ဖျားနေသူကို အပူမထုတ်ရ (January,2024)

0
361

ဖျားနေသူကို ရိုးရာဆေးမှုန့်လေးတွေနဲ့ ရေနွေးပူပူလေးတိုက်၊ အနွေးထည်ထူထူ ဝတ်ပေး၊ စောင်အထပ်ထပ်ခြုံပြီး အပူကို အပူနဲ့တိုက်…

အဲဒီလိုသာ အပူထုတ်လိုက်ရင် ချွေးတွေလည်းထွက် အဖျားတွေလည်းကျပြီး နေလို့ထိုင်လို့ ကောင်းသွားရော… ဟုတ်တယ်မို့လား။

ဒါပေမယ့် ဆရာဝန်တွေ ဘာလို့များ အဲဒီလို နည်းလမ်းတွေ မလုပ်ခိုင်းကြပါလိမ့် ????

အမှန်က ဒီလိုပါနော်

ဘာကြောင့် အပူမထုတ်ခိုင်းရလဲဆိုရင် အရင်ဆုံးတော့ ဖျားတာနဲ့ ပတ်သက်တဲ့ အခြေခံလေး ​သိထားသင့်ပါတယ်။

ကိုယ်အပူချိန်တက်တယ် (ဖျားတယ်) ဆိုတာဟာ အများအားဖြင့် ခန္ဓာကိုယ်အတွင်း ရောဂါပိုးတွေကိုဖြစ်စေ၊ တခြားအရာတွေကိုဖြစ်စေ တိုက်ထုတ်ရာကတစ်ဆင့် ထွက်ပေါ်လာတဲ့ ဓာတ်ပစ္စည်းလေးတွေရဲ့ အကျိုးသက်ရောက်မှုကြောင့်ပါ။

ဒါကြောင့် အဲဒီဓာတ်ပစ္စည်းလေးတွေရဲ့ အာနိသင်လျော့ကျသွားအောင် ပါရာစီတမောလို အဖျားကျဆေးမျိုးကိုပဲ ဆရာဝန်တွေက ညွှန်လေ့ရှိကြပါတယ်။

အပူထုတ်ခိုင်းတာမျိုးတွေ မလုပ်ကြပါဘူး။

ဘာကြောင့်လဲဆိုရင်…

သာမန်လူတွေမှာ ကိစ္စမရှိပေမယ့် ရောဂါအခံပြင်းသူ၊ သက်ကြီးရွယ်အို၊ ကလေးငယ်တွေနဲ့ နဂိုကတည်းက ရေဓာတ်ခမ်းခြောက်မှု ရှိနေသူတွေမှာတော့ အပူထုတ်ပြီး ချွေးထွက်များစေတာဟာ မကောင်းသလို…

အခန့်မသင့်ရင် နဂိုရောဂါကို ပိုဆိုးစေပြီး ခန္ဓာကိုယ်အတွက်လည်း အန္တရာယ်ပိုများစေတာကြောင့်ပါ။

အသေးစိတ်လေး နည်းနည်း ဆက်ပြောပါရစေနော်…

​ချွေးထွက်တဲ့အခါ ခန္ဓာကိုယ်ထဲက ရေဓာတ်နဲ့အတူ သတ္ထုဓာတ်တွေ ဆားဓာတ်တွေပါ ဆုံးရှုံးသွားစေပါတယ်။

ပါရာစီတမောလို သာမန်အဖျားကျဆေး​ဟာ ချွေးအနည်းငယ်စို့စေပြီး ကိုယ်အပူချိန်ကျသွားတယ်ဆိုပေမယ့် အပူထုတ်တဲ့အခါမျိုးမှာတော့ ချွေးစို့ရုံမက ချွေးတဒီးဒီးနဲ့ပါ ချွေးထွက်လွန်စေပါတယ်။

ဒီအခါ လူက ခဏတာအဖျားကျပြီး နေထိုင်လို့ ကောင်းသွားပေမယ့် (အဓိကအကြောင်းရင်းကို ကုသတာ မဟုတ်လို့) မကြာခင်မှာပဲ ကိုယ်ပူပြီး အဖျားပြန်တက်လာတဲ့အခါ….

ခန္ဓာကိုယ်ထဲမှာ ရေဓာတ်နဲ့ အခြားသတ္တုဓာတ်တွေ အတော်လေး ဆုံးရှုံးသွားပြီမို့ ကိုယ်ခံစွမ်းအားကို ထိခိုက်စေပြီး ရောဂါအခံကို ပိုဆိုးစေတတ်ပါတယ်နော်။

မျက်စိထဲမြင်အောင် ပြောရရင်တော့…

ကိုယ့်မှာ အဖျားငွေ့ငွေ့လေး ရှိနေတာ သတိမထားမိဘဲ ချွေးထွက်များစေတဲ့ အားကစားလေ့ကျင့်ခန်းတွေ လုပ်မိတဲ့အခါ ခန္ဓာကိုယ်က ပိုပြီးဒဏ်ခံရသလိုမျိုးပေါ့။

ဒါကြောင့် ကိုယ်အပူချိန်တက်ပြီး ဖျားနေတဲ့အခါ…

• ကောင်းကောင်း အနားယူပါ

• ပင်ပန်းတာတွေ မလုပ်ပါနဲ့

• ချွေးထွက်များစေတာမျိုးတွေ ရှောင်ကြဥ်ပါ

• အစာပျော့ပျော့ (အစာကြေလွယ်တာမျိုးတွေ) စားပါ

• အာဟာရပြည့်ဝအောင် ဂရုစိုက်ပါ

• အထူးသဖြင့် သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ အခြားရောဂါအခံရှိသူတွေမှာ အပူထုတ်တာမျိုးကို လုံးဝ မလုပ်မိပါစေနဲ့လို့ အကြံပြုပြောကြားရင်း….

အားလုံးပဲ ကျန်းမာရေးဗဟုသုတတွေ တိုးပွားကြပါစေကြောင်း ဆုတောင်းလျက်….

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here