????ခွေးရူးပြန်ရောဂါနှင့် ကာကွယ်ဆေးအကြောင်း

မတော်တဆ ခွေးကိုက်ခံရတာတွေဟာ အတော်လေးအဖြစ်များကြသလို တယ်လီကျန်းမာရဲ့ Messenger မှာ ဒီအကြောင်းနဲ့ဆက်စပ်ပြီး ကာကွယ်ဆေး ထိုးသင့်/မထိုးသင့်၊ ထိုးရင် ဘယ်လိုထိုးရတာလဲ ဆိုတာမျိုးတွေ အမေးများကြတဲ့အတွက် သိထားသင့်တဲ့ အခြေခံဗဟုသုတလေးတွေ စု​စည်းပေးထားလိုက်ပါတယ်။

????ခွေးရူးပြန်ရောဂါဆိုတာ ဘာလဲ

Rabies ခေါ် ခွေးရူးပြန်ရောဂါဟာ ခွေးရူး ဗိုင်းရပ်စ်ပိုး‌ ကြောင့်ဖြစ်ရပြီး တိရိစ္ဆာန်တွေကနေ လူကိုကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။

လူမှာဖြစ်တဲ့ ခွေးရူးရောဂါရဲ့ ၉၆% ဟာ ခွေးတွေဆီက ကူးတာပါ။ ဒါပေမယ့် သွေးနွေးသတ္တဝါတွေဖြစ်တဲ့ အိမ်မွေးကြောင်၊ နွား၊ မြင်း၊ မြေခွေး၊ မျောက်တွေ၊ လင်းနို့တွေ ကိုက်မိရင် ဒါမှမဟုတ် လူ့ခန္ဓာကိုယ်မှာရှိတဲ့ ပွန်းပဲ့ဒဏ်ရာ၊ အနာနဲ့ မျက်စိတို့ကို တိရိစ္ဆာန်ရဲ့လျှာနဲ့လျက်မိရင်လည်း ကူးနိုင်ပါတယ်။

ဒါကြောင့် မိမိဝန်းကျင်မှာ သွားရည်တွေကျပြီး ဖျားနာနေတဲ့ အိမ်မွေးတိရိစ္ဆာန်‌တွေ၊ မွေးမြူရေးတိရိစ္ဆာန်တွေ ရှိနေရင် သူတို့ကိုကို ထိတွေ့ကိုင်တွယ်ရာမှာ အထူးသတိထားရပါမယ်။

????ခွေးကိုက်ခံရရင် ဘာလုပ်ရမလဲ

ခွေးတံတွေးမှာ ခွေးရူးပြန်ရောဂါပိုး ပါရှိနေနိုင်တာမို့ အနာကို ရေ၊ ဆပ်ပြာနဲ့ (၁၀) မိနစ်မှ (၁၅) မိနစ်အထိ အချိန်ကြာကြာ သေချာဆေးပါ။ ဆပ်ပြာမရှိရင် ရေနဲ့ပဲ ဆေးပါ။

*** (ဒီအချက်ဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်) ***

အနာကို အရက်ပြန် သို့မဟုတ် အိုင်အိုဒင်း ဆေးဝါရည် ရှိရင် လိမ်းပါ။

ပြီးရင် အနီးစပ်ဆုံး ဆေးကုသမှုဌာနကို သွားရပါမယ်။

????ခွေးကိုက်ခံရလျှင် ဘာတွေ မလုပ်သင့်ဘူးလဲ

‌အကိုက်ခံရ‌တဲ့ အနာကို အရွက်တွေအုံတာ၊ ထောင်းထုပြီး ထည့်တာ၊ ဆေးမှုန့်တွေ ထည့်တာ၊ မန်းမှုတ်တာ၊ အနာကို တင်းကျပ်စွာ ဖုံးအုပ်တာ၊ ပတ်တီးစီးတာ၊ ပလာစတာကပ်တာတွေ မလုပ်ရပါ။

????ခွေးရူးရောဂါဟာ ကုသလို့ရလား

ခွေးရူးရောဂါဖြစ်ရင် ကုသဖို့ ဆေးမရှိပါ။ လူနာကို နာကျင်မှု အနည်းနိုင်ဆုံးနဲ့ သက်တောင့်သက်သာဖြစ်အောင်ထားတဲ့ ကုသမှုမျိုးပဲ လုပ်ပေးနိုင်ပါတယ်။

တိတ်ဆိတ်ပြီး ဘာသံမှ မကြားရတဲ့အခန်းမှာ လူနာကို ထားရပါတယ်။ အသံ၊ အလင်း၊ လေ‌အေးအေး စတဲ့ အရာတွေက လူနာကို နာကျင်ပြင်းထန်တဲ့ ကြွက်သားတောင့်တင်းမှုတွေ၊ တက်ခြင်းတွေ ဖြစ်စေပါတယ်။ အိပ်ဆေး၊ အတက်ကျဆေးတွေ ပေးရပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ခဲ့ရင် ရောဂါကိုကုသဖို့ဆေး လုံးဝမရှိဘဲ သေဆုံးနှုန်းဟာ (၁၀၀) ရာခိုင်နှုန်းပါ။

ခွေးရူးပြန်ရောဂါဆိုတာ ခွေးကိုက်ပြီး အချိန်မီကာကွယ်ဆေး အပြည့်မထိုးလို့ ဖြစ်ပေါ်လာရတယ်ဆိုတာလည်း သတိပြုစေချင်ပါတယ်။

????ခွေးကိုက်ခံရရင် ဆေးမထိုးသေးဘဲ ခွေးရူး၊ ခွေးကောင်း ဟုတ်/မဟုတ် (၁၀) ရက် စောင့်ကြည့်လို့ရလား

လုံးဝ မရပါဘူး။ (၁၀) ရက်အတွင်း ခွေးမရူးခင် လူက ခွေးရူးရောဂါ ဖြစ်နိုင်ပါတယ်။ ဆေးထိုးရပါမယ်။

????ဘယ်လိုပုံစံ အကိုက်ခံရရင် ဆေးထိုးရမလဲ

ခွေးရူး‌ရောဂါ ရှိတယ်ထင်ရတဲ့ တိရစ္ဆာန်ရဲ့ ကိုက်ခံရတဲ့ အနာကို ဒဏ်ရာပြင်းထန်မှုပေါ် မူတည်ပြီး အမျိုးအစား Category (၃) ခု ခွဲနိုင်ပါတယ်။

• Category I – ခွေးက ကိုယ့်အသားကို ထိရုံထိမိတာ၊ အသားကို လျှာနဲ့လျက်မိတာ။ အသား/အရေပြား ပေါက်ပြဲသွားခြင်း လုံးဝမရှိ။

(ဒီအနာမျိုးကို ရေ၊ ဆပ်ပြာနဲ့ သေချာစွာ ဆေးရပါမယ်။ ဆေးထိုးစရာမလိုပါ။)

.

• Category II – သွေးမထွက်ပေမယ့် ‌အပေါ်ယံအရေပြား လန်သွားတာမျိုးပါ။

(အနာကို ဆေးကြောခြင်း၊ ကာကွယ်ဆေးထိုးခြင်း လုပ်ရပါမယ်။)

• Category III – တစ်ချက်ထဲဖြစ်စေ အချက်များစွာ ဖြစ်စေ အရေပြားအောက်ထိ နစ်ဝင်ကိုက်ခံရခြင်း၊ မျက်နှာ၊ လည်ပင်း၊ ခေါင်း၊ လက်၊ မျိုးပွားအင်္ဂါအနီးတစ်ဝိုက်ကို ကိုက်ခံရခြင်း၊ မျက်လုံးစတဲ့ အမြှေးပါးနေရာတွေကို တိရိစ္ဆာန်က လျက်မိခြင်း၊ မိမိခန္ဓာကိုယ်က အနာ၊ ပေါက်ပြဲဒဏ်ရာများကို တိရစ္ဆာန်တံတွေးနဲ့ ထိမိခြင်း၊ လင်းနို့များထံမှ တိုက်ရိုက်ကူးစက်ခံရခြင်း

(ဒီအနာများကို ဆေးကြောသန့်စင်ခြင်း၊ ရိုးရိုးကာကွယ်ဆေးထိုးခြင်း လုပ်ရမယ့်အပြင် အရေးပေါ်ကာကွယ်ဆေး Rabies immunoglobulin ထိုးဆေးပါ ထိုးရပါမယ်။)

????ခွေးရူးပြန်ကာကွယ်ဆေးဆိုတာ ဘာလဲ

ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ၂ မျိုးရှိပါတယ်။ ရိုးရိုး ခွေးရူးကာကွယ်ဆေး (Rabies vaccine) နဲ့ အရေးပေါ် ခွေးရူးကာကွယ်ဆေး (Rabies immunoglobulin) လို့ အလွယ်မှတ်ထားနိုင်ပါတယ်။

????ခွေးရူးကာကွယ်ဆေးနှစ်မျိုး ကွာခြားပုံ

Rabies vaccine လို့ခေါ်တဲ့ ရိုးရိုး ခွေးရူးကာကွယ်ဆေးဟာ ဆေးထိုးပြီးရင် ခန္ဓာကိုယ်ကနေ ဆေးကိုတန်ပြန်တဲ့ ခုခံကာကွယ်ပေးတဲ့ ပဋိပစ္စည်း (Antibody) တွေ ထုတ်ဖို့ (၁၄)ရက် ကြာတတ်ပါတယ်။ သူ့ကို လက်မောင်း ဒါမှမဟုတ် ပေါင်မှာ ထိုးရပါတယ်။

တင်ပါးမှာ မထိုးရပါ။ ဆေးခုခံအား လုံလုံလောက်လောက် ရနိုင်တဲ့နေရာ မဟုတ်တဲ့အတွက် အာနိသင် ထိရောက်မှု မရှိနိုင်လို့ ဖြစ်ပါတယ်။

.

Rabies immunoglobulin လို့ခေါ်တဲ့ အရေးပေါ် ခွေးရူးပြန်ကာကွယ်ဆေးကတော့ ခန္ဓာကိုယ်အပြင်ဘက်မှာ ကြိုတင်ထုတ်လုပ်ထားတဲ့ ready made antibody တွေ ဖြစ်ပါတယ်။ သူ့ကို ကာကွယ်ဆေး စထိုးတဲ့နေ့ (Day0) မှာဖြစ်စေ၊ ဆေးစထိုးတဲ့ (၇) ရက်အတွင်းဖြစ်စေ ခွေးကိုက်ဒဏ်ရာပတ်လည်နဲ့ အနာအောက်ခြေမှာ ထိုးပေးရပါတယ်။

ခွေးကိုက်ဒဏ်ရာဟာ အလွန်ပြင်းထန် (Category III) ဖြစ်ခဲ့ရင်၊ ဦးနှောက်နဲ့နီးတဲ့နေရာ (မျက်နှာ၊ လည်ပင်း) တို့မှာဖြစ်ခဲ့ရင် ဆေး၂ မျိုးလုံး ထိုးခြင်းဟာ ခွေးရူးရောဂါကို ရာနှုန်းပြည့် ကာကွယ်ပေးနိုင်ပါတယ်။

????ခွေးရူးကာကွယ်ဆေးက ချက်ကို ပတ်ပတ်လည် ဆေးထိုးရတာလား

ဒါက အရင်ကအသုံးပြုခဲ့တဲ့ ထိုးနည်းတွေ ဖြစ်ပါတယ်။ အခု အဲဒီလို မဟုတ်တော့ပါဘူး။ Rabies vaccine ဆေးထိုးနည်းက Pre-exposure Prophylaxis လို့ခေါ်တဲ့ ကြိုတင်ကာကွယ် ထိုးနည်းနဲ့ Post-exposure Prophylaxis လို့‌ခေါ်တဲ့ ခွေးကိုက်ခံရပြီးမှ ထိုးနည်းဆိုပြီး ရှိပါတယ်။

????Pre-exposure Prophylaxis (ခေါ် ) ခွေးကိုက်မခံရမီ ကြိုတင်ကာကွယ်ဆေးထိုးနည်း

တိရိစ္ဆာန်တွေနဲ့ အနီးကပ် ကိုင်တွယ်ရသူတွေ၊ အလုပ်လုပ်ရသူတွေမှာ ထိုးထားသင့်ပါတယ်။

ဆေးကို…

– Day0 (ဆေးစ ထိုးတဲ့ရက်)

– (၇) ရက်မြောက်

– (၂၁/၂၈) ရက်မြောက်

– (၁) နှစ်ကြာ

– (၅) နှစ်မြောက်နေ့တို့မှာ ထိုးပေးရပါတယ်။

????Post-exposure Prophylaxis (ခေါ်) ခွေးကိုက်ခံရပြီး ဆေးထိုးခြင်း

ခွေးကိုက်ခံရရင် ဆေးထိုးနည်းတွေက အမျိုးမျိုး ရှိပါတယ်။

(၁) 2-1-1 (4 vials, 3 visit) ဆေးထိုးနည်း

ထိုးဆေး 0.5 ml ကို လက်မောင်း/ ပေါင်မှာ အသားဆေးထိုးခြင်းပါ။ ဆေးစထိုးတဲ့ ရက် (Day0) မှာ ၂ လုံး၊ (၇)ရက်မြောက်နဲ့ (၂၁/၂၈) ရက်မြောက်တို့မှာ တစ်လုံးစီ ထိုးရပါမယ်။ ပထမဆုံးအကြိမ်မှာ ဆေး (၂) လုံးထိုးခံရပေမယ့် ဆရာဝန်ဆီ အားလုံးပေါင်း (၃) ခါပဲ သွားရပါမယ်။

.

(၂) အသားဆေး (၅) လုံးထိုးနည်း (5 vials, 5 visits)

ဆေးစထိုးတဲ့နေ့ (Day0) ၊ (၃)ရက်၊ (၇)ရက်၊ (၁၄)ရက်၊ (၂၈) ရက်မြောက်နေ့တို့မှာ အသားဆေး 0.5ml တစ်လုံးစီ ထိုးခြင်းပါ။ ဆရာဝန်ဆီ ၅ ခါ သွားရပါမယ်။

.

(၃) လက်မောင်းအရေပြားအောက် ဆေးထိုးနည်း (Intra-dermal regime)

ဆေး 0.1ml စီကို လက်မောင်းအရေပြားအောက်မှာ တစ်ဖက်တစ်ချက်စီ ထိုးခြင်းပါ။ ဆေးစထိုးတဲ့နေ့ (Day0)၊ (၃)ရက်၊ (၇)ရက်မြောက်၊ (၂၈)ရက် နေ့တို့မှာ လက်မောင်းတစ်ဖက်ကို တစ်ချက်စီ လက်နှစ်ဖက်လုံးကို ထိုးရပါတယ်။ ဆေးကို ​ချွေတာရာ‌ရောက်ပြီး ငွေကုန်သက်သာတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဆေးပုလင်းဖွင့်ပြီးရင် (၆) နာရီအတွင်း အကုန်ထိုးသင့်တဲ့အတွက် လူစုပြီး ဆေးထိုးတာမျိုးလုပ်ရင် ပိုကောင်းပါတယ်။ ဒါပေမယ့် အရေပြားအောက်ကို သေချာထိုးတတ်တဲ့ ဆရာဝန်လိုပါတယ်။

.

** ကာကွယ်ဆေး ထိုးရမယ့်ရက်ထက် (၂) ရက် ကျော်သွားရင် အစက ပြန်ထိုးရပါမယ် **

ဆေးကို ရက်ချိန်းအတိုင်း အတိအကျ ဆေးပတ်လည်အောင်ထိုးမှသာ ရောဂါကို ရာနှုန်းပြည့် ကာကွယ်ရာ ရောက်မှာပါ။

????ဆေးထိုးပြီးသားလူ ခွေးထပ်ကိုက်ခံရရင်ရော ပြန်ထိုးရလား

Yes ပါ။ အရင်က ခွေးကိုက်ခံရဖူးလို့ ဖြစ်စေ၊ ကြိုထိုးထားတာဖြစ်‌စေ ဆေးပတ်လည်အောင် ထိုးထားသူများ (Immunized person) မှာ ခွေးထပ်ကိုက်ခံရပါက ထပ်မံဆေးထိုးနည်း (Booster 2 doses regime) ကတော့ ဆေးစထိုးတဲ့နေ့ (Day0) မှာ တစ်လုံး၊ (Day3) မှာ တစ်လုံး အားလုံးပေါင်း ၂ ကြိမ် ထပ်ထိုးရပါမယ်။ Rabies immunoglobulin ထိုးစရာမလိုပါ။

????ခွေးကိုက်ခံရရင် ခွေးရူးကာကွယ်‌ဆေးထိုးတာအပြင် ဘာတွေလုပ်ရသေးလဲ

ပထမဆုံးအဆင့် – အနာကို သေချာသန့်စင်ရပါမယ်။

ဒုတိယအဆင့် – ခွေးရူးကာကွယ်ဆေး ထိုးရပါမယ်။

တတိယအဆင့် – မေးခိုင်ကာကွယ်ဆေး ထိုးရပါမယ်။ ခွေးကိုက်အနာအတွက် လိုအပ်ရင် ပိုးသတ်ဆေး သောက်ဆေး၊ လိမ်းဆေး၊ အရောင်ကျဆေးများ၊ အနာသက်သာတဲ့ဆေးများ လိုတတ်ပါတယ်။

????ကာကွယ်ဆေးထိုးခြင်းကြောင့် ဖြစ်ရတဲ့ ဆိုးကျိုးတွေ

ကာကွယ်ဆေးတွေရဲ့ ထုံးစံအတိုင်း ထိုးတဲ့နေရာမှာ နာတာ၊ နီတာ၊ ရောင်တာနဲ့ ခေါင်းကိုက်သလို၊ ဖျားချင်သလိုဖြစ်တာမျိုး ဘေးထွက်ဆိုးကျိုး ဖြစ်တတ်ပါတယ်။ Rabies immunoglobulin ဟာဆိုရင် ဆေးမတည့်ခြင်း ဖြစ်တတ်ပါတယ်။ ဆေးထိုးပြီးရင် တစ်နာရီခန့် စောင့်ကြည့်သင့်ပါတယ်။

????ခွေးရူးကာကွယ်ဆေးက ခွေးရူးရောဂါပိုးကနေ ထုတ်တယ်ဆိုတော့ သူကရော ရောဂါဖြစ်စေလား

ဆေးတွေက ခွေးတံတွေးမှရတဲ့ ရောဂါပိုးတွေကို အဆင့်ဆင့် အဆိပ်ထုတ်သန့်စင်ပြီး ကာကွယ်ဆေးအမှုန့်အဖြစ် ပြောင်းလဲထုတ်ထားတာပါ။ ရောဂါပိုးကို မပွားအောင် လုပ်ထားပြီးဖြစ်လို့ သူ့ဆီက ရောဂါမကူးနိုင်ပါဘူး။ ကာကွယ်ဆေးတွေရဲ့ ထုံးစံအတိုင်း ဘေးထွက်ဆိုးကျိုးတော့ ဖြစ်နိုင်ပါတယ်။

????ဆေးထိုးနေတုန်း အစားရှောင်ဖို့လိုလား။ ဘာဆေးတွေ ရှောင်ဖို့လိုလဲ

ကိုယ်ခံအားကို ကျစေတဲ့ဆေးတွေ (steroids, chloroquine, ကင်ဆာဆေး) ကို ရှောင်ရပါမယ်။ တကယ်လို့ ဒီဆေးတွေကို မသောက်မဖြစ် သောက်ရမယ်ဆိုရင် Rabies immunoglobulin ပါ အတူတူထိုးရပါမယ်။ အစားရှောင်စရာတော့ မလိုပါဘူး။

????ကာကွယ်ဆေးထိုးထားတဲ့ခွေး ကိုက်ခံရရင်ရော ဆေးထိုးရမလား

ဆေးထိုးထားပြီးတာ သေချာကြောင်း ဓာတ်ခွဲစစ်ဆေးနိုင်ရင်တော့ မထိုးလည်းရပါတယ်။ မဟုတ်ရင်၊ မသေချာရင် ထိုးကိုထိုးရပါမယ်။ မိမိဘာသာ မဆုံးဖြတ်ဘဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။

????ရောဂါကူးစက်ခံရတဲ့ သတ္တဝါရဲ့ အသားကို စားရင်ရော ရောဂါကူးနိုင်လား

အသားအစိမ်းစားခြင်းဟာ ကူးနိုင်ပါတယ်။ ကျက်အောင်ချက်ထားရင်တော့ ကူးစက်နိုင်ခြင်း မရှိပေမယ့် နေမကောင်းတဲ့ သတ္တဝါတွေကို ချက်စားခြင်းမလုပ်တာ အကောင်း‌‌ဆုံးပါ။

????ကိုယ်ဝန်ဆောင် မိခင်၊ နို့တိုက်မိခင်တွေ ထိုးလို့ရလား

ရပါတယ်။ ခွေးရူးကာကွယ်ဆေးတွေဟာ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာ အသုံးပြုဖို့ အန္တရာယ်ကင်းပါတယ်။ ကလေးအပေါ်မှာ ဆိုးကျိုးမဖြစ်စေပါဘူး။

——————။ ။——————

ဒီလောက်ဆိုရင် သိချင်တဲ့မေးခွန်းတွေရဲ့ အဖြေတွေ သိရမယ်လို့ ထင်ပါတယ်နော်။

နှစ်စဉ်နှစ်တိုင်း ခွေးရူးရောဂါကြောင့် ဆုံးရှုံးရတဲ့ အသက်တွေ မနည်းပါဘူး။

ခွေးရူးရောဂါဟာ တစ်ခါတလေ ခွေးကိုက်ပြီး လပေါင်းများစွာကြာမှ ဖြစ်တတ်တာကြောင့် ဖြစ်တဲ့သူဟာ သတိမမူမိတတ်ပါ။ အဲဒီအခါ ခွေးကိုက်ခံခဲ့ရကြောင်း ရောဂါရာဇဝင် မပေးတဲ့အတွက် ဆရာဝန်တွေကလည်း ဦးနှောက်အမြှေးရောင်ရောဂါလို ရောဂါတွေနဲ့ မှားယွင်းကုသတာမျိုး ဖြစ်တတ်ပါတယ်။

ဒီလိုကြောက်ဖို့ကောင်းတဲ့ ရောဂါမျိုးကို ကာကွယ်ကုသဖို့ ‌ကာကွယ်ဆေး ရှိနေပါတယ်။ ဒါကြောင့် ခွေးကိုက်ခံရရင် ဘာလုပ်ရမယ်ဆိုတာနဲ့ အရေးကြီးတဲ့ ခွေးရူးကာကွယ်ဆေးအကြောင်းတွေကို သိရှိထားခြင်းဟာ ရောဂါနဲ့ အသက်အန္တရာယ်ကို ကာကွယ်ရာ ရောက်ပါတယ်။ “အသက်ကို ဉာဏ်စောင့်” ဆိုသလို ခွေးကိုက်ခံရရင် မပေါ့ဆဖို့၊ ဆေးကို အချိန်မီ ဆေးပတ်လည်အောင်ထိုးဖို့ ထပ်မံသတိပေးလိုက်ပါရစေ။

အထူးကုသမားတော်တစ်ဦး

Telekyanmar

Reference – ????

WHO Rabies Facts

https:// www. who. int /news-room/fact-sheets/detail/rabies

WHO Rabies FAQs

https:// www. who. int /docs/default-source/searo/india/health-topic-pdf/b5010.pdf?sfvrsn=619e77a3_2

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here