သင့်မှာ ဆီးချိုရောဂါရှိလာပြီဆိုရင် မိမိကိုယ်ကို အရင်ကနဲ့မတူဘဲ ပြုပြင်စီစဉ်ရတာတွေ များစွာရှိပါတယ်။ ဆီးချိုစစ်ကြည့်ရတာ၊ ဆေးတွေ နေ့စဉ်မပြတ်သောက်ရတာ၊ လေ့ကျင့်ခန်းလုပ်ဖို့၊ မတည့်တဲ့ အစားအသောက်တွေ မစားမိဖို့၊ ရက်ချိန်းမှန်မှန်ပြဖို့ စသည်ဖြင့် စီမံရမှာတွေ များနေမှာပါ။
ဒီလို စီမံရတာတွေထဲမှာ လူအတော်များများက ခြေထောက်ကိုဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ ဒီနေ့မှာတော့ ဆီးချိုနှီးနွယ် ခြေထောက်ရောဂါအကြောင်း သိစရာလေးတွေနဲ့ ဆီးချိုဝေဒနာရှင်တွေဟာ မိမိခြေထောက်ကို နေ့စဉ် ဂရုစိုက်ဖို့လိုကြောင်း ပြောပြချင်ပါတယ်။
…
…
ဆီးချိုရောဂါရှင်တွေရဲ့ ထက်ဝက်ခန့်လောက်က အာရုံကြောထိခိုက်မှုဝေဒနာတွေ ရှိနေတတ်ပါတယ်။ အာရုံကြောထိခိုက်မှုက နေရာစုံမှာဖြစ်နိုင်ပေမယ့် ခြေထောက်အာရုံကြောတွေမှာ အဖြစ်အများဆုံးပါ။ ဒါက ဆီးချိုနှီးနွယ် ခြေထောက်ပြဿနာတွေ ဖြစ်ရတဲ့ အကြောင်းအရင်းလည်း ဖြစ်ပါတယ်။
????ခြေထောက်မှာ နာကျင်မှုဝေဒနာကို မသိခြင်း
ဆီးချိုရောဂါကြောင့် အာရုံကြောထိခိုက်ရင် ထုံတာ၊ နာတာ၊ ကျဉ်တာတွေ ဖြစ်တတ်ကြပေမယ့် အချို့က နာကျင်မှုဝေဒနာကို မခံစားရသူတွေ ရှိပါတယ်။ နာကျင်မှုကို မသိရတာက ကောင်းတယ်ထင်မိပါသလား… အမှန်တော့ အလွန်ဆိုးရွားတဲ့အရာပါ။
နာကျင်မှုဆိုတာ မိမိခန္ဓာကိုယ်မှာ တစ်ခုခုမှားယွင်းနေရင် ကိုယ်ဂရုစိုက်မိအောင် အသိပေးတဲ့ ခံစားချက်တစ်ခုပဲ ဖြစ်ပါတယ်။
အာရုံကြောထိခိုက်ပြီး ခြေထောက်မှာ နာကျင်မှုကို မခံစားရရင် ခြေထောက်ခိုက်မိတာ၊ ခလုတ်တိုက်လို့ အနာဖြစ်တာ၊ ခဲလုံးနင်းမိတာ စတာတွေ ဘာမှမသိနိုင်တော့ပါဘူး။ ဒီလို ဒဏ်ရာလေးတွေရတာကို ဖြစ်လို့ဖြစ်မှန်းမသိတဲ့အခါ စောစော မကုသမိတာကြောင့် ပြဿနာကြီးတတ်ပါတယ်။
တစ်ခါတစ်ရံ သေးသေးလေးတွေကနေပြီး အနာကြီးလာတာ၊ ပိုးဝင်တာ၊ အရိုးထိတာတွေ ဖြစ်တတ်ပြီး ခြေထောက်ဖြတ်ရတဲ့အထိ ပြင်းထန်တတ်ပါတယ်။
ဆီးချိုနှီးနွယ် အာရုံကြောရောဂါဟာ ဆီးချိုနှီးနွယ် ခြေထောက်ရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်းပါ။
ဆီးချိုကြောင့် အာရုံကြောထိခိုက်တာအပြင် သွေးစီးဆင်းမှု မကောင်းခြင်း (ဆီးချိုရဲ့ အခြားနောက်ဆက်တွဲပြဿနာတစ်ခု) ကြောင့်လည်း ခြေထောက်မှာ အနာတွေဖြစ်ပြီး အနာကျက်နှုန်း နှေးနိုင်ပါတယ်။ အနာပိုးဝင်တာတွေ မသက်သာရင် ပိုးပျံ့မှာ စိုးရတဲ့အတွက် ခြေထောက်ဖြတ် ကုသတာမျိုး လုပ်ရတတ်ပါတယ်။ စောစောသိရှိ ကုသရင်တော့ ခြေထောက်ဖြတ်ရတဲ့ဘေးကနေ ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ဆီးချို သမားတွေဟာ ခြေထောက်ကို နေ့စဉ်စစ်ဆေးရတာပါ။
…
…
????ဆီးချိုခြေထောက်ပြဿနာ မဖြစ်အောင် ကာကွယ်ရန်
မိမိရဲ့ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းညှိခြင်းကလည်း ခြေထောက်ပြဿနာတွေကို ကာကွယ်ပေးပါတယ်။ ဆီးချိုကြောင့် အာရုံကြောထိခိုက်ခြင်းကနေ ကာကွယ်ဖို့ အရေးအကြီးဆုံးအချက် ဖြစ်ပါတယ်။
အခြားသော ဆီးချိုဆိုင်ရာ လိုက်နာရမယ့် အရေးကြီးအချက်များကတော့…
• ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်ခြင်းဟာ ခြေထောက်မှာ သွေးလျှောက်တာကို နည်းစေပါတယ်။
• အစားကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ။ အသီးအရွက်များနဲ့ အသီးအနှံ များများစားပြီး ဆား၊ သကြား လျှော့စားပါ။
• ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ တစ်နေ့ကို (၁၀) မိနစ်မှ (၂၀) မိနစ်အထိ နေ့စဉ် လမ်းလျှောက်ခြင်းဟာ တစ်ပတ်ကို တစ်နာရီလမ်းလျှောက်ခြင်းထက် ပိုကောင်းပါတယ်။ နည်းနည်းနဲ့ ပုံမှန်လုပ်ခြင်းက လုပ်ချင်တဲ့ အချိန်မှ တစ်ခါထဲ အများကြီးလုပ်ခြင်းထက် ပိုကောင်းတယ်လို့ ဆိုလိုတာပါ။
• ဆရာဝန်ညွှန်ကြားတဲ့ သောက်ဆေးများကိုလည်း နေ့စဉ် မှန်မှန်သောက်ပါ။
• ခြေထောက်ကျန်းမာရေးအတွက် ခြေထောက်ကို နေ့စဉ်မှန်မှန် စစ်ဆေးပါ။
…
…
????ခြေထောက်ကို နေ့စဉ် စစ်ဆေးခြင်းနှင့် လိုက်နာရန် အချက်များ
▪️ခြေထောက်မှာ ထိခိုက်ဒဏ်ရာ၊ ခြစ်မိတာ၊ ခိုက်မိတာ၊ ပြတ်ရှရာတွေ၊ အသားမာတက်တာ၊ အရည်ကြည်ဖုတွေနဲ့ အရေပြား၊ ခြေသည်းလက်သည်းများ ပြောင်းလဲမှုကို ကြည့်ပါ။ ခြေဖဝါးကို မိမိဘာသာ သေချာမမြင်ရရင် မှန်နှင့်ကြည့်ပါ သို့မဟုတ် အိမ်သားတစ်ယောက်ကို ကြည့်ခိုင်းပါ။
▪️နေ့စဉ် ခြေထောက်ကို ရေနွေးနွေးနှင့်ဆေးပါ။
ရေကို အရမ်းမပူပါစေနဲ့။ ရေဆေးပြီးရင် ခြောက်အောင် သုတ်ပါ။ အရေပြားမခြောက်အောင် အလှဆီလိမ်းပါ။ ခြေချောင်းကြားတွေကိုတော့ အလှဆီ မလိမ်းရပါ။ စိုနေရင် ပိုးဝင်တတ်ပါတယ်။
▪️ခြေဗလာနှင့် လမ်းမလျှောက်ရ။ ထိခိုက်ဒဏ်ရာ မရစေရန် အိမ်ထဲမှာပဲဖြစ်စေ ဖိနပ်စီးပါ။ ရှူးဖိနပ်များစီးလျှင် ဖိနပ်ထဲ ကျောက်စရစ်ခဲများ၊ ဆူးလေးများ ဝင်မနေအောင် ဂရုစိုက်ပါ။ ဖိနပ်မျက်နှာပြင်ကလည်း သက်တောင့်သက်သာ ရှိပါစေ။
▪️ရှူးဖိနပ်စီးရင် မိမိနဲ့ အံဝင်ခွင်ကျ (fit) ဖြစ်တဲ့ ဖိနပ်များကိုသာ စီးပါ။ မိမိအတွက် အကောင်းဆုံး ဖိနပ်အရွယ်အစားကို သိနိုင်ဖို့ ဖိနပ်ဝယ်ရာမှာ နေ့တစ်နေ့ရဲ့အဆုံး ညနေပိုင်းလောက်မှာ စီးကြည့်ပါ။ အဲဒီအချိန်ဆိုရင် ခြေထောက်က အနည်းငယ်ရောင်နေတဲ့အတွက် အရွယ်အစားအကြီးဆုံး ဖြစ်တတ်ပါတယ်။ ရှူးဖိနပ်ကို ခြေအိတ်နှင့် အမြဲဝတ်ပါ။
▪️ခြေသည်းညှပ်ရင် တည့်တည့်ပဲညှပ်ပါ။ အစွန်းတွေ အချွန်တွေဖြစ်ရင် ခြေသည်းတိုက်တာနဲ့ တိုက်ပစ်ပါ။ တကယ်လို့ မိမိဘာသာ မလုပ်နိုင်ရင် မိမိအိမ်သား (သို့မဟုတ်) Podiatrist ခေါ် ခြေထောက်အတွက် ပညာရှင်ရဲ့ အကူအညီယူပါ။
▪️အသားမာတက်ရင် မိမိဘာသာ မလုပ်ရပါ။ ဆေးဆိုင်မှ ဆေးများဝယ်ပြီး ကြွက်နို့၊ အသားမာ တက်တာတွေအတွက် လူးခြင်း သုံးခြင်းများ မလုပ်သင့်ပါ။ အသားလောင်တတ်ပါတယ်။
▪️ဆီးချိုဆေးခန်းများမှာ ခြေထောက်စစ်ဆေးမှုများ ပြုလုပ်ပေးပါတယ်။ ခြေထောက်ရဲ့ သိမှုပိုင်းဆိုင်ရာ ထုံကျင်တာ ရှိ/မရှိ စမ်းတာအပြင် သွေးကြောများကိုလည်း စမ်းသပ်ရပါတယ်။
▪️ခြေထောက်များ သွေးကောင်းကောင်းလျှောက်အောင် လှုပ်ရှားမှုလုပ်ပါ။ အချိန်ကြာကြာ ထိုင်တယ်ဆိုရင် ခြေထောက်ကိုမြှောက်ပြီး ခြေချောင်းလေးတွေကို လှုပ်ရှားတာမျိုး မကြာမကြာလုပ်ပေးပါ။
▪️ခြေထောက်သုံးရတဲ့ လေ့ကျင့်ခန်းများ လုပ်တဲ့ အကျင့်ကို မွေးမြူပါ… ဥပမာ- လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး။ မိမိ ဘာတွေလုပ်သင့်တယ် ဘာတွေရှောင်ရမယ်ဆိုတာ ဆရာဝန်နှင့် တိုင်ပင်ပါ။
…
…
ခြေထောက်နှင့်ပတ်သက်ပြီး ဆရာဝန်ပြရန်
အောက်ပါလက္ခဏာများကို ခံစားရရင်တော့ ဆရာဝန်ကို အမြန်ဆုံးပြရပါမယ်။
– လှုပ်ရှားမှုလုပ်ရင်း ခြေထောက်၊ တင်ပါး၊ ပေါင်တွေမှာ နာကျင်မှု ခံစားရတာ
– ခြေထောက်မှာ ထုံကျဥ်တာ
– ခြေထောက်က သိမှုမရှိတာ၊ အပူအအေးကို မသိတာ
– မိမိခြေထောက်ဟာ ပုံပြောင်းလာတာ၊ ပုံပျက်လာတာ
– ခြေထောက်တွေမှာ တဖြည်းဖြည်းနဲ့ အမွှေးအမျှင်တွေ နည်းပါးလာတာ
– ခြေထောက်အသားတွေ ခြောက်တာ
– မိမိခြေထောက်မှာ အရောင်ပြောင်းလာတာ (ဖြူလာတာ၊ ညိုလာတာမျိုး) ခြေထောက်တွေ အေးစက်လာတာ
– ခြေသည်းတွေထူပြီး ဝါလာတာ
– ခြေချောင်းကြားတွေမှာ သဲဝဲစားခြင်း၊ မှိုပိုးဝင်ခြင်း
– ခြေထောက်မှာ အနာ၊ အရည်ကြည်ဖုတွေ၊ အသားမာတက်တာကတစ်ဆင့် ပိုးဝင်ပြီး ရောင်တာ၊ ခြေသည်းစိုက်တာ. . . စတဲ့အချက်တွေ ပေါ်လာရင် နောက်ရက်ချိန်းထိ စောင့်မနေဘဲ ဆေးခန်းကို ပြန်ပြပါ။
.
မိမိခြေထောက်ကို နေ့စဉ် စောင့်ကြည့်ပြီး ဆရာဝန်ရဲ့ ညွှန်ကြားကုသမှုများကို လိုက်နာရင်း ခြေထောက်နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်အောင် ကာကွယ်နိုင်ကြပါစေ…။
အထူးကုသမားတော်တစ်ဦး
Telekyanmar
Reference – ????
https:// www. cdc. gov /diabetes/library/features/healthy-feet.html
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.