အားဆေး‌အကြောင်း သိကောင်းစရာ (January,2024)

0
459

လူနာတွေက အားရှိအောင် အားဆေး ဘာသောက်ရမလဲ မေးကြတယ်….

အားဆေးတွေက တကယ်ရော အားရှိလား ????

အားရှိတယ်၊ အလုပ်လုပ်တယ်၊ ပြေးတယ် လွှားတယ်… ဒီလိုမျိုး လှုပ်ရှားမှုတွေအတွက် ခန္ဓာကိုယ်က ကယ်လိုရီ ဆိုတဲ့အရာကို အသုံးပြုပါတယ်။ ကယ်လိုရီတွေက ဘယ်ကရလဲဆိုတော့ ကားဆီဖြည့်သလို 92 ၊ 95 ၊ ဒီဇယ် စတာတွေလိုပဲ ပုံမှန်စားနေတဲ့ ထမင်းဟင်းတွေကနေ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်ဆိုတဲ့ အသွင်နဲ့ ရပါတယ်။

ကိုယ်တွင်း လောင်စာချက်တဲ့ ATP ဆိုတဲ့ ပစ္စည်းလေးထွက်ဖို့အထိကတော့ ကိုယ်တွင်း ဇီဝဖြစ်စဉ်အဆင့်ဆင့်ပေါ့။ ဒီဖြစ်စဉ်တွေမှာ ဗီတာမင် B အုပ်စုလို B1 တို့ B2 တို့လို ဗီတာမင်ဓာတ်လေးတွေက အင်ဂျင်ဝိုင်လိုမျိုး… စက်က ဆီကို ပိုမြန်မြန်သုံးနိုင်အောင် လောင်စာ မြန်မြန်ချက်လို့ ပြီးစေအောင် ကူညီပေးပါတယ်။

ဒီတော့ အားဆေးသောက်ရင် အားရှိလားဆိုတော့… အစားကောင်းကောင်းလည်း စားတယ်၊ ဗီတာမင်ဘီအုပ်စု အားဆေးလည်း သောက်တယ်ဆိုရင်တော့ ပိုအားရှိသလို ခံစားရတာကတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ အိပ်ချိန်မှန်တာတို့ စိတ်ကြည်လင်နေတာတို့လည်း အခံအနေနဲ့ ရှိနေဖို့ လိုအပ်တာပေါ့နော်။

ဘာမှကိုမစားဘဲ အားဆေးတွေ ထိုင်သောက်နေမယ်ဆိုရင်တော့ အားမရှိစေပါ။ အားဆေးကနေ ကယ်လိုရီ တ်ိုက်ရိုက်မရပါ… ဝိတ်လည်း မတက်စေပါ။

အားဆေးဆိုတာ တကယ်လိုအပ်လား

ဘယ်သူတွေက သောက်ဖို့လိုလဲ

ဘယ်သူတွေက သောက်ဖို့မလိုဘူးလဲ ဆိုတာကတော့…

• ပုံမှန် လှုပ်ရှားသွားလာ စားသောက် အိပ်ပျော်နေတဲ့ သက်လတ်ပိုင်းအတွက်တော့ မလိုအပ်ပါဘူး။

• ဆေးလိပ်သောက်သူတွေမှာတော့ ဗီတာမင်စီ အားဆေး ထည့်သောက်ဖို့ လိုပါတယ်။

• ကလေးတွေမှာလည်း ကြီးထွားနှုန်းမြန်တာကြောင့် မှီဝဲသင့်ပါတယ်။

• ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကတော့ ၂ ယောက်စာဆိုတော့ အားဆေးသောက်ဖို့လိုတာ အမှန်ပါပဲ။

• နောက်ပြီး သွေးအားနည်းတတ်တဲ့သူ၊ သာလစီးမီးယား ရောဂါရှိသူ၊ ကိုယ်ဝန်ရဖို့ ကြိုးစားနေသူ၊ ကင်ဆာဆေးသောက်နေသူတွေမှာ ဖောလစ်အက်ဆစ်ပါတဲ့အားဆေးမျိုး သောက်ရပါမယ်။

• အသက်ကြီးသူတွေမှာလည်း အူကနေ ဗီတာမင် စုပ်ယူနိုင်တာနည်းလို့ အစုံပါတဲ့ အားဆေးမျိုး တစ်နေ့တစ်လုံးလောက် သောက်ပေးလို့ရပါတယ်။

• ရာသီသွေး အဆင်းများရင်တော့ သံဓာတ်ပါတဲ့ အားဖြည့်ဆေးတွေ လိုပါမယ်။

• ပုံမှန် နေပူထဲထွက်ဖြစ်တဲ့သူဆို ဗီတာမင်ဒီ အားဆေး အထွေထူးမလိုပါ… နို့နဲ့ နို့ထွက်ပစ္စည်း များများစားပေးရင် ရပါတယ်။

• ကျောက်ကပ်၊ အသည်း စတဲ့ရောဂါအခံရှိသူတွေကတော့ အားဆေးပဲဖြစ်ဖြစ် ဖြည့်စွက်စာပဲဖြစ်ဖြစ် ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ သောက်သင့်ပါတယ်။

….

◾အော်ဂန်းနစ်တို့ ဖြည့်စွက်စာတို့ကရော အားဆေးပဲလား

အစားအစာအုပ်စု အစုံစားမယ်… အသီးအရွက်၊ အသားငါး၊ သစ်သီး စုံလင်မျှတအောင် စားတာကသာ ကျန်းမာရေးအတွက် အကောင်းဆုံးပါ… ဖြည့်စွက်စာတွေ မလိုပါ။

ဒါပေမယ့် အစားပျက်နေတယ်၊ ဆေးရုံတက်နေရတယ်၊ နလန်ထစ ဖြစ်နေတယ်၊ ပုံမှန်လူတစ်ယောက်လို ပြန်မစားနိုင်သေးရင်တော့ အာဟာရမှုန့် ဖြည့်စွက်စာတွေကို ထမင်းဟင်း အစားထိုးသဘောနဲ့ သောက်လို့ရပါတယ်။

အခုခေတ်မှာ ဘာအားဖြည့်ဆေး ညာအားဖြည့်ဆေး၊ ဟိုဟာအတွက် ဒီဟာအတွက်ဆိုပြီး ကြော်ငြာတာတွေ တအားကို များလာပါတယ်။ ဒီလိုအချိန်မှာ တတ်နိုင်သမျှ သဘာဝနဲ့ နီးစပ်အောင်နေတာမျိုး၊ ဘိုးဘေးဘီဘင်လက်ထက်က အစားအစာတွေလိုပဲ အစုံစားတာမျိုး ပြုလုပ်ပြီး ဖြည့်စွက်စာတွေကို မေ့ထားလိုက်တာ အကောင်းဆုံးပါ။

နောက်ဆုံးအနေနဲ့ကတော့….

အားဆေးတွေ သောက်တာများရင် ဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။

– ဗီတာမင်စီ ဆိုရင် ဆီးကျောက်ဖြစ်စေနိုင်တာမျိုး

– ဗီတာမင်အေ ဆိုရင် အသည်းရောင်တာမျိုး

– ဗီတာမင်ဒီ ဆိုရင် တစ်ကိုယ််လုံး ကယ်လစီယမ် များပြီး နှလုံးသွေးကြောကျဉ်းတာ စတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဆိုတော့ အမြဲတမ်း “ တန်ဆေး လွန်ဘေး´´ ကို သတိတရရှိပြီး အာဟာရပြည့်ဝအောင် ပိုမိုစားသုံးကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အာဟာရဆရာဝန်တစ်ဦး

Telekyanmar

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here