အသက်အန္တရာယ်ရှိနိုင်သော နှလုံးပိုးဝင်ခြင်း Infective Endocarditis (December,2023)

0
157

အသက်အန္တရာယ်ရှိနိုင်သော နှလုံးပိုးဝင်ခြင်း (Infective Endocarditis)

❤️ Infective endocarditis ဆိုတာက နှလုံးအဆို့ရှင် သို့မဟုတ် endocardium လို့ခေါ်တဲ့ နှလုံးအခန်းတွေရဲ့ အတွင်းပိုင်းမျက်နှာပြင်အလွှာမှာ ရောဂါပိုးဝင်ခြင်းဖြစ်ပါတယ်။ ဒီအခြေအနေဟာ အများအားဖြင့် ဘက်တီးရီးယားပိုးတွေ သွေးကြောကနေတစ်ဆင့် နှလုံးဆီကို ဝင်ရောက်ကူးစက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးတွေဟာ သွေးကြောထဲကို ပါးစပ်၊ အရေပြား၊ အူလမ်းကြောင်း၊ အသက်ရှူလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းကနေတစ်ဆင့် ဝင်လာနိုင်တာပါ။

ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာကို bacterial endocarditis လို့ခေါ်ဆိုပြီး အခြား ဗိုင်းရပ်စ် (virus)၊ မှိုနဲ့ အခြားသော အဏုဇီဝပိုးတွေကြောင့်လည်း ဖြစ်နိုင်ပေမယ့် ရှားပါတယ်။

❤️ နှလုံးပိုးဝင်ခြင်းဟာ ပြင်းထန်တဲ့ ရောဂါအခြေအနေတစ်ခုဖြစ်ပြီး ချက်ချင်း ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ မကုသဘဲထားရင် ရောဂါပိုးဟာ နှလုံးအဆို့ရှင်တွေကိုပါ ပျက်စီးစေနိုင်တဲ့အပြင် အောက်ပါ ရောဂါပြဿနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

– လေဖြတ်ခြင်း

– အခြား ကိုယ်တွင်းအင်္ဂါများကို ပျက်စီးစေခြင်း

– နှလုံး အလုပ်မလုပ်တော့ခြင်းနဲ့

– အသက်သေဆုံးစေတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဒီလိုအခြေအနေတွေဟာ နှလုံးကျန်းမာရေးကောင်းတဲ့သူတွေမှာ ဖြစ်ခဲပြီး မွေးရာပါ နှလုံးပုံစံ မမှန်မှုများ၊ နှလုံး အပေါက်ပါခြင်း၊ နှလုံးအဆို့ရှင် ပုံမှန်မဟုတ်ခြင်း စတဲ့နှလုံးရောဂါရှိသူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။

အကယ်လို့ နှလုံးပိုးဝင်ခြင်း (infective endocarditis) ဖြစ်နိုင်ခြေများသူတွေဟာ အချို့ဆေးဘက်ဆိုင်ရာနဲ့ သွားဘက်ဆိုင်ရာ စစ်ဆေးကုသမှုတွေ မလုပ်ခင် ပဋိဇီဝပိုးသတ်ဆေးတွေ ကြိုတင်သောက်သုံးဖို့ လိုအပ်နိုင်ပါတယ်။ ခွဲစိတ်မှုမပြုလုပ်ခင် ခွဲစိတ်ဆရာဝန် သို့မဟုတ် သွားဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

❤️ ရောဂါလက္ခဏာတွေက ဘာတွေလဲ

ရောဂါလက္ခဏာတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ အချို့သူတွေမှာ ရောဂါလက္ခဏာတွေဟာ ရုတ်တရက်ပေါ်လာတတ်ပေမယ့် အချို့မှာတော့ ရောဂါလက္ခဏာတွေဟာ နောက်ကျမှ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် နှလုံးပိုးဝင်ခြင်း (Infective endocarditis) ဖြစ်နိုင်ခြေများသူတွေဟာ အထူးဂရုစိုက်သင့်ပါတယ်။

နှလုံးပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့…

– ကြာရှည် ဖျားခြင်း၊ ကိုယ်ပူခြင်း

– ရင်ဘတ်အောင့်ခြင်း

– နုံးချိခြင်း၊ မောခြင်း

– ဆီးထဲမှာသွေးပါခြင်း

– ချမ်းတုန်ခြင်း

– ချွေးစေးထွက်ခြင်း

– အရေပြားတွင် အနီကွက်များဖြစ်ခြင်း

– ပါးစပ်နဲ့ လျှာတွင် အဖြူစက်များဖြစ်ခြင်း

– အဆစ်များ နာကျင်ရောင်ရမ်းခြင်း

– ကြွက်သားနာကျင်ခြင်း

– ဆီးအရောင် ပုံမှန်မဟုတ်ခြင်း

– ပင်ပန်းနွမ်းနယ်ခြင်း

– ချောင်းဆိုးခြင်း

– အသက်ရှူကျပ်ခြင်း

– လည်ချောင်းနာခြင်း

– နှာပိတ်ခြင်း

– ခေါင်းကိုက်ခြင်း

– ပျို့အန်ခြင်း

– ပိန်သွားခြင်းတို့ ဖြစ်ပါတယ်။

နှလုံးပိုးဝင်ခြင်း (Infective endocarditis) ဟာ ချက်ချင်းမကုသရင် အသက်အန္တရာယ်ရှိနိုင်တဲ့အပြင် သူ့ရဲ့လက္ခဏာတွေကလည်း အခြားရောဂါတွေနဲ့ ဆင်တူနေတာကြောင့် နှလုံးရောဂါအခံရှိသူတွေအနေနဲ့ အထက်ဖော်ပြပါ လက္ခဏာတွေ ခံစားနေရရင် ဆရာဝန်နဲ့ ချက်ချင်းပြသပြီး ကုသမှုခံယူသင့်ပါတယ်။

❤️ ဘယ်သူတွေက နှလုံးပိုးဝင်ခြင်း ဖြစ်နိုင်ခြေ ပိုများသလဲ

• နှလုံးအဆို့ရှင်စက် တပ်ထားရသူ

• မွေးရာပါနှလုံးရောဂါရှိသူ

• နှလုံးအဆို့ရှင်ရောဂါရှိသူ

• နှလုံးအဆို့ရှင် ပျက်စီးနေသူ

• နှလုံးကြွက်သားကြီးခြင်း

• အရင်က နှလုံးရောင်ဖူးခြင်း

• သန့်ရှင်းမှုမရှိသော ဆေးထိုးအပ်ဖြင့် မူးယစ်ဆေးဝါး အကြောဆေး သုံးစွဲဖူးခြင်းရှိသူတွေမှာ နှလုံးပိုးဝင်ခြင်း ဖြစ်နိုင်ခြေ ပိုများပါတယ်။

.

ဒါ့အပြင် သွေးကြောထဲကနေတစ်ဆင့် ဘက်တီးရီးယားပိုးတွေ ပျံ့နှံ့ဝင်ရောက်စေတဲ့ အောက်ဖော်ပြပါ ကုသနည်းတွေ လုပ်ပြီးရင်လည်း ကူးစက်နိုင်ခြေ ပိုများပါတယ်။

– သွားဖုံးနှင့် သွားဘက်ဆိုင်ရာ စစ်ဆေးကုသမှုတွေ

– အကြောဆေးသွင်းခြင်း

– သွေးဆိပ်တက်ခြင်းလိုမျိုး ရောဂါပိုးဝင်တာကို ကုသမှုပေးခြင်း စတာတွေဟာ ကျန်းမာတဲ့လူအများစုကို အန္တရာယ်မပြုနိုင်ပေမယ့် နှလုံးပိုးဝင်ခြင်း ဖြစ်နိုင်ခြေများသူတွေမှာတော့ ပိုမိုသတိထားဖို့ လိုအပ်ပါတယ်။

❤️ နှလုံးပိုးဝင်ခြင်းကို ဘယ်လို စစ်ဆေးအတည်ပြုမလဲ

ဆရာဝန်က ခံစားနေရတဲ့ ရောဂါလက္ခဏာတွေကို မေးပြီးနောက် လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ နှလုံးပိုးဝင်တယ်လို့ သံသယရှိရင်တော့ သွေးစစ်ဆေးတာတွေ လုပ်နိုင်ပါတယ်။ နှလုံးဓာတ်မှန် (echocardiogram) ရိုက်ပြီး ပျက်စီးနေတဲ့ နှလုံးတစ်သျှူးတွေ၊ အပေါက်တွေ ရှိ/မရှိနဲ့ နှလုံးအဆို့ရှင်ကောင်း/မကောင်း ကြည့်နိုင်ပါတယ်။

ဒါ့အပြင် နှလုံးအတွင်း လျှပ်စစ်စီးဆင်းလှုပ်ရှားမှုကို စောင့်ကြည့်တဲ့ electrocardiogram (ECG) စစ်ဆေးခြင်းဖြင့်လည်း နှလုံးပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့ ပုံမှန်မဟုတ်တဲ့ နှလုံးခုန်နှုန်းတွေကို ရှာဖွေသိရှိနိုင်ပါတယ်။

ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန် CT ရိုက်ခြင်း၊ သံလိုက်စက်ကွင်းဓာတ်မှန် MRI ရိုက်ခြင်းတွေဟာလည်း နှလုံးကြီးနေလား သိနိုင်သလို ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာလည်း ကူးစက်ပျံ့နှံ့ထားတဲ့ လက္ခဏာတွေ ရှိ/မရှိ သိနိုင်ပါတယ်။ အကယ်၍ နှလုံးပိုးဝင်ခြင်း ရှိနေရင်တော့ ကုသမှုခံယူဖို့ ဆေးရုံကို ချက်ချင်းသွားသင့်ပါတယ်။

❤️ နှလုံးပိုးဝင်ခြင်းကို ဘယ်လိုကုသကြမလဲ

နှလုံးပိုးဝင်ခြင်းဟာ နှလုံးမှာ ပြန်မကောင်းနိုင်တဲ့ပျက်စီးထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။ အမြန်မကုသဘူးဆိုရင်တော့ အသက်အန္တရာယ်ပါ ရှိလာနိုင်ပါတယ်။ ရောဂါကူးစက်မှု ပိုမိုဆိုးရွားလာပြီး နောက်ဆက်တွဲပြဿနာတွေ မဖြစ်အောင် ဆေးရုံမှာ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ဆေးခန်းနှင့် အိမ်တွင် ကုသရန်မလွယ်ပါ။

.

▪️ပဋိဇီဝပိုးသတ်ဆေးများနှင့် ကနဦးကုသမှု

ဆေးရုံတက်နေစဉ်မှာ အရေးကြီးတဲ့ ရောဂါလက္ခဏာတွေကို စောင့်ကြည့်နေရပါမယ်။ ပိုးသတ်ဆေးတွေကို အကြောဆေး သွင်းရနိုင်ပါတယ်။ ဆေးရုံဆင်းပြီး အနည်းဆုံး လေးပတ်ကြာအထိ ပိုးသတ်ဆေးကို သောက်ဆေး သို့မဟုတ် အကြောဆေး ဆက်သုံးဖို့ လိုပါတယ်။ ဆရာဝန်ထံ ပုံမှန်ပြသနေရမှာဖြစ်ပြီး သွေးစစ်ဆေးတာတွေ ဆက်လုပ်ဖို့လိုပါတယ်။

.

▪️ခွဲစိတ်ကုသမှု

နှလုံးအဆို့ရှင်တွေ ပျက်စီးသွားရင်တော့ ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။ နှလုံးအဆို့ရှင်ကို ပြန်လည်ပြုပြင်ခြင်း၊ တိရိစ္ဆာန်တစ်သျှူး သို့မဟုတ် အခြားပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အဆို့ရှင်အသစ်ကို အစားထိုးခြင်း စတာတွေ လုပ်နိုင်ပါတယ်။

ပိုးသတ်ဆေးတွေ အလုပ်မလုပ်တဲ့အခါနဲ့ မှိုရောဂါကြောင့် နှလုံးပိုးဝင်ခြင်း ဖြစ်တဲ့အခါ ခွဲစိတ်ဖို့ လိုအပ်နိုင်ပါတယ်။ မှိုသတ်ဆေးတွေဟာ နှလုံးအတွင်း ပိုးဝင်ခြင်းအတွက် အမြဲတမ်း ထိရောက်မှု မရှိနိုင်ပါ။

.

▪️ပြန်လည်ကောင်းမွန်နိုင်ခြင်း

မကုသဘဲထားရင် အသက်အန္တရာယ် ဆုံးရှုံးနိုင်ပေမယ့် အများစုကတော့ ပိုးသတ်ဆေးနဲ့ ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။ ပြန်သက်သာနိုင်ခြေက အသက်အရွယ်နဲ့ ရောဂါကူးစက်ခံရပုံစတဲ့ အကြောင်းရင်းတွေပေါ် မူတည်ပါတယ်။ စောစီးစွာ ကုသမှုခံယူတဲ့လူနာတွေဟာ အပြည့်အဝ ပြန်လည်ကောင်းမွန်လာဖို့ အခွင့်အလမ်း ပိုများပါတယ်။ ခွဲစိတ်မှုလိုအပ်ပါက လုံးဝပြန်ကောင်းလာဖို့ အချိန်ပိုကြာနိုင်ပါတယ်။

Reference: ????

https:// www. healthline. com /health/infectious-endocarditis#treatment

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here