အားလုံးပဲ မင်္ဂလာပါ…

ဒီနေ့မှာတော့ အသက်ရှင်စဉ်လှူဒါန်းတဲ့ အသည်းနဲ့ကျောက်ကပ်အလှူရှင်တွေ (living donor) နဲ့ပတ်သက်လို့ တစေ့‌တစောင်းပြောပြပေးမှာ ဖြစ်ပါတယ်။

မိမိတို့ရဲ့ မိဘဆွေမျိုးသားချင်းတစ်ဦးဦးမှာ ကိုယ်တွင်းအင်္ဂါအစားထိုးရုံမှတစ်ပါး အခြားသင့်တော်တဲ့ ကုထုံး မရှိတော့တဲ့အခါ… မိဘဆွေမျိုးတွေကို ကူညီလိုစိတ်အပြင် အသက်ရှည်စေလိုတဲ့စေတနာနဲ့ မိမိတို့ရဲ့ ကိုယ်တွင်းအင်္ဂါ တစ်စိတ်တစ်ပိုင်းကို လှူဒါန်းဖို့ဆုံးဖြတ်ကြလေ့ရှိပါတယ်။

ဘယ်အချိန် အစားထိုးဖို့လိုလဲ ဆိုတာကတော့ သက်ဆိုင်ရာ ကျွမ်းကျင်ဆရာ၀န်ကြီးတွေက ဆုံးဖြတ်ပေးပါလိမ့်မယ်။

ခုကတော့ အလှူရှင်ဖြစ်ချင်တဲ့ လူတစ်ယောက်အနေနဲ့ သိချင်တာ‌လေးတွေ ရှိတတ်တာမို့ မေးလေ့ရှိတဲ့ အမေးအဖြေလေးတွေကို ဖော်ပြပေးသွားပါ့မယ်။

၁။ ဘယ်လိုလူတွေက အလှူရှင် ဖြစ်နိုင်ပါသလဲ

???? အသက် ၁၈ – ၆၀ နှစ် အတွင်း

???? ရောဂါရှိသူနှင့် ဆွေမျိုးနီးစပ်တော်သူ

???? သွေးအုပ်စု အမျိုးအစားတူသူ (ယေဘုယျသဘောသာဖြစ်ပြီး ခုနောက်ပိုင်းမှာတော့ သွေးအုပ်စု မတူသူများလည်း လှူဒါန်းလို့ရပါတယ်။)

???? အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး၊ HIV ပိုးများ မရှိသူ (ယေဘုယျအားဖြင့်သာဖြစ်ပြီး လက်ခံမည့်သူက အဆိုပါရောဂါရှိပြီးသူဆိုရင် အချို့သောချွင်းချက်များဖြင့် လှူဒါန်းလို့ရပါတယ်။)

???? နှလုံး၊ သွေးတိုး၊ ဆီးချို စသဖြင့်ရောဂါမရှိဘဲ စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းသောသူ ဖြစ်ရပါမယ်။

.

၂။ လှူမယ်/မလှူဘူး ဒွိဟဖြစ်နေတာ ဘယ်လိုအကြံပေးချင်ပါသလဲ

???? လှူမယ် မလှူဘူးဆိုတာက အလှူရှင်ကိုယ်တိုင် ဖိအားပေးမခံရဘဲ လွတ်လပ်စွာဆုံးဖြတ်ရမှာပါ။

???? လှူရမှာလည်းကြောက်တယ်၊ မလှူရင် အပြစ်ရှိသလိုခံစားရမှာ၊ လုပ်သင့်တာ မလုပ်သလို ခံစားရမှာလည်းကြောက်တယ် အတွေးနှစ်ခု အားပြိုင်နေတယ်ဆိုတာကလည်း အလှူရှင်အချို့မှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါ ပုံမှန်ပါပဲ။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဆိုတာကတော့ အလှူရှင် စိတ်သက်တောင့်သက်သာ ဖြစ်စေတဲ့ ရွေးချယ်မှုကသာလျှင် သူ့အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။

လိုအပ်ရင် အရင်က ကိုယ်တွင်းအင်္ဂါလှူဒါန်းထားဖူးသူများနဲ့ စကားစမြည်ပြောဆိုပြီး အတွေ့အကြုံလေးတွေမေးမြန်းလို့ရပါတယ်။

.

၃။ အလှူရှင်တစ်ယောက်ဖြစ်ဖို့ ဘယ်လိုစစ်ဆေးမှုတွေခံယူရမလဲ

???? သွေးအုပ်စု၊ တစ်ခါတစ်ရံ တစ်ရှူးအမျိုးအစား (HLA typing) ကိုက်ညီမှု ရှိ/မရှိ၊ နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ် ကောင်း/မကောင်း၊ ကူးစက်ရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီး စိတ်ကျန်းမာရေး စစ်ဆေးမှုတွေ၊ ကိုယ်အလေးချိန်လျှော့ချမှုတွေ လိုအပ်ပါက ပြုလုပ်ရပါတယ်။

???? လှူမယ့် ကိုယ်အင်္ဂါအစိတ်အပိုင်းကို CT ကွန်ပြူတာဓာတ်မှန်၊ MRI သံလိုက်ဓာတ်မှန်တွေရိုက်ပြီး လှူဒါန်းဖို့ အဆင်ပြေသင့်တော်မှု ရှိ/မရှိ စစ်ဆေးရပါသေးတယ်။

ဒီလို အဆင့်ဆင့်စမ်းသပ်စစ်ဆေးမှုတွေ အောင်မြင်မှ အလှူရှင် ဖြစ်နိုင်ပါတယ်။

.

၄။ အလှူရှင်အတွက် လှူဒါန်းပြီးနောက် နောက်ဆက်တွဲကျန်းမာရေးပြဿနာ ဘာများရှိနိုင်ပါသလဲ

???? နောက်ဆက်တွဲပြဿနာအနေနဲ့ကတော့ ခွဲစိတ်မှုခံယူတာဖြစ်လို့ သွေးထွက်တာ၊ ပိုး၀င်တာ စသဖြင့်ဖြစ်နိုင်ပါတယ်။ နိုင်ငံတကာမှာလည်း အလှူရှင် အထိအခိုက် အနည်းဆုံးဖြစ်အောင် အဓိကဦးတည်ရပါတယ်။ လှူဒါန်းတဲ့ ခွဲစိတ်မှုကြောင့် အလှူရှင်အသက်ဆုံးရှုံးမှုက မရှိသလောက်နည်းပါတယ်။ အသည်းနဲ့ ကျောက်ကပ်ရောဂါတွေ ပိုဖြစ်နိုင်ခြေလည်း မရှိပါဘူး။ ကျောက်ကပ်တစ်ခြမ်းလှူလှူ၊ အသည်းတစ်ခြမ်းလှူလှူ အလှူရှင်ရဲ့ နိစ္စဓူဝလုပ်ငန်းဆောင်တာနဲ့ အလုပ်အကိုင်ကို မထိခိုက်စေနိုင်ပါဘူး။

.

၅။ နာလန်ထချိန်နဲ့ ဆောင်ရန်၊ ရှောင်ရန်လေးတွေသိချင်ပါတယ်

???? ခွဲစိတ်ပြီးခါစမှာတော့ သေချာအနားယူဖို့လိုပါတယ်။ ပထမတစ်ပတ် နှစ်ပတ်လောက်မှာ ကောင်းကောင်းအနားယူပါ။ အားရှိအောင်စားပါ။ ပထမ ၆ ပတ်အတွင်း ၁၅ ပေါင်ထက်ပိုလေးတာ မ မပါနဲ့။ ခွဲစိတ်ပြီး တစ်လ တစ်လခွဲလောက်ဆို အလုပ်ပြန်လုပ်လို့ရပါပြီ။ အလေးအပင်မရမယ့် ပြင်းပြင်းထန်ထန် ကာယခွန်အားသုံးပြီး လုပ်ရမယ့် အလုပ်အကိုင်ဆိုရင်တော့ ခွဲပြီး ၃ လကနေ ၆ လလောက်မှ ပြန်လုပ်သင့်ပါတယ်။ အိမ်ထောင်ပြုတာ၊ ကလေးယူတာနဲ့ပတ်သက်လို့ သက်ရောက်မှု မရှိပါဘူး။

.

၆။ ရက်ချိန်းပြန်ပြဖို့လိုလား၊ ခွဲစိတ်ပြီး စိတ်ကျရောဂါဖြစ်နိုင်ပါသလား

???? ရက်ချိန်းက ဆရာ၀န်ညွှန်ကြားထားတဲ့အတိုင်း ပြန်ပြရမှာပါ။ အများအားဖြင့် ခွဲအပြီး တစ်ပတ်၊ တစ်လ၊ သုံးလ၊ ခြောက်လ၊ တစ်နှစ်၊ နှစ်နှစ် စသဖြင့်ပါ။

???? အလှူရှင်အများစုကတော့ လှူဒါန်းပြီး စိတ်ကျေနပ်မှု ရကြပါတယ်။ ကိုယ့်ကြောင့် မိမိရဲ့ မိဘဆွေမျိုး ရောဂါသက်သာ နေထိုင်ကောင်းသွားစေတာမို့ပါ။

???? အချို့သော လူနည်းစုမှာတော့ လှူဒါန်းအပြီး ခံစားချက်မကောင်း ဖြစ်တတ်ပါတယ်။ အများအားဖြင့်တော့ အစားထိုးခွဲစိတ်မှု ရလဒ်အဖြေက ထင်ထားသလိုဖြစ်မလာတဲ့အခါ ဒါမှမဟုတ် မလှူခင်ကတည်းက လှူမယ်မလှူဘူး ဆုံးဖြတ်ချက်မပြတ်သားသူတွေမှာ ဖြစ်လေ့ရှိပါတယ်။

အလှူရှင်တစ်ယောက်ဖြစ်ဖို့ မလွယ်ပါဘူး။ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်း၊ လိုအပ်ချက်တွေကိုက်ညီပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာမှ ဖြစ်နိုင်တာပါ။ လှူပြီးနောက်ပိုင်း ကျန်းမာရေးကောင်းအောင် ဆက်လက်ဂရုစိုက် နေထိုင်ဖို့လည်း လိုအပ်ပါတယ်။

ကိုယ့်ခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ပိုင်းကို လှူဒါန်းနိုင်ဖို့က တော်ရုံသတ္တိ၊ တော်ရုံသဒ္ဓါတရားနဲ့ မရပါဘူး။ ထို့အတူပဲ ပေးလှူအပြီး ကိုယ့်ရဲ့တစ်ခုတည်းသော မျှော်လင့်ချက်လေးက လူနာ ကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်ဖို့ပဲ ဖြစ်သင့်ပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ အပေးအယူတွေကြား ပြဿနာတွေ၊ အန္တရာယ်တွေ ပေါ်လာတော့တာမို့ နောက်တစ်ခေါက်မှာတော့ အဆိုပါ တရားမ၀င် ကိုယ်တွင်းအင်္ဂါရောင်းစားပြီး အစားထိုးမှုတွေအကြောင်း (organ trafficking) ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်… နည်းနည်းတော့ပျင်းစရာကောင်းပေမယ့် လူငယ်တွေအတွက်အန္တရာယ်မို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်????????

ခွဲစိတ်အထူးကုဆရာဝန်တစ်ဦး

Telekyanmar

Reference – ????

https:// health. ucdavis. edu /transplant/livingkidneydonation/frequently-asked-questions.html

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here