ချာချာလည်မူးခြင်း Vertigo (November,2023)

0
236

မသောက်ဘဲ ချာချာလည်အောင် မူးတယ်ဆိုတာမျိုး ကြားဖူးကြသလို ဖြစ်လည်း ဖြစ်ဖူးကြမှာပါ။

ဒီလို ချာချာလည်မူးတာကို ဆေးပညာအခေါ်အဝေါ် အရဆိုရင်တော့ vertigo လို့ ခေါ်ပါတယ်။

.

????ချာချာလည်မူးခြင်း (Vertigo) ဘာကြောင့် ဖြစ်ရလဲ။

လူခန္ဓာကိုယ် လှုပ်ရှားသွားလာတဲ့အချိန်မှာ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ဖို့ နားအတွင်းမှာရှိတဲ့ ခရုခွေလေးတွေနဲ့ အဲဒီအထဲက အရည်လေးတွေက ထိန်းညှိပေးပါတယ်။ ဒီအရည်လေးတွေ စီးဆင်းမှုမမှန်တော့ဘဲ ပိတ်မိနေလို့ဖြစ်စေ၊ အာရုံကြောရောင်ရမ်းလို့ ဖြစ်စေ၊ ဦးနှောက်ကို ထိခိုက်မိလို့ဖြစ်စေ ချာချာလည်မူးခြင်းကို ခံစားရတတ်ပါတယ်။

????ချာချာလည်မူးခြင်းဆိုတာ ဘာလဲ၊ ဘယ်လို လက္ခဏာတွေ ခံစားရလေ့ ရှိလဲ။

မိမိရဲ့ ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်နေသလို ခေါင်းမူးတာမျိုးကို ခံစားရပါတယ်။ ခန္ဓာကိုယ် လှုပ်ရှားတဲ့အခါမှာ ပိုဆိုးတတ်ပြီး တစ်ချို့တွေမှာဆိုရင် မူးတာနဲ့တွဲပြီး ပျို့ချင်အန်ချင်တာ၊ မူးလို့ ခုတင်ပေါ်မှာ ငြိမ်ငြိမ်လေး လဲနေရတာမျိိုး၊ လမ်းမလျှောက်နိုင်တာ မတ်တပ်မရပ်နိုင်တာမျိုးတွေအထိပါ ဖြစ်တတ်ပါတယ်။ တစ်ချို့ရောဂါတွေမှာတော့ နားအူတာ၊ နားလေးတာတို့နဲ့ တွဲတတ်တာမျိုးလည်း တွေ့ရပါတယ်။

ချာချာလည်မူးခြင်း တစ်ခုတည်းကတော့ အန္တရာယ်မရှိပေမယ့် မူးလို့ ဟန်ချက်မထိန်းနိုင်လို့ ချော်လဲတာ၊ ခိုက်မိတတ်တာတွေ ဖြစ်တတ်ပါတယ်။

တစ်ချို့တွေမှာ မိနစ်အနည်းငယ်ပဲ ခံစားရပေမယ့် တစ်ချို့လူတွေမှာတော့ ရက်အလိုက်ကြာတတ်ပြီး ဖြစ်လိုက်ပျောက်လိုက် ဖြစ်တာမျိုးတွေလည်း တွေ့ရှိရပါတယ်။

ဒါပေမယ့် ချာချာလည်အောင် မူးတာမျိုးမဟုတ်ဘဲ မူးပြီး မိုက်ခနဲဖြစ်တာ သို့မဟုတ် ဖြစ်တဲ့အချိန် သတိမေ့တာ စတာတွေ ဖြစ်တယ်ဆိုရင်တော့ ချာချာလည်မူးခြင်း (vertigo) မဟုတ်ဘဲ တခြားရောဂါလက္ခဏာသာ ဖြစ်လို့ အမှတ်မမှားအောင် ဂရုစိုက်သင့်ပါတယ်။

????ဘယ်လိုရောဂါတွေက Vertigo ဖြစ်စေလဲ။

အဓိကအားဖြင့် ၂ မျိုးခွဲခြားနိုင်ပါတယ်။ နားနဲ့ နားအတွင်းပိုင်း အာရုံကြောလေးတွေ ထိခိုက်မိတာ (သို့) ရောင်ရမ်းလို့ ဖြစ်တဲ့ရောဂါနဲ့ ဦးနှောက်အစိတ်အပိုင်း တစ်ခုခုကို ထိခိုက်မိလို့ ဖြစ်တဲ့ရောဂါရယ်ဆိုပြီး ခွဲခြားလို့ ရနိုင်ပါတယ်။

.

(၁) နားနဲ့ အာရုံကြောကို ထိခိုက်မိလို့ ဖြစ်တဲ့ရောဂါများ

▪️Benign Positional vertigo

နားအတွင်းပိုင်းမှာရှိတဲ့ ခရုခွေလေးတွေထဲမှာ အညစ်အကြေးနဲ့ အမှုန်အမွှားတွေ စုမိသွားတဲ့အခါ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် မထိန်းနိုင်တော့ဘဲ ချာချာလည် ခေါင်းမူးစေပါတယ်။

.

▪️Acute Labyrinthitis (အာရုံကြော ရောင်ရမ်းခြင်း)

နားအတွင်းပိုင်းရှိ အာရုံကြော ရောင်ရမ်းခြင်းကြောင့် ဖြစ်ပွားရတာဖြစ်ပြီး များသောအားဖြင့် virus ပိုးကြောင့် ဖြစ်တတ်ပါတယ်။

.

▪️Meniere’s disease

နားအတွင်းရှိ အရည်တွေ စုမိရာကနေ ဖိအားများလာပြီး ခန္ဓာကိုယ် ဟန်ချက်ပျက်တာကြောင့် ချာချာလည်အောင် မူးရခြင်းဖြစ်ပါတယ်။ ချာချာလည်မူးခြင်းအပြင် နားလေးတာ နားအူတာတွေလည်း တွေ့ရတတ်ပါတယ်။

.

(၂) ဦးနှောက်ကို ထိခိုက်မိလို့ ဖြစ်တဲ့ရောဂါ

Cerebellar လို့ခေါ်တဲ့ ဦးနှောက်အငယ်နေရာမှာ သွေးကြောပိတ်ပြီး လေဖြတ်တာ၊ ဦးနှောက်မှာ အကျိတ်ဖြစ်တာ စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

တခြားအကြောင်းအရာတွေကတော့ အတက်ရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ နားကို ထိခိုက်မိတာနဲ့ ပိုးဝင်ပြီး နားပြည် မကြာခဏ ယိုတာမျိုးတွေမှာလည်း တွေ့ရတတ်ပါတယ်။

????ကုသနည်း

ရောဂါအမျိုးအစားပေါ်လိုက်ပြီး ကုသနည်းလည်း မတူကြပါဘူး။ အများအားဖြင့်တော့ အလိုလို သက်သာသွားတတ်ကြပါတယ်။

ချာချာလည်အောင် မူးပြီဆိုတာနဲ့ မတော်တဆ မဖြစ်ရလေအောင် နားနေပါ။ ချက်ချင်းမတ်တပ်ရပ်တာ၊ ပစ္စည်းကုန်းကောက်တာ၊ ခေါင်းအလှုပ်အရှားများတာမျိုး မလုပ်ဘဲ အနားယူပြီး ငြိမ်ငြိမ်လေးနေပါ။ ကားမောင်း ဆိုင်ကယ်မောင်း စက်ဘီးစီးတာမျိုး၊ အမြင့်တက်တာမျိုးကိုလည်း ရှောင်ကြဥ်ပါ။

ချာချာလည်မူးခြင်းဟာ အကြောင်းအရင်းများစွာကြောင့် ဖြစ်နိုင်သလို၊ အရေးကြီးတဲ့ ဦးနှောက်ကို ထိခိုက်မိတဲ့ ရောဂါတွေကြောင့်လည်း ဖြစ်တတ်တာမို့ ချာချာလည်မူးခြင်း ခံစားလာရရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ ကုသမှုခံယူပါ။

(ကိုးကား) Ref : ????

OHCM 10 th Edition

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here