မျက်ခွံလေး ဖျတ်ခနဲ လှုပ်လှုပ်သွားရင် ကံကောင်းတာလား၊ ကံဆိုးတာလား ဆိုတာကိုပဲ အရင်စဉ်းစားနေကြတုန်းလား …….

မျက်ခွံနဲ့ မျက်ခမ်းစပ်လှုပ်ခြင်း (Eye Twitching) က ကျန်းမာရေးနဲ့ရော ဘယ်လိုဆက်စပ်နေလဲဆိုတာ ဖတ်ကြည့်လိုက်ကြရအောင်။

ဘာကြောင့် မျက်ခွံလှုပ်တာလဲ…….

အဖြစ်အများဆုံး မျက်ခွံလှုပ်ခြင်းကို Ocular Myokymia လို့ ခေါ်ပါတယ်။ ကျန်းမာရေးချို့ယွင်းမှု‌တွေ၊ ဆိုးကျိုးတွေ ဆက်မရှိဘဲ ဒီအတိုင်း သာမန်မျက်ခွံလှုပ်တာ ဖြစ်ပါတယ်။

– ဖုန်းကို ဆက်တိုက်ကြည့်တာ၊ ကွန်ပြူတာနဲ့တောက်လျှောက် အလုပ်လုပ်နေတာမျိုးလို မျက်စိအားကို အလွန်အသုံးပြုတာ

– ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်တွေလို ကဖင်းပါတဲ့အရာတွေ အသောက်များတာ

– စိတ်ဖိစီးမှုများတာ

– မျက်လုံးခြောက်သွေ့တာ

– ကားအကြာကြီးမောင်းရတာ

– စူးရှတဲ့အလင်းရောင်တွေ ထိုးမိတာ

– အာဟာရမပြည့်ဝတာ

– ပင်ပန်းနွမ်းနယ်တာ

– တချို့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုး

– အရက်သောက်တာ… စတာတွေကြောင့် မျက်ခွံလှုပ်တတ်ပါတယ်။

နောက်တစ်ခုကတော့ Benign Essential Blepharospasm လို့ခေါ်တဲ့ မျက်လုံးတစ်ဝိုက်က ကြွက်သားတွေရဲ့ လှုပ်ရှားမှုဆိုင်ရာပြဿနာ ဖြစ်ပါတယ်။ ဒီရောဂါဟာ ဘာကြောင့်ဖြစ်ရလဲဆိုတာကို အတိအကျမသိရပေမယ့် အာရုံကြောစနစ်ထဲက Basal Ganglia လို့ခေါ်တဲ့ဆဲလ်တွေ လုပ်ဆောင်မှုအားနည်းတာကြောင့် ဖြစ်နိုင်တယ်လို့ အများစုကယူဆကြပါတယ်။

ဦးနှောက်နဲ့ အာရုံကြောပြဿနာတွေ ဖြစ်ကြတဲ့…

– လေဖြတ်ပြီး အာရုံကြောထိခိုက်တာ

– Parkinson Disease (ပါကင်ဆန်ရောဂါ)

– စိတ်ကျန်းမာရေးဆေးဝါး‌တွေ သောက်ရတာ

– Meige Syndrome (လှုပ်ရှားမှုနဲ့သက်ဆိုင်တဲ့ အာရုံကြောထိခိုက်မှုရောဂါ)

– Sclerosis ဆိုတဲ့ အကြောသေရောဂါ

– Bell palsy (မျက်နှာတစ်ခြမ်းရွဲ့သွားတာ)

– Hemifacial Spasm (မျက်နှာတစ်ခြမ်း အကြောလိုက်တာ) တွေရဲ့ နောက်ဆက်တွဲလက္ခဏာတစ်ခုအဖြစ်နဲ့လည်း မျက်ခွံ၊ မျက်ခမ်းစပ်လှုပ်တာကို ခံစားရနိုင်ပါတယ်။

မျက်ခွံလှုပ်ခြင်းရဲ့လက္ခဏာတွေကို ဘယ်လိုခံစားရနိုင်လဲ

တချို့ကတော့ အကြာကြီးနေမှ တစ်ခါလှုပ်ဖို့ ခဲယဉ်းပါတယ်။ (ဒါကြောင့်လည်း ကံကောင်းတယ်၊ ကံဆိုးတယ် ယူဆကြတာလို့ ထင်ပါတယ်)

တစ်ချက်တည်း ဖျတ်ခနဲလှုပ်တာရှိသလို တဖျတ်ဖျတ်နဲ့ ဆက်တိုက်လှုပ်တာလည်း ရှိပါတယ်။ တချို့မှာတော့ ရက်‌တော်တော်ကြာအောင် ခဏခဏလှုပ်ပြီးမှ ပျောက်သွားတတ်ပါတယ်။ များသောအားဖြင့် အပေါ်မျက်ခွံလှုပ်လေ့ရှိပြီး အပေါ်ရောအောက်ရော လှုပ်နေတာမျိုးလည်း ဖြစ်တတ်ပါတယ်။

မျက်ခွံလေးတွေ လှုပ်သွားတာကိုပဲ သတိထားမိပြီး ကံကိုပုံမချလိုက်ပါနဲ့။ တခြား ဘာလက္ခဏာတွေ ကြုံရသေးလဲဆိုတာကို ပြန်စဉ်းစားရပါမယ်နော်။

• မျက်လုံးတွေ ယားနေလား…….

• မျက်တောင်ခတ်တာရော ပုံမှန်ထက်များနေလား

• အမြင်အာရုံရော အရင်ကလို ကြည့်ကောင်းရဲ့လား

• မျက်လုံးတွေခြောက်နေလား စတာတွေကို သေချာကိုယ့်ကိုယ်ကိုယ် အကဲခတ်ပြီး မျက်လုံးအားနည်းနေတယ်ထင်ရင် ဆေးခန်းပြသင့်ပါတယ်။

.

မျက်ခွံတင်မကဘဲ မျက်နှာတစ်ခုလုံး ဟိုလှုပ်ဒီလှုပ်ဖြစ်နေရင်တော့ ဆရာဝန်ဆီသာ အမြန်‌ပြေးပြီး ပြသတာ အကောင်းဆုံးပါပဲ။

မျက်ခွံတွေ ထပ်မလှုပ်တော့အောင် ဘယ်လိုလုပ်ရမလဲ…….

ပုံမှန်မျက်ခွံလှုပ်တာလောက်ကတော့ စိုးရိမ်စရာမလိုပါဘူး။ ကဖင်းဓာတ်များနေတယ်ထင်ရင် ကော်ဖီတွေ၊ လက်ဖက်ရည်တွေ၊ အချိုရည်တွေ လျှော့သောက်ပါ။ စိတ်ဖိစီးနေရင် ရက်ပိုင်းလောက် အနားယူလိုက်ပါ။ အိပ်ရေးဝဝ အိပ်လိုက်ပါ။ သတ္တုဓာတ်နဲ့ အခြား အာဟာရဓာတ်တွေပြည့်ဝအောင် အသီအနှံများများစားတာ၊ ဓာတ်ဆားရည်သောက်တာလိုမျိုး လုပ်ကြည့်ပါ။ မျက်လုံးခြောက်သွေ့တာ သက်သာစေမယ့် မျက်စဉ်းခတ်ပါ။ နေပူထဲသွားရင် နေကာမျက်မှန်တပ်ပါ။ ဒါဆို သူ့အလိုလို သက်သာသွားပါလိမ့်မယ်။

Reference : ????

https:// www. cedars-sinai . org/health-library/diseases-and-conditions/e/eye-twitching.html

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here