်စိပြတင်းတံခါးကိုဖွင့်ပေးဖို့ လိုပါတယ်လို့ ပြောပါရစေ…

..

..

ဒီစာလေးဖတ်ပြီးတဲ့အခါ…

(၁) ကိုယ့်အမြင်ရော ကိုယ့်ဘေးမှာရှိတဲ့သူတွေရဲ့ စိတ်ကျန်းမာရေးဆိုင်ရာအမြင်တွေကိုပါ ပြောင်းပေးပါ

– စိတ်ရောဂါတွေဟာ ဝဋ်နာကံနာမဟုတ်ပါ

– မျိုးရိုးလိုက်တတ်ပေမယ့် ကူးစက်ရောဂါအမျိုးအစား မဟုတ်ပါ

– စိတ်ရောဂါကုထုံးတွေ ၊ ခေတ်မီဆေးဝါးတွေ အများကြီးပေါ်လာပါပြီ

(၂) စိတ်ဝေဒနာခံစားနေရသူတွေကို ကူညီဖေးမပါ အားပေးပါ။ သူတို့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုလာတဲ့အခါ လေးစားပါ နားထောင်ပေးပါ။

(၃) စိတ်ရောဂါဟာ သာမာန်ရောဂါတွေလိုပဲ မကူးစက်တတ်တဲ့ရောဂါဆိုတာကို မျှဝေပေးပါနော်

ကိုယ်တိုင်လည်း စိတ်ကျန်းမာရေး ထိခိုက်လာပြီလို့ ယူဆရင်…

! စိတ်ကျန်းမာရေးဆိုင်ရာ အကူအညီရယူဖို့ ၀န်မလေးပါနဲ့

! စိတ်ခံစားချက်တွေကို ချစ်ရသူတွေဆီ ရင်ဖွင့်ပါ

! လိုအပ်ရင် နှစ်သိမ့်ဆွေးနွေးပညာရှင် (Counsellors)၊ စိတ်ပညာရှင် (Psychologist)၊ စိတ်ကျန်းမာဆရာဝန် (Psychiatrist) များနဲ့ လက်လှမ်းမီသလို ဆွေးနွေးပြသ ကုသမှုခံယူပါ

! မျက်နှာက အရေးအကြောင်းတွေကို ဂရုစိုက်သလို ကိုယ့်စိတ်လေး ကျန်းမာအောင်လည်း ဂုဏ်ယူဝင့်ကြွားစွာ ဂရုစိုက်ပေးပါ

..

..

???? အသဲနှလုံးကလာတဲ့ ချိုသာတဲ့ ပန်းစကားလေးတွေပြောကြရင်း လူတစ်ယောက်ကို အမည်းစက် (Stigma) သတ်မှတ်မိမယ့် စကားလုံးမျိုးတွေရှောင်ရှားကြရအောင်ပါလို့ တိုက်တွန်းရင်း……

❤️ ချစ်တဲ့…တယ်လီကျန်းမာ ❤️

References ????

????Oxford Handbook of Psychiatry, Fourth Edition; Thinking about Psychiatry, Stigma pg-24

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here