ရင်သားဆီလီကွန်ထည့်ခြင်း Silicone Breast Implants (January,2024)

0
475

ရင်သားဆီလီကွန်ထည့်ခြင်း

အခုနောက်ပိုင်း အင်မတန်ကိုမှ ခေတ်စားလာတဲ့ ရင်သားကြီးထွားအောင် ခွဲစိတ်ပြုပြင်ခြင်းကို Breast Augmentation (Augmentation mammoplasty) လို့ ခေါ်ပါတယ်။

ရင်သားတစ်သျူး (သို့) ရင်ဘတ်ကြွက်သားရဲ့အောက်မှာ Breast Implants လို့ခေါ်တဲ့ အစားထိုးပစ္စည်းတစ်ခုခုကိုထည့်ပြီး ရင်သားကြီးအောင် ခွဲစိတ်ကုသကြပါတယ်။ ဘယ်လိုပစ္စည်းလဲဆိုရင် ဆီလီကွန်ကိုယ်ထည်ထဲမှာ ဆီလီကွန်ဂျယ်လ် (သို့) အရည်တစ်မျိုး (Saline) ကို ထည့်ထားတဲ့ပစ္စည်းပဲ ဖြစ်ပါတယ်။

ဟိုးအရင်ကတော့ ရင်သားကင်ဆာဖြစ်တဲ့ အမျိုးသမီးတွေမှာ ယုံကြည်မှုပြန်ရှိလာစေဖို့ ရင်သားဆီလီကွန်ကို ထည့်ပေးလေ့ရှိကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကျန်းမာတဲ့အမျိုး‌သမီးတွေကပါ ကိုယ့်ရဲ့ ရင်သားအရွယ်အစားကို စိတ်ကြိုက်ပုံဖော်နိုင်စေဖို့ ပြုလုပ်လာကြပါတယ်။

စစ်တမ်းတွေအရ ရင်သားဆီလီကွန် ထည့်ကြသူအများစုဟာ . . .

– အသက်အရွယ်ကြောင့်ဖြစ်စေ၊ မီးဖွားလိုက်တာကြောင့်ဖြစ်စေ၊ ကိုယ်အလေးချိန် ကျသွားလို့ဖြစ်‌စေ ရင်သားသေးငယ်သွားတဲ့အတွက် အရင်အရွယ်အစားပြန်ရအောင် ခွဲစိတ်ကြပါတယ်။

– ရင်သားတစ်ဖက်နဲ့တစ်ဖက် မညီတာကြောင့်လည်း ခွဲစိတ်ကြပါတယ်။ (အရွယ်မရောက်သေးသူတွေ မလုပ်သင့်ပါ)

– အမျိုးသားကနေ အမျိုးသမီးပုံစံ ပြောင်းလဲချင်သူတွေ ပြုလုပ်ကြပါတယ်။

– ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ခန္ဓာကိုယ်အလှအပနဲ့ ပြီးပြည့်စုံချင်တာကြောင့်လည်း ပြုပြင်လာကြပါတယ်။

ရင်သားဆီလီကွန် ထည့်ခြင်း/မထည့်ခြင်းက ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်ပေမဲ့ ပြုလုပ်ချင်သူဟာ. . .

– ခန္ဓာကိုယ်ဖွံ့ဖြိုးပြီး အရွယ်ရောက်ပြီးသူ ဖြစ်ရပါမယ်။ ဆီလီကွန်ဂျယ်လ် ထည့်ထားတဲ့ပစ္စည်းနဲ့ဆိုရင် အသက် (၂၂) နှစ်ပြည့်မှ၊ Saline နဲ့ဆိုရင် အသက် (၁၈) နှစ်ပြည့်မှ လုပ်သင့်ပါတယ်။

– ကျန်းမာရေး ကောင်းမွန်ရပါမယ်။

– သဘာဝကျတဲ့ရည်ရွယ်ချက် ရှိရပါမယ်။ (ကိုယ့်ခန္ဓာကိုယ်နဲ့ကိုက်ညီတဲ့ ရင်သားအရွယ်အစားကိုပဲ ရွေးချယ်သင့်တာကို ဆိုလိုပါတယ်)

ဆီလီကွန်တစ်ခါထည့်ထားရင် ဘယ်လောက်ကြာကြာခံလဲ…….

ဆယ်နှစ်ဝန်းကျင်လောက်အထိခံနိုင်တဲ့ ဆီလီကွန်ထည့်သွင်းမှုတွေ ရှိပါတယ်။ ဒါပေမယ့် သက်တမ်းကြာလာလေလေ၊ ထည့်ထားတဲ့ပစ္စည်းက ကွဲထွက်ဖို့ ရာခိုင်နှုန်းများလေလေ ဖြစ်ပါတယ်။ ဒီလိုကွဲထွက်တော့မယ်ဆိုရင် ရင်သားက တင်းလာမယ်၊ ရောင်လာမယ်၊ မူမမှန် ဖြစ်လာပါမယ်။ တစ်ခါတလေကျလည်း ဘာလက္ခဏာမှကြိုမပြဘဲ ရုတ်တရက်ဖြစ်သွားတတ်ပါသေးတယ်။

ဘယ်လိုအမျိုးအစားက သဘာဝဆန်ဆန်လှပစေလဲ…….

ဆီလီကွန်ဂျယ်လ်ပါတာရော၊ Saline အရည်ပါတာရော နှစ်မျိုးလုံးကတော့ သဘာဝကျပေမဲ့ ဆီလီကွန်ဂျယ်လ်နဲ့က လူကြိုက်ပိုများကြပါတယ်။

ဆီလီကွန်ကို ရင်သားတစ်သျူးနဲ့ ရင်ဘတ်ကြွက်သားအောက်မှာထည့်ရင် ဆီလီကွန်ရဲ့အပေါ်က ကိုယ့်ရဲ့နဂိုမူလ ရင်သားအစစ်ကိုသာ ခံစားနေမိပါလိမ့်မယ်။ ရင်ဘတ်ကြွက်သားနဲ့ ရင်သားတစ်သျူးရဲ့ကြားမှာ ဆီလီကွန်ထည့်မယ်ဆိုရင်တော့ ကိုယ်က ရင်သားတစ်သျူးများပြီးသားသူဆိုရင် သဘာဝဆန်ဆန် ခံစားရနိုင်ပါမယ်။ ရင်သားတစ်သျူး နည်းတဲ့သူဆိုရင်တော့ ဆီလီကွန်ကို နဂိုရင်သားက အပြည့်မဖုံးနိုင်တာကြောင့် သဘာဝဆန်တယ်လို့ မခံစားရနိုင်ပါဘူး။

နောက်ပြီး ဆီလီကွန်ကိုယ်ထည်ရဲ့ အထူအပါးနဲ့လည်း သဘာဝကျ/မကျ၊ လှ/မလှဆိုတာက သက်ဆိုင်နေပါသေးတယ်။ ချောမွေ့တဲ့ကိုယ်ထည်နဲ့ ဆီလီကွန်တွေက သဘာဝပိုကျပြီး လှုပ်ရှားမှုများတဲ့အခါ နဂိုမူလရင်သားတွေလို လိုက်လှုပ်ခါနေတတ်ပါတယ်။ ကိုယ်ထည်အထူနဲ့ကျ ကိုင်လိုက်တဲ့အခါ ရေမြှုပ်ရဲ့ကြမ်းတဲ့ဘက်ခြမ်းကို ကိုင်နေရသလို ခံစားရတတ်ပေမဲ့ ဘယ်လောက်လှုပ်လှုပ် လိုက်မလှုပ်ဘဲ မြဲမြံနေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့နေ့စဉ်လှုပ်ရှားမှုပေါ် မူတည်ပြီးလည်း ကိုယ်ထည်အထူအပါးကို ရွေးချယ်နိုင်ပါတယ်။

ရင်သားခွဲစိတ်ကုသမှုကလည်း တခြားခွဲစိတ်မှုတွေလိုပဲ မခွဲခင်နဲ့ ခွဲစိတ်ပြီးတဲ့အခါမှာ အနားယူရတာ၊ လိုက်နာရတာတွေ ရှိပါတယ်။

နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အခန့်မသင့်ရင် . . .

– ရင်သားနာကျင်ခြင်း

– ပိုးဝင်ခြင်း

– နို့သီးခေါင်းနဲ့ ရင်သားခံစားမှုပြောင်းလဲခြင်း

– ဆီလီကွန်နေရာလွဲခြင်း

– ဆီလီကွန်ကွဲထွက်ခြင်း

– ပုံပျက်စေတဲ့ အမာရွတ်တစ်သျူးများ ထွက်လာခြင်း စတာတွေဖြစ်နိုင်ပါတယ်။ ဒီလိုကြုံရတဲ့အခါ ထပ်မံခွဲစိတ်ဖို့လိုအပ်တာ၊ ဆီလီကွန်ထုတ်ပစ်ရတာတွေ ဖြစ်လာနိုင်ပါတယ်။

.

ရေရှည်ဆိုးကျိုးအနေနဲ့ ရင်သားခွဲစိတ်ပြုပြင်မှုကြောင့်ဖြစ်တဲ့ ကင်ဆာတစ်မျိုး (Anaplastic large cell lymphoma) ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမယ့် ဖြစ်တဲ့သူတော့ တော်တော်လေးနည်းပါတယ်။ Breast implant illness လို့ခေါ်တဲ့ . . .

– ပင်ပန်း‌နွမ်းနယ်ခြင်း

– မှတ်ဉာဏ်ဆုံးရှုံးခြင်း

– အရေပြားအဖုအပိမ့်ထခြင်း

– အာရုံစိုက်ရခက်ခဲခြင်း

– အတွေးများဝေဝါးခြင်း

– အဆစ်များရောင်ရမ်းနာကျင်ခြင်း စတာတွေကို ကာလတို (သို့) ကာလရှည် ခံစားရနိုင်ပါတယ်။ ဆီလီကွန် ပြန်ထုတ်လိုက်မှ တစ်ခါပြန်ပြီး ခံစားရတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ကြိုတင်စဉ်းစားထားသင့်တာက…….

– ရင်သားခွဲစိတ်တာဟာ ရင်သားတွေကို တင်းရင်းမသွားစေပါဘူး။ စနစ်တကျမထိန်းသိမ်းရင် တွဲကျတာမျိုးဖြစ်တတ်လို့ ခွဲပြီးနောက်ပိုင်းမှာ သေချာဂရုစိုက်‌ပေး‌‌ရဦးမှာပါ။

– အများဆုံး ဆယ်နှစ်ဝန်းကျင်ထိခံပြီး တစ်သက်လုံးခံတာမဟုတ်လို့ အသက်အရွယ်၊ ကိုယ်အလေးချိန်အရ ချိန်ဆစဉ်းစားပါ။

– တချို့အမျိုးသမီးတွေက ရင်သားဆီလီကွန်ထည့်ပြီး ကလေးနို့တိုက်လို့ရပေမယ့် တချို့ကမရကြပါဘူး။

– ဆီလီကွန်ထုတ်ပြီးရင်လည်း ရင်သားပုံပြန်ကျအောင် ထပ်ပြီးခွဲစိတ်ရတာတွေ ရှိလာနိုင်ပါတယ်။

– ဆီလီကွန်ကွဲထွက်တာကို ကြိုတင်ကာကွယ်နိုင်ဖို့ စစ်ဆေးမှုတွေ မကြာခဏလုပ်ရဦးမှာပါ။

ရင်သားဆီလီကွန်မထည့်ခင်မှာ အကြံပြုချင်တာလေးက

– ကိုယ့်စိတ်ဆန္ဒရှိလို့လား…….

– ပတ်ဝန်းကျင်က (အထူးသဖြင့် ချစ်သူ/ယောကျာ်း) ကိုယ့်ရဲ့ရင်သားကို ဝေဖန်ပြောဆိုလို့ မခံနိုင်ရုံသက်သက် လုပ်ချင်နေတာလား……. ဆိုတာကိုပါပဲ။

ကိုယ်တိုင် စိတ်ဆန္ဒအပြည့်ရှိပြီး နောက်ဆက်တွဲတွေကို ရင်ဆိုင်နိုင်မှသာ ပြုလုပ်သင့်ပါတယ်။

ကိုယ့်ရဲ့အရပ်၊ အလေးချိန်၊ အရိုးအဆစ်ပုံစံနဲ့ ကိုက်ညီပြီး အံဝင်ခွင်ကျဖြစ်မယ့် ရင်သားအရွယ်အစားကိုသာ ရွေးချယ်ကြဖို့၊ ပြုပြင်ကြဖို့လည်း တိုက်တွန်းလိုက်ရပါတယ်နော်။

Reference : ????

https: // my . clevelandclinic . org /health/treatments/21724-breast-implants

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here