အစားအသောက်ကို ကြောက်တဲ့ရောဂါ Cibophobia (December,2023)

0
183

အစားအသောက်ကို ကြောက်တဲ့ရောဂါ

လူတိုင်း အစားအသောက် ကြိုက်ကြတယ်ဆိုပေမယ့် အချို့သူတွေကတော့ အစားအသောက်ဆို ကြောက်ကြပါသတဲ့။ ဘယ်လိုလူတွေလဲဆိုတော့ Cibophobia လို့ခေါ်တဲ့ “အစားအသောက်ကို ကြောက်တဲ့စိတ်ရောဂါ” ခံစားနေကြရသူတွေဖြစ်ပါတယ်။

Phobia ဆိုတာ အရာဝတ္ထုတစ်ခု (သို့) အခြေအနေတစ်ခုကို မခံမရပ်နိုင်အောင် တုန်လှုပ်သွားတဲ့အထိ အသက်ရှူရခက်ပြီး အာခေါင်တွေခြောက်တဲ့အထိ ကြောက်ရွံ့နေမိတတ်တဲ့ ရောဂါဖြစ်ပါတယ်။ Cibophobia ဆိုတာကတော့ အစားအသောက် တစ်မျိုးတည်းကိုဖြစ်စေ၊ အများကြီးကိုဖြစ်စေ စားဖို့မဆိုထားနဲ့ တွေ့ရုံမြင်ရုံနဲ့တင် ထိတ်လန့်နေတဲ့ရောဂါပါ။ဝိတ်တက်မှာကြောက်လို့ အစားအသောက်မစားရဲတဲ့ “Anorexia” ရောဂါနဲ့တော့ ပုံစံချင်းမတူပါဘူးနော်။

Cibophobia ရှိသူတွေက သူတို့ကြောက်လန့်တဲ့စားစရာ၊ သောက်စရာတစ်ခုခုကို မြင်ရင်….

– သွေးပေါင်ချိန်တက်လာခြင်း

– အသားတဆတ်ဆတ်တုန်လာခြင်း

– နှလုံးခုန် ရင်တုန်လာခြင်း

– အသက်ရှူရခက်လာခြင်း

– ရင်ဘတ်အောင့်ခြင်း

– ရင်ဘတ်ထဲတင်းကျပ်လာခြင်း

– အာခေါင်ခြောက်လာခြင်း

– ဝမ်းဗိုက်မအီမသာ အောင့်အီးလာခြင်း

– စကားမပြောနိုင်ခြင်း

– ချွေးထွက်များခြင်း

– အနည်းငယ်မူးဝေလာခြင်း

– အော့အန် ပျို့အင့်ခြင်းများကို ခံစားကြရပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ Cibophobia ခံစားရသူတွေဟာ အစားအသောက်ကို မြင်တွေ့ရရုံသာမက အောက်ပါအခြေအနေများအတိုင်း ကြောက်ရွံ့မှုကိုရင်ဆိုင်ရတာတွေလည်း ရှိပါတယ်။

(၁) လတ်ဆတ်တဲ့ မရောနိစ်၊ နို့၊ အသီးအနှံ၊ အသီးအရွက်နဲ့ အသားတွေကို ပုပ်သိုးနေပြီ၊ စားမိရင်‌ရောဂါရတော့မယ်လို့ ထင်မြင်ပြီး ကြောက်တတ်ကြပါတယ်။

(၂) အချို့ကတော့ အစိမ်း‌တောင်စားလို့ရတဲ့ အသား၊ ငါး၊ အသီးအရွက်တွေကို သေချာမကျက်ဘဲ ပိုးမွှားတွေရှိနေဦးမှာ ကြောက်တတ်ကြပါတယ်။ ဒါကြောင့် ကျက်အောင်ချက်ရင်းနဲ့ တူးသွားတာ၊ အကျက်လွန်သွားတာတွေကို ကြုံတတ်ကြပါတယ်။

(၃) အချို့ကျပြန်တော့လည်း စားပြီး အနည်းငယ်ကျန်နေတဲ့ အစားအသောက်တွေကို သူတို့ထပ်စားလိုက်ရင် ရောဂါရမယ်လို့ ထင်တတ်ကြတာပါ။

(၄) Expired Date နဲ့ပတ်သက်ပြီး အပြင်းအထန်ကြောက်ရွံ့ကြသူတွေလည်း ရှိပါတယ်။ ဒိတ်မကုန်သေးရင်တောင် အစားအသောက်က မကောင်းတော့ဘူးပဲ ထင်မိနေတာမျိုးပါ။

(၅) အစားအသောက် ပြင်ဆင်နေတာကို မြင်ရရင် လုံးဝမနေနိုင် မထိုင်နိုင်အောင် ကြောက်ရွံ့တတ်ကြသူတွေလည်း ရှိနေပါတယ်။ စားနေချိန် ဘာမှမဖြစ်ပေမယ့့် ချက်ပြုတ်ပြင်ဆင်နေတာကို မမြင်ရဲအောင် ကြောက်တတ်ကြသူတွေပါ။

တစ်ခါမှမစားဖူးတဲ့ အစားအသောက်အသစ်အဆန်းဆို မြည်းကြည့်ရမှာကို ကြောက်တာ၊ အစားစားပြီး အန်မှာကို ကြောက်တာ၊ ချက်ပြုတ်ရမှာ ကြောက်တတ်ကြသူတွေလည်း ရှိပါတယ်။ ပုံစံအမျိုးမျိုးနဲ့ Cibophobia ကြောင့် အာဟာရမပြည့်ဝခြင်း၊ ပူပင်သောကများလာခြင်း၊ လူတွေလှောင်ပြောင်ခံရမှာကို ရှက်ရွံ့စိုးရိမ်လာခြင်း စတဲ့ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

ကုသမယ်ဆိုရင်တော့…

• Cognitive behavioural therapy (CBT) လို့ခေါ်တဲ့ အစားအသောက်နဲ့ပတ်သက်တဲ့ ခံစားချက်၊ အတွေ့အကြုံများကို ဖွင့်ဟပြောဆိုဆွေးနွေးခြင်း

• ဆေးဝါးများသောက်သုံးခြင်း

• ကြောက်ရွံ့တဲ့အစားအသောက်ကို တဖြည်းဖြည်း ထိတွေ့နိုင်အောင် စနစ်တကျလေ့ကျင့်ယူခြင်း

• အိပ်မွေ့ချခြင်း စတဲ့နည်းလမ်းများနဲ့ ကုသနိုင်ပါတယ်။

.

ကိုယ်ကအစားအသောက်ကြိုက်တယ်၊ ချစ်တယ်ဆိုရင်တောင် ပတ်ဝန်းကျင်မှာ ဒီလို Cibophobia ခံစားနေရသူတွေ တွေ့ခဲ့ရရင် လှောင်ပြောင်တာ၊ ရွဲ့စောင်းတာတွေမလုပ်ဘဲ ကိုယ်ချင်းစာနာကူညီပေးဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်။ Cibophobia ခံစားနေရတယ်လို့ ကိုယ့်ကိုယ်ကိုယ် သံသယရှိနေခဲ့ရင်လည်း တယ်လီကျန်းမာမှာ လာရောက်ဆွေးနွေးကြည့်ဖို့ ဖိတ်ခေါ်ပါရစေ။

Reference : ????

How to Identify and Treat a Good Phobia – healthline

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here