သွေးတိတ်စေတဲ့ သွေးဆဲလ် (Platelets) တွေ ဖျက်စီးခံရတဲ့အခါ “ Immune Thrombocytopenic Purpura (ITP)” (January,2024)

0
383

*** သွေးတိတ်စေတဲ့ သွေးဆဲလ် (Platelets) တွေ ဖျက်စီးခံရတဲ့အခါ ***

???? ရိုးတွင်းချဥ်ဆီကနေ ထုတ်ပေးတဲ့ ကျွန်တော်တို့ရဲ့သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးဥမွှားလေးတွေ ပါဝင်ပါတယ်။

ခန္ဓာကိုယ်မှာ အကြောင်းတစ်ခုခုကြောင့် သွေးထွက်တဲ့အခါ Platelets လို့ခေါ်တဲ့ သွေးဥမွှားလေးတွေက သွေးတိတ်စေဖို့ လုပ်ဆောင်ပေးပါတယ်။

ဒီနေ့မှာတော့ ကလေးတွေမှာအဖြစ်များတဲ့ ကိုယ်ခံအားစနစ်မမှန်ခြင်းကြာင့် သွေးဥမွှားများ ပျက်စီးခြင်းရောဂါ – Immune Thrombocytopenic Purpura (ITP) အကြောင်းကို ပြောပြသွားပါမယ်။

ITP မှာ ကိုယ်ခံအားစနစ်မမှန်ခြင်းကြောင့် သွေးဥမွှားတွေကို တိုက်ခိုက်တဲ့ပဋိပစ္စည်း (Antibodies) တွေ ထွက်လာပြီး သွေးဥမွှား‌တွေကို ပျက်စီးစေပါတယ်။ ပျက်စီးသွားတဲ့ သွေးဥမွှားတွေကို ဘေလုံး (Spleen) ကနေ ရှင်းထုတ်တာကြောင့် သွေးထဲမှာ သွေးဥမွှားဆဲလ်တွေ ကျဆင်းသွားကာ သွေးယိုတာတွေ ဖြစ်လာပါတယ်။

ဖြစ်ပွားမှုကာလပေါ်မူတည်ပြီး ITP ရောဂါဟာ…

– ကလေးတွေမှာ အဖြစ်များလေ့ရှိတဲ့ (Acute ITP) နဲ့

– လူကြီးတွေမှာ ဖြစ်လေ့ရှိတဲ့ နာတာရှည် (Chronic ITP) ဆိုပြီး (၂) မျိုး ရှိပါတယ်။

.

ကလေးတွေမှာဖြစ်လေ့ရှိတဲ့ Acute ITP ဟာ ပါးချိတ်ရောင်ရောဂါနဲ့ ဗိုင်းရပ်စ်ပိုးဝင်ပြီးနောက် အချိန်တွေမှာ ဖြစ်လေ့ရှိပါတယ်။

ရောဂါလက္ခဏာအတွက် ကုသမှုလိုအပ်လေ့မရှိဘဲ (၆) လအတွင်း သက်သာသွားလေ့ရှိပါတယ်။

(၆) လထက်ပိုပြီး ရောဂါလက္ခဏာပြကာ ပိုပြင်းထန်လာရင်တော့ နာတာရှည်ရောဂါ – Chronic ITP လို့ သတ်မှတ်ပါတယ်။

???? ရောဂါလက္ခဏာများ

– အရေပြားအောက်တွင် အနီစက်လေးများ ထွက်ခြင်း (Petechiae)

– ထိခိုက်ဒဏ်ရာရပါက အလွယ်တကူ သွေးခြေဥခြင်း

– သွားဖုံးသွေးယိုခြင်း၊ သွေးအန်ခြင်း

– နှာခေါင်းသွေးယိုခြင်း

– ဆီးနှင့်ဝမ်းတွင် သွေးပါခြင်း

– ရာသီသွေးများခြင်း

– သွေးအားနည်းခြင်းတို့ ဖြစ်တတ်ပါတယ်။ .

သွေးဥမွှားအရေအတွက် အလွန်လျော့နည်းပါက ဦးနှောက်သွေးယိုစိမ့်ခြင်း (ICH) ကြောင့် အသက်အန္တရာယ် ရှိနိုင်ပါတယ်။

.

???? ဒါကြောင့် အထက်ပါ လက္ခဏာမျိုးဖြစ်လာခဲ့ရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ပြသပြီး လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့လိုပါတယ်။

– ရောဂါရာဇဝင်မေးခြင်း

– သွေးနီဥ၊ သွေးဖြူဥနှင့် သွေးဥမွှား အရေအတွက်စစ်ဆေးခြင်း

– ရိုးတွင်းချဉ်ဆီ စစ်ဆေးခြင်းများပြုလုပ်ပြီး ရောဂါအဖြေရှာနိုင်ပါတယ်။

???? ကုသမှုအနေနဲ့

➤ ဆရာဝန်ညွှန်ကြားမှုနဲ့အတူ စတီးရွိုက် (Steroids) ဆေးဖြင့် ကုသနိုင်ပါတယ်။ Steroids ပေးခြင်းဖြင့် သွေးဥမွှားတွေ ဖျက်စီးခံရမှုလျော့နည်းစေပြီး (၂) ပတ်ကနေ (၃) ပတ်အတွင်း သွေးဥမွှားပမာဏကို ပြန်ပြီးတက်လာစေပါတယ်။

➤ ကိုယ်ခံအားကောင်းစေသောဆေး (Immune globulin) ပေးခြင်း၊ ရိုးတွင်းချဥ်ဆီအနေဖြင့် သွေးဥမွှားပိုထုတ်စေသော ဆေးများပေးခြင်း၊ ကိုယ်ခံအားကို ထိန်းညှိသောဆေးများ ပေးခြင်းဖြင့်လည်း ITP ကို ကုသနိုင်ပါတယ်။

➤ အထက်ပါဆေးတွေနဲ့ မသက်သာရင် သွေးဥမွှားတွေကို ဖျက်ဆီးနေတဲ့ ဘေလုံးကို ခွဲစိတ်ကုသမှု (Splenectomy) ခံယူလို့ရပါတယ်။ ဘေလုံးထုတ်ပြီးတဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေလည်းရှိတာမို့ ကောင်းကျိုးနဲ့ဆိုးကျိုး (Pros and cons) ကို သေချာချိန်ဆပြီး ကုသမှုခံယူနိုင်ပါတယ်။

???? ITP ရောဂါဖြစ်ပွားနေတဲ့ ကလေးငယ်များအတွက် ဆောင်ရန်၊ ရှောင်ရန်များ

– ရောဂါရှိကလေးငယ်တွေအနေနဲ့ ထိခိုက်ဒဏ်ရာရနိုင်တဲ့ ကစားနည်းတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။

– ထိခိုက်အန္တရာယ်မဖြစ်စေဖို့ စက်ဘီး၊ စကိတ်စီးတဲ့အခါ ဦးထုပ်၊ ဒူးကာ၊ တံတောင်ဆစ်ကာတွေ ဝတ်ဆင်ပေးပါ။

– သွေးကျဲဆေးတွေ၊ အကိုက်အခဲပျောက်ဆေး၊ စပ်ဆေး‌တွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မသောက်ရပါ။

– ရောဂါသည်ကလေးငယ်တွေအနေနဲ့ စတီးရွိုက်ဆေးတွေ၊ ကိုယ်ခံအားဖိနှိပ်စေတဲ့ဆေးတွေ သောက်နေရတယ်ဆိုရင် လူစုလူဝေးရှိတဲ့နေရာတွေကို သွားတာကနေ ရှောင်ကြဉ်ပါ။ အပြင်သွားပါက နှာခေါင်းစည်း (Masks) တပ်ပါ။ လက်ကို မကြာခဏဆေးပါ။

????Reference

https: // www . cedars – sinai . org /health-library/diseases-and-conditions—pediatrics/i/immunethrombocytopenic-purpura-in-children.html

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here