HIV and CD4 (November,2023)

0
194

ဒီနေ့မှာတော့ စီဒီဖိုး (CD4) အကြောင်း တကယ်ပြောပါပြီနော် ????
သူ့မတိုင်ခင် ကိုယ်ခံအားစနစ်နဲ့ စရမယ်…
လူတစ်ဦးတစ်ယောက်စီတိုင်းမှာရှိတဲ့ ကိုယ်ခံအား/ ခုခံအားစနစ် (immune system) ဟာဆိုရင် အနုပညာတူရိယာတွေ အများကြီးပါတဲ့ သံစုံတီးဝိုင်းကြီး (orchestra) နဲ့ တူတယ်လို့ တချို့ကတင်စားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ခံအားစနစ်မှာပါဝင်တဲ့ ပရိုတိန်းလေးတွေ၊ ဆဲလ်လေးတွေဟာ ပုံစံမျိုးစုံနဲ့ အလုပ်အသီးသီးရှိကြလို့ပါ။ သံစုံတီးဝိုင်းတစ်ခုမှာ ပါဝင်တဲ့ လေမှုတ်တူရိယာ ထရမ်းပက်၊ ထရမ်းဘုန်း၊ ကလားရိနက်၊ ဆက်ဆိုဖုန်းတွေ… ကြိုးတပ်တူရိယာတွေ ဖြစ်တဲ့ တယော၊ ဗီအိုလာ၊ ချယ်လို၊ စောင်းတွေ… အတီးအခတ်တူရိယာတွေဖြစ်တဲ့ ဗုံ၊ ဒရမ်၊ လင်ကွင်း၊ ထွိုင်အန်ဂယ်တွေ အသံစုံစုံနဲ့ ညီညီတီးနိုင်ပါမှ ဒီသံစုံတီးဝိုင်းကြီးတစ်ခုလုံးက ထွက်လာတဲ့ ဂီတသံတွေဟာလည်း သာယာနာပျော်ဖွယ် ဖြစ်နေမှာလေနော်။
အဲဒီလိုပဲ ခန္ဓာကိုယ်မှာရှိတဲ့ အမျိုးအမည် များပြားတဲ့ ကိုယ်ခံအား ဆဲလ်လေးတွေနဲ့ ပရိုတိန်းလေးတွေဟာလည်း ကိုယ့်အလုပ်ကိုယ် သံပြိုင်သေချာလုပ်နေမှ အပြင်ကဝင်လာတဲ့ ပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေ၊ ခန္ဓာကိုယ်ကို ဒုက္ခပေးမယ့် အရာတွေကို ခုခံရေး တော်လှန်ရေးသံစဉ်တွေနဲ့ ထိထိရောက်ရောက် ကန်ထုတ်နိုင်မှာပေါ့လေ။ ဒီလို ကိုယ်ခံအား ပလေယာလေးတွေထဲကမှ စီဒီ ဆဲလ် (CD – cluster of differentiation cells) လေးတွေဟာဆိုရင် ကိုယ်ခံအားစနစ်ကြီးတစ်ခုလုံးမှာ အရေးကြီးဆုံး ဆဲလ်လေးတွေထဲက တစ်ခုပေါ့။ တီးဝိုင်းမှာဆိုရင် တီးဝိုင်းခေါင်းဆောင်ဆရာ (conductor) လို့ပဲ ထားပါတော့။
ကျန်သူတွေလည်း အရေးကြီးတယ်နော်၊ ဥပမာ ပေးလိုက်တာမို့လို့ပါ။ တော်ကြာ တခြားတူရိယာ ပလေယာတွေ လာဆူမှာ ကြောက်လို့ ????။ တော်ပြီ တော်ပြီ ကျန်းမာရေးအကြောင်း ပြောဖို့လုပ်နေရင်း ဝါသနာပါတဲ့ တူရိယာတွေဘက် ချော်တော့မယ်… ကိုယ့်ကိုယ့်ကို မနည်း ပြန်ဆွဲခေါ်လိုက်ရတယ်။ ????


ဆက်ရရင် CD cell လေးတွေမှာ အဓိကအားဖြင့် စီဒီဖိုး CD4 (T-helper cells) နဲ့ စီဒီအိတ် CD8 (Cytotoxic T cells) ဆိုပြီး ၂ မျိုးရှိတယ်တဲ့။ ခေါင်းဆောင်မင်းသားက CD4 ဆိုပေမယ့် သူ့သူငယ်ချင်း CD8 အကြောင်းလည်း ကြုံတုန်းလေးပြောပြချင်လို့။ ဒီတခါ ဥပမာ တစ်မျိုးပြောင်းပေးရရင် CD4 cells လေးတွေဟာ ကာကွယ်ရေးတပ်တွေရဲ့ ကပ်ပတိန်တွေ၊ ဦးစီးတွေလိုမျိုးပေါ့။ ရောဂါပိုးတစ်ခုခု ဝင်လာပြီဆိုရင် အခြား ကိုယ်ခံအားဆဲလ်တွေကို ဘယ်လိုတုံ့ပြန်ရမယ်၊ ဘာတွေလုပ်ဖို့လိုတယ်ဆိုတာ ညွန်ကြားတာပေါ့။
CD8 လေးတွေကျတော့ နာမည်အတိုင်း အိပ်မနေဘူးနော်။ သူတို့က မြေပြင်အနီးကပ်ချတဲ့ တပ်သားတွေ၊ ကွန်မန်ဒိုတွေပေါ့။ ဒီကောင်တွေက ပိုးတစ်ခုခု ကိုယ်တွင်းဝင်လာပြီဆိုတာနဲ့ အမြန်သွားရောက်ပြီး မကောင်းတဲ့ကောင်တွေကို ကိုယ်ထိလက်ရောက် ချေမှုန်းပစ်တဲ့ ဟီးရိုးလေးတွေ။ သူတို့ ၂ ဖွဲ့ကြောင့် ကိုယ်ခံအားစနစ်အနေနဲ့ ပြင်ပရန်တွေကို မနားတမ်း ကာကွယ်ပေးထားနိုင်ပြီး လူကို ကျန်းကျန်းမာမာ ရှိနေစေတာပါ။ အတိုချုံး ထပ်ပြောရရင် CD4 တွေက မကောင်းတဲ့ ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ် ရောဂါပိုးတစ်ခုခု ဝင်လာရင် အခြားကိုယ်ခံအားဆဲလ် (immune cells) တွေကို ဘာတွေလုပ်ကိုင်သင့်တယ်ဆိုတာ ညွှန်ကြားပေးပြီး၊ CD8 တွေက ပိုးဝင်သွားတဲ့ ဆဲလ်တွေကို မြေပြင်မှာ အမြန်သွားပြီး ချေမှုန်းပစ်ပေးတာပေါ့။


ဒီလိုနဲ့ ကံမကောင်းစွာ ခန္ဓာကိုယ်တွင်းကို HIV ပိုးဝင်ရောက်လာတဲ့အချိန်မှာတော့ CD4 cells လေးတွေက HIV ပိုးရဲ့ အဓိကတိုက်ခိုက်ခြင်းကို ခံရတယ်။ ရန်သူ HIV ပိုးတွေရဲ့ အဓိကပစ်မှတ် ဖြစ်သွားတာပေါ့လေ။ CD4 ကို တိုက်ရိုက်ဖြိုလှဲနိုင်ရင် အခြားခုခံအားတပ်သားတွေပါ ပြိုလဲသွားနိုင်တယ်ဆိုတာ သူက သိနေတာမျိုးပေါ့။
ဒီလိုနဲ့ ကိုယ်တွင်းမှာ HIV ပိုးကြောင့် CD4 အရေအတွက်တွေ ကျလာလေလေ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့လေ ပိုဖြစ်ပြီး ကိုယ်ခံအားတစ်ခုလုံးလည်း တဖြည်းဖြည်း ယုတ်လျော့လာတော့တာပဲ။ အရင်လုပ်နေကျအလုပ်ဖြစ်တဲ့ ပြင်ပက မကောင်းတဲ့ ပိုးပေါင်းစုံကို ထိထိရောက်ရောက်တိုက်ထုတ်နိုင်ဖို့လည်း ပိုပိုခက်ခဲလာပြီလေ။
ကျန်းမာတဲ့ ကိုယ်ခံအားစနစ်တစ်ခုမှာဆိုရင် သွေးထဲမှာရှိတဲ့ စီဒီဖိုး အရေအတွက်က ၅၀၀ ကနေ ၁၆၀၀ ကြား (500 to 1600 cells per cubic millimeter) ရှိတတ်ပါတယ်။ ဒါပေမယ့် HIV ပိုးကြောင့် အတိုက်အခိုက်တွေခံရပြီး စီဒီဖိုးတွေ ကျဆင်းလာရာကနေ အရေအတွက် ၂၀၀ ဝန်းကျင်နဲ့အောက် ရောက်သွားရင်တော့ အဆင့် (၃) HIV ပိုးကူးစက်မှုလို့ ခေါ်လေ့ ရှိပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက HIV ပိုးကူးစက်ခံရပြီးနောက် ဖြစ်ပေါ်လာတဲ့ လက္ခဏာတွေပေါ်မူတည်ပြီး အဆင့် (၄) ဆင့်ခွဲထားရာမှာ… အဆင့် (၁) ကတော့ သာမန် လက္ခဏာမပြ၊ မသိမသာ နေမကောင်းဖြစ်တာကနေ… အဆင့် (၄) အခြားပြင်းထန် တွဲဖက်ရောဂါတွေ (Opportunistic Infections) ဝင်တဲ့ အဆင့်အထိလို့ အကြမ်းဖျဥ်း သိထားရင် ရပါတယ်။ အဆင့် လေးခုလုံးအကြောင်း အခု တစ်ခါတည်း ပြောပြလိုက်ရင် စာအရမ်းရှည်တယ်ဆိုပြီး တယ်လီကျားမလေး ဆူမှာစိုးလို့ နောက်ကြုံတော့မှပဲ ထပ်ပြောပြမယ်နော် ????


စီဒီဖိုးကိုတော့ ကျွန်မတို့ အေအာတီ (ART – Antiretroviral Therapy) သောက်နေရတဲ့ လူနာတွေ အားလုံးနီးပါးနဲ့ မိသားစုဝင်တွေကတော့ ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်။ HIV ပိုးတွေ့ပြီဆိုတာနဲ့ ဒီဆရာဝန်တွေ ချက်ချင်း နောက်ဆက်တွဲ စစ်ခိုင်းတာကတော့ စီဒီဖိုးနဲ့ အခြား သွေးတွင်း အရေးကြီးတဲ့ ဓာတ်တွေပေါ့လေ။
စီဒီဖိုး အရေအတွက်နဲ့ အခြား အခြေခံသွေးတွင်း ဓာတ် ပမာဏတွေကို သေချာသိရမှ အေအာတီကို ဘယ်လောက်မြန်မြန် စသင့်တယ် သို့မဟုတ် အခြားတွဲဖြစ်နေတဲ့ ပြင်းထန်ရောဂါတွေကို အရင်ကုပြီးမှ အေအာတီကို ခဏစောင့်ပြီး စရမယ်၊ အေအာတီ ဆေးအမျိုးအစားပေါင်း ဆယ်ချီ၊ ရာချီ ရှိတဲ့အနက်မှ ဘယ် ဆေး ၃ မျိုး အပေါင်းကိုပေးရင် အသင့်တော်ဆုံးဖြစ်မယ်ဆိုတာတွေကို ဆက်ပြီး စဉ်းစားပေးလို့ရမှာပါ။
စီဒီဖိုး တအားနည်းနေပြီဆိုရင် ရောဂါအဆင့်မြင့်နေပြီဖြစ်တဲ့အတွက် တွဲရှိနေတတ်တဲ့ အခြားတွဲဖက် ပြင်းထန်ရောဂါတွေ အမြန်ရှာပေး၊ ကုပေးပြီး ဆေးအမြန်စနိုင်ဖို့လေး ကြိုးပမ်းရပါတယ်။ အေအာတီအကြောင်း အကျယ်လေးက နောက်မှ ထပ်ဆက်မယ်နော်။ (နောက်မှ နောက်မှ နဲ့ များနေပြီ ????)
ဒါဆို HIV ပိုးဝင်ပြီဆိုတာနဲ့ စီဒီဖိုးက သွားပြီလား၊ အဖတ်ဆယ်မရတော့ဘူးလားလို့ မေးစရာရှိတယ်နော်။ ပုံပြင်လေးတစ်ခုနဲ့ ထပ်ပြီး ပြန်စဦးမယ်။
မိမိ ခန္ဓာကိုယ်ကြီးကို နန်းတော်ကြီးလို့ သတ်မှတ်လိုက်ရင် စီဒီဖိုးလေးတွေက နန်းတော်ကြီးကို ကာကွယ်ပေးမယ့် ရဲရင့်တဲ့ ကိုယ်ရံတော်လေးတွေပေါ့။ HIV ပိုးကတော့ နန်းတော်ကို တိုက်ခိုက်မယ့် မီးမှုတ်နဂါးကြီး ဖြစ်မယ်။ (မီးမမှုတ်လည်းရတယ်၊ ဒရာမာ နည်းနည်းဆန်ချင်လို့ ????)
ဒီ HIV နဂါးကြီးက ကိုယ်ရံတော် စီဒီဖိုးတွေကို တိုက်ခိုက်ပြီး ခန္ဓာကိုယ်နန်းတော်ကြီးကို မကာကွယ်နိုင်တော့အောင် လုပ်ပစ်တယ်။ အဲဒါကြောင့် ဆရာဝန်တွေက ဒီနန်းတော်မှာ ကိုယ်ရံတော် ဘယ်နှစ်ယောက်များကျန်ဦးမလဲဆိုပြီး ရောက်ရောက်ချင်း စီဒီဖိုးတွေ စစ်ပစ်ရတာပါ။ အဲဒါမှ ခန္ဓာကိုယ်ထဲက စီဒီဖိုးတွေ ဘယ်လောက်ကြာကြာ ခုခံနိုင်စွမ်း ရှိဦးမလဲ မှန်းခြေသိရမှာပေါ့။
ကြုံတုန်းလေး နောက်အခေါ်အဝေါ် တစ်မျိုးလေးကို မသိမသာ ထည့်လိုက်ဉီးမယ်။ HIV Viral Load… မြန်မာလိုဆို HIV ပိုးကောင်ရေတဲ့။
ပြောလက်စ ပုံပြင်အရဆို နန်းတော်ကို တိုက်ခိုက်နေတဲ့ နဂါးအရေအတွက်ပေါ့။ HIV နဂါးတွေများလေလေ စီဒီဖိုး ကိုယ်ရံတော်တွေ နန်းတော်ကို ကာကွယ်ပေးရတာ ခက်လေလေပဲ။ အဲဒါကြောင့် viral load စစ်တယ်၊ viral load စစ်တယ် ပြောကြတာဟာ ကိုယ်တွင်း ဝင်ရောက်နေတဲ့ HIV ပိုးအရေအတွက် ဘယ်လောက်တောင်များတယ်၊ မများဘူး… စီဒီဖိုးတွေ ချနေတာအောင်မြင်ရဲ့လား ဆိုတာသိရအောင် သွေးဖောက်စစ်တဲ့ သဘောပါ။
စီဒီဖိုး အင်အားတိုးအောင် ဘယ်လိုလုပ်ရမလဲဆိုတော့ အေအာတီ ဆေးသောက်ပေးပြီး အချိန်အတိုင်းအတာတစ်ခုရောက်ရင် ကိုယ်ရံတော် အရေအတွက်တွေ ပြန်တက်လာပြီး နဂါးကို ကောင်းကောင်း ပြန်ချနိုင်မှာပါ။ အေအာတီ ကျေးဇူးနဲ့ စီဒီဖိုးကိုယ်ရံတော်တွေ နဂါးတွေကို တိုက်ရင်းတိုက်ရင်းနဲ့ HIV နဂါးတွေ အကျအဆုံးများပြီး နောက်ဆုံးမှာ မမြင်ရလောက်တော့တဲ့ အထိ နဂါးပိစိကွေးလေးတွေ ဖြစ်ကုန်ပါတယ်တဲ့။ မမြင်ရလောက်တဲ့ နဂါးပိစိဆိုမှတော့ ခန္ဓာကိုယ် နန်းတော်ကြီးကို ဘယ်ဒုက္ခ ပေးနိုင်ပါတော့မလဲနော်။
ဒီအခြေအနေကို….
“HIV ပိုးကောင်ရေ မတွေ့ရတော့သောအခြေအနေ – undetectable HIV viral load” လို့ဆရာဝန်တွေက ပြောကြပါတယ်။
ကျွန်မတို့နိုင်ငံမှာဆိုရင် ဆေးသောက်ပြီး ၆ လကနေ တစ်နှစ်အတွင်းဆိုရင် ဒီ နဂါးစစ်ဆေးမှု.. မဟုတ်ပါဘူး.. HIV ပိုးကောင်ရေ (HIV viral load) စစ်ဆေးမှုကို ပြုလုပ်ပေးကြပါတယ်။ ဆေးကို ညွှန်ကြားတဲ့အတိုင်း ဖိဖိစီးစီးလေးနဲ့ မိနစ်မလပ် ရက်မပြတ် သေချာသောက်တယ်၊ အခြား HIV ပိုး ထပ်ဝင်နိုင်တဲ့ နည်းလမ်းတွေ ဘာမှမလုပ်ဘူးဆိုရင် အေအာတီဆေး စသောက်ပြီး ၆ လကနေ တနှစ်ဝန်းကျင်ဆို အပေါ်က ပြောတဲ့ “Undetectable – HIV ပိုးကောင်ရေ သွေးတွင်းမတွေ့ရှိရ” ဆိုတဲ့ အခြေအနေရောက်သွားမှာပါ။
HIV ပိုးတွေ အရှင်းသေသွား၊ ပျောက်သွားတာမဟုတ်ဘူးနော်၊ အေအာတီဆေးကျေးဇူးနဲ့ ကိုယ်ခံအားရဲ့ ထိန်းချုပ်မှုကို ခံရပြီး ငြိမ်ဝပ်ပိပြားနေလို့ သွေးတွင်းမှာ ပေါ်မလာတာ့တာ။ သွေးတွင်း HIV ပိုးကောင်ရေ “undetectable – မတွေ့ရ” ဆိုမှတော့ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်စွမ်းလည်း မရှိတော့ သလို၊ သူများကိုလည်း တစ်ဆင့် ထပ်မံ ကူးစက်နိုင်စွမ်းလည်းမရှိတော့ပါဘူး။
အခုခေတ်မှာ ပြောနေကြတဲ့ U=U (Undetectable equals untransmittable) ဆိုတာ ဒီက စတာပေါ့။ ပုံပြင်ပြန်ကောက်ပြီးပြောရရင် “မျက်စိနဲ့မြင်ရလောက်တဲ့ နဂါးတွေမရှိတော့ဘူးဆိုရင်၊ အခြားနန်းတော်တွေကိုလည်း ဒီကောင်တွေ မတိုက်ခိုက်နိုင်တော့ဘူး”တဲ့။ ဘာကို ဆိုလိုချင်တာလဲဆိုတော့ HIV ပိုးရှိနေတဲ့သူတစ်ယောက်ဟာ အေအာတီဆေးတွေရဲ့ ကျေးဇူးနဲ့ undetectable viral load (မမြင်ရတော့တဲ့ ပိုးကောင်ရေ) ရသွားပြီဆိုရင် ဒီ HIV Virus ကို သူများတွေကို မကူးစက်စေနိုင်တော့ပါဘူး လို့ ပြောချင်တာပါ။
အရေးကြီးတာလေး မှာချင်တာက ငါ ပိုးကောင်ရေ ငြိမ်သွားပြီ၊ undetectable ဖြစ်သွားပြီဆိုပြီး ဆေးသောက်တာကို ပေါ့လျော့လို့ မရကြောင်းကိုပါ။ HIV ပိုးကောင်ရေ သွေးတွင်းငြိမ်နေတဲ့အချိန်မှာ အကြောင်းကြောင်းကြောင့် ဆေးသောက် နောက်ကျတာတွေ၊ ပျက်တာတွေ၊ သတိမရှိဘဲ အခြားသူဆီကနေ HIV ပိုး အမျိုးအစားမတူတာတွေ ထပ်ဝင်ရောက်လာခဲ့ရင်တော့ ဒီသာယာနေတဲ့ အခြေအနေလေးက ပျက်ဆီးသွားမှာပါ။ နဂါးတွေ ပြန်ကြီးလာတာ၊ အရင်နဂါးတွေထက်ပိုဆိုးတဲ့ နဂါးဆိုးကြီးတွေ ထပ်ရောက်လာမှာမျိုးပေါ့။
ဒါပေမယ့် ဒီအရေးကို ကြိုတွေးပြီး အရမ်းလန့်စရာလည်း မလိုဘူးထင်တယ်နော်။ ဆေးမှန်မှန်လေးသောက်ပေးတာနဲ့တင် ဒီကောင်တွေ ငြိမ်ဝပ်ပိပြားနေမှာဆိုတော့ ကျန်းမာရေးဝန်ထမ်းတွေ မှာတဲ့အတိုင်း ဆေးကို နည်းမှန်လမ်းမှန်လေးနဲ့ မပျက်မကွက် နေ့စဉ် သေချာသောက်ပေးရင် ရပါပြီ။ မိသားစုဝင်တွေကလည်း အချိန်မှန် သတိလေးပေးပြီး ဖေးဖေးမမရှိတယ်ဆိုရင်တော့ အတိုင်းမသိပေါ့။
အရင်ကဆို ကျွန်မတို့ လူနာတွေ အင်မတန်သက်သာတာ… စီဒီဖိုးစစ်စစ်၊ HIV ပိုးကောင်ရေ စစ်စစ်၊ ကိုယ်ပြနေကျ ကျန်းမာရေးဌာနမှာ အချိန်တန်ရင် ရက်ချိန်းသွားပြီး လက်လေးပေး သွေးဖောက်၊ နောက်အပတ်တွေဆို အဖြေရ… ပိုးကောင်ရေ သိပ်မကောင်းရင် ဆရာဝန်တွေ ပွစိပွစိပြောတာ နားထောင်၊ ကောင်းတယ်ဆို ဆရာဝန်ရော လူနာရော ပျော်ရပေါ့။
အခုတော့ အကြမ်းဖက်စစ်ကောင်စီကြောင့် လူနာတိုင်းမှာ သွားရေးလာရေးတွေ ခက်ခဲ၊ ဆေးအသွင်းအထုတ်တွေ ပိတ်တော့ လူနာတွေ ဆေး ၃ လတောင် ပုံမှန်မရ၊ သွေးဖောက်ဖို့ဆိုတာ ရှား၊ လိုအပ်တဲ့ပစ္စည်းတွေက ပြတ်လပ်။ သူတို့လက်ချက်နဲ့ အသက်မပျောက်ဖို့က အရင် ဆေးမသောက်ရမှာက နောက်ဆိုတော့ စစ်ရှောင်ရင်း ဆေးတွေ မပါ၊ ထုတ်မရတဲ့ နေရာတွေရောက်။ အရင် သေချာကြည့်ပေးနေတဲ့ ဆရာဝန်တွေ၊ ဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေလည်း မကောင်းဆိုးဝါးတွေရဲ့ ရန်ရှောင်နေရတာနဲ့ ဟိုရောက်ဒီရောက်၊ ကိုယ့်လူနာတွေနဲ့ အဆက်ပြတ်၊ ဘယ်သူ့မှ ကောင်းကျိုးမပေးတဲ့ ဟာတွေ။ တော်ပြီ တော်ပြီ စပြောရင် ဒေါသပါ ပါလာပြီ အဲ့ သတ္တဝါတွေနဲ့။
ဘာလို့ ဒီဆရာဝန် စီဒီဖိုးနဲ့ HIV viral load အကြောင်း အများကြီးတွေ သေချာပြောပြနေရလဲဆိုတော့ မှားကြလို့လေ…
စီဒီဖိုးကို အချို့က ပိုးကောင်တွေလို့ထင်တယ်၊ ဖိုး (နံပါတ်လေး) နော်၊ ပိုး ဟုတ်ဘူး။ သူက ကိုယ်ခံအားဆဲလ် လေးတွေ။ တကယ့် ပိုးက HIV ပိုးကောင်ရေ လို့ခေါ်တဲ့ viral load (ဗိုင်ရယ်လုတ်)။ ကျွန်မလူနာတွေ၊ မိသားစုဝင်တွေ အရမ်းမှားတတ်လွန်းလို့။ ဒီစာဖတ်ပြီးရင် မှတ်ထားပြီး နောက် မမှားနဲ့တော့နော် ????။
ဆေးပြတ်တဲ့ လူနာတွေ၊ နေမကောင်းဖြစ်တဲ့ လူနာတွေရောက်လာရင် သူတို့ သိမလားဆိုပြီး “ဟိတ် စီဒီဖိုး နောက်ဆုံး ဘယ်လောက်ရှိခဲ့လဲ” လို့မေးရင် တချို့က HIV ပိုးကောင်ရေ အရေအတွက်ကို ဖြေတယ်။ “HIV ပိုးကောင်ရေ နောက်ဆုံး စစ်ထားတာဘယ်လောက်လဲ၊ မှတ်ထားတာပြောပြ” ဆိုရင် အနည်းစုက ဟိုးရှေးရှေးက စီဒီဖိုး အရေအတွက် ပြောပြကြတယ်။ သူတို့ ဆရာဝန်ကလည်း သိပ်မလည်ရှာဘူး။ စာရွက်ပို့ စာရွက်ပို့ဆိုပြီး သွေးအဖြေတွေ မှတ်တမ်းတွေပဲ တောင်းကြည့်တော့တာ။ အဲ့တော့မှ စီဒီဖိုး နဲ့ HIV ပိုးကောင်ရေတွေ ပြောင်းပြန် ပြောပြထားတာ ဖြစ်နေရော ???????? လူနာတွေနဲ့ ဆရာဝန်နဲ့ စိန်ပြေးလိုက်တမ်း ဆော့ကြတာပေါ့။ အဲဒါကြောင့် မှတ်တမ်းတွေဆို သေချာသိမ်းထားနော်။ မကောင်းဆိုးဝါးဒဏ်တွေ များတဲ့ကာလဆိုတော့ ပျက်စီးပျောက်ရှ ကြောက်ရင် ဖုန်းလေးနဲ့ ဓာတ်ပုံရိုက်ပြီး သိမ်းထားလည်းရတယ်။


ဒီနေ့တော့ တီးဝိုင်းတွေထဲရောက်လိုက် နန်းတော်တွေထဲရောက်လိုက် နဂါးတွေနဲ့ တွေ့လိုက်ဆိုတော့ ခဏနားလိုက်ဦးမယ်နော်… နောက်ရက်ကျရင် ဆေးလေးတွေအကြောင်း အကြမ်းဖျဥ်းလေးပြောပါမယ်။
HIV, ART နဲ့ ပတ်သက်ပြီး ဆေးခန်းပြချင်တာမျိုးရှိရင် တယ်လီကျန်းမာ မက်ဆင်ဂျာမှတစ်ဆင့် TeleRed (တယ်လီရဒ်) ဆေးခန်းကို ဘွတ်ကင်လှမ်းတင်ထားလို့ရတယ်နော်။ အကြောင်းကြောင်းကြောင့် ရက်ချိန်းမှာ မရောက်လာခဲ့တာမျိုး ရှိခဲ့ရင်လည်း မက်ဆင်ဂျာက ဆရာတွေကို ပြောပြပြီး ဘွတ်ကင် ပြန်ဖျက်လို့လည်း ရပါတယ်။ ကိုယ် လာမပြဖြစ်တဲ့ အချိန်လေးတွေကို အခြား အရေးကြီးတဲ့လူနာတွေ ဘွတ်ကင်ယူပြီး ဝင်ပြလို့ ရသွားတာပေါ့နော်။ မဟုတ်ရင် ဆရာဝန်တွေလည်း ဘွတ်ကင်သမား လာမလားဆိုပြီး အချိန်ပေး ထိုင်စောင့်၊ အခြားပြချင်တဲ့ လူနာလေးတွေလည်း ရက်အမီ မပြလိုက်ရတာမျိုး ရှိမှာစိုးလို့ပါ။
နေကောင်းကျန်းမာ စိတ်ချမ်းသာကြပါစေ ????
-ဒေါက်တာမာယာ-

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here