အချိုရည်များနှင့် ကျန်းမာ‌ရေး

အချိုရည်သောက်ရင် ၀မယ်၊ ဆီးချိုဖြစ်မယ်၊ ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတာ လူတိုင်းသိကြပေမယ့် အချိုရည်တစ်ဘူး (ကိုလာ၊ စပရိုက်၊ ဆန်းကစ် စသဖြင့်) မှာ သကြားဘယ်လောက်ပါတယ် ဆိုတာကိုတော့ သောက်တဲ့သူတိုင်း သတိမမူမိတတ်ကြပါဘူး။

တကယ်တော့ ၃၀၀-၅၀၀ မီလီလီတာရှိတဲ့ အချိုရည်တစ်ဘူး (သို့) အချိုရည်တစ်ခွက်မှာ သကြားက လက်ဖက်စားဇွန်း ၁၀ ဇွန်းခန့်တောင် ပါ၀င်နေတာပါ ????

သကြားကို ဒီတိုင်းစားရင် တစ်ဇွန်းတောင် တော်တော် ချိုနေပေမယ့် အချိုရည်တွေကျ သကြား ၁၀ ဇွန်းမှန်း မသိရအောင် အချိုကဲမနေတော့ အမောပြေလေး သောက်တာတို့၊ လန်းသွားအောင် သောက်တာတို့၊ ဧည့်ခံတာတို့မှာ အချိုရည်ကို လက်စွဲသောက်သုံးတတ်ကြပါတယ်။

တကယ်တော့ အရင်ခေတ်ကလို သံပုရာသီးလေးညှစ်၊ သကြားလေး တစ်ဇွန်းနှစ်ဇွန်းလောက်နဲ့ လတ်လတ်ဆတ်ဆတ်ဖျော်တာကမှ သကြားပါတာနည်းလို့ အရမ်းကြီးမဆိုးဘူးပေါ့။

နောက်ပြီး ချိုစေတာခြင်းတူတူတောင် သကြားကမှ တော်သေး… သူ့ထက်ဆိုးတဲ့ သကာရည်တွေ၊ ပျားရည်တွေ၊ နို့ဆီတွေ၊ ပြောင်းသကြား High fructose corn syrup တွေကို စက်ရုံဖြစ်လုပ်တဲ့အခါ သုံးကြတာဆိုတော့ နာတာရှည်ရောဂါတွေ ပိုပြီးဖြစ်လာကြတာပေါ့။

နောက်ပြီး အချိုရည်တွေထဲ ဆိုးတာက Energy Drink အားဖြည့်အချိုရည် အမျိုးအစားတွေပါ။ သောက်လိုက်ရင် ချဥ်ပြုံးပြုံးနဲ့ဆိုတော့ သကြားများမှန်း သတိမထားမိ၊ သောက်ပြီးရင်လည်း လန်းသွားတာ အိပ်ချင်ပြေသွားတာတွေ ခံစားရတော့ အလုပ်ပိုလုပ်နိုင်တယ်ဆိုပြီး…. ဗိုက်ဆာဆာနဲ့ အလုပ်မအားသေးတဲ့အချိန် သောက်တာတို့၊ စာကျက်ရင်း အာရုံမရရင် သောက်တာတို့၊ ညဆိုင်းဆင်းရတဲ့သူတွေ အလွယ်သောက်တာတို့ လုပ်တတ်ကြပါတယ်။

ဒါတွေဟာ သတိထားဆင်ခြင်ရမယ့် အပြုအမူမျိုးတွေ ဖြစ်ပါတယ်။

ဘာလို့ အချိုရည်တွေက ကျန်းမာရေးအတွက် မကောင်းတာလဲဆိုတဲ့ အသေးစိတ်တွေကတော့……

◼️အချိုရည်ဟာ သကြားထက်ကို ပိုဆိုးပါတယ်။ အရည်ဖြစ်တဲ့အတွက် အစာချေဖျက်ရမြန်တဲ့အပြင် ဗိုက်ပြည့်အင့်မှုကို မဖြစ်စေတော့ အများကြီးပိုသောက်မိတတ်ပါတယ်။

ဥပမာ – အသီးဖျော်ရည်နဲ့ အသီးဆို အသီးက သွေးတွင်းအချိုဓာတ် တက်တာလည်း နှေးစေသလို ဗိုက်လည်းပြည့်စေလို့ အများကြီးမစားမိအောင် ပြန်ထိန်းမိစေပါတယ်။ အသီးဖျော်ရည်ဆိုရင်တော့ အများကြီးသောက်မိတော့ အသီးတွေအများကြီးစားသလို ဖြစ်စေတာပေါ့။

ဒီလိုမျိုး အများကြီးသောက်လိုက်လို့ ပိုသွားတဲ့ သကြားတွေက ခန္ဓာကိုယ်ထဲမှာ အသည်းအဆီအဖြစ်နဲ့ သိုလှောင်ထားပြီး အသည်းအဆီဖုံးခြင်းမှသည် အသည်းခြောက်ခြင်းအထိ ဖြစ်စေနိုင်ပါတယ်။

◼️နောက်တစ်ချက်က အရက်ဘီယာ လုံး၀မသောက်ပါဘဲနဲ့ အချိုရည်အသောက်များတဲ့သူကို ဘီယာဗိုက်လို့တောင် ပြောခံထိကြတာ ကြုံဖူးကြမှာပါ။ အချိုရည်တွေ သောက်သုံးရာမှတစ်ဆင့် ပိုလျှံလာတဲ့သကြားနဲ့ ကယ်လိုရီတွေကို အဆီတွေအဖြစ် ဗိုက်ခေါက်တွေမှာ စုဝေးစေပြီး နောက်ဆက်တွဲ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတွေ ဖြစ်နိုင်ခြေ ပိုများလာစေတာပေါ့။

◼️နောက်ပြီး အချိုရည်က အင်ဆူလင်ရဲ့အာနိသင်ကိုလျော့ကျစေတော့ ပိုပြီးလည်း ဆီးချိုဖြစ်လွယ်စေပါတယ်။

တချို့သူတွေမှာ ဆီးချိုဖြစ်စေတဲ့ အဓိအကြောင်းရင်းကိုက အချိုရည်တွေဖြစ်နေတာပါ။ အချိုရည်ဖြတ်လိုက်ရင် ဆီးချိုတောင် ပြန်ထိန်းနိုင်တဲ့အခြေအနေ ဖြစ်သွားတာတွေ ရှိပါတယ်။

◼️အခြားအာဟာရဓာတ်တွေ မပါနေတဲ့အတွက် အချိုရည်ကို ကလေးငယ်တွေသောက်တဲ့အခါ ထမင်းကောင်းကောင်းမစားနိုင်တော့ဘဲ ဗီတာမင်ဓာတ်ချို့တဲ့တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။

◼️လူကြီးတွေမှာတော့ ဗိုက်ပြည့်ခြင်းကို ဖြစ်စေပြီး အသိစိတ်ကို ထိန်းညှိပေးတဲ့ Leptin ကို အလုပ်မလုပ်နိုင်အောင် အချိုရည်ထဲက သကြားတွေက တားဆီးပစ်လိုက်လို့ ပိုပိုစားမိစေတာပေါ့။

◼️သကြားဓာတ်ကို ခန္ဓာကိုယ်က စွဲလမ်းစေရာမှတစ်ဆင့် အချိုရည်တွေကိုလည်း စွဲလမ်းသွားစေနိုင်ပါတယ်။

◼️အချိုရည်ဟာ သကြားတွေပိုလျှံစေပြီး ဒီကတစ်ဆင့် အဆီတွေစုစေတာ၊ မကောင်းတဲ့ LDL တွေ စုစေတာဖြစ်လို့ နှလုံးသွေးကြောကျဥ်း‌ရောဂါ ဖြစ်နိုင်ခြေ ပိုများစေပါတယ်။ ကင်ဆာဖြစ်နိုင်ခြေလည်း တိုးလာတာမို့ ရှောင်နိုင်ရင်အကောင်းဆုံးပါဘဲ။

◼️ခံတွင်းကျန်းမာရေးရဲ့ အဓိကရန်သူကလည်း ဒီအချိုရည်တွေပါပဲ။ သွားပိုးစားတာ အခေါင်းပေါက်ဖြစ်တာတွေရဲ့ အဓိကတရားခံပေါ့။

◼️အချိုရည်သောက်ရင် ယူရစ်အက်ဆစ်လည်းများစေလို့ အဆစ်ရောင် ဂေါက်ရောဂါ ဖြစ်လာစေနိုင်ပါသေးတယ်။

◼️အချိုရည်တွေ သောက်သုံးခြင်းဟာ သွေးထဲမှာ အချိုတွေ အဆီတွေ များနေစေလို့ ဦးနှောက်ကိုလည်း ကျုံလွယ်စေပါတယ်။

ဒီတော့ လက်ရှိမှာ မိမိ တစ်နေ့တာမှာ အချိုရည်သောက်မိနေလား၊ သကြားဘယ်လောက် စားမိနေလဲ ပြန်လည်ချင့်ချိန်ပါ။

အရင်ဆုံး မိမိကိုယ်မိမိ သတိထားမိအောင်လုပ်ပါ။

မသိမသာနဲ့ အချိုရည်သောက်သလို သကြားတွေ အများကြီးစားမိသလို ဖြစ်နေရင်တော့ ဖြည်းဖြည်းချင်းစီ လျှော့ပါ။ အချိုရည်ဟာ ဆိုးကျိုးတွေအများကြီးဆိုပေမယ့် သကြားဟာ အဆိပ်တော့ မဟုတ်ပါဘူး။

အရမ်းကြောက်စရာကောင်းတဲ့အရာတော့ မဟုတ်ပေမယ့် အများကြီး နေ့စဥ်စားနေမိတဲ့အခါ တန်ဆေးလွန်ဘေး ဖြစ်လာပြီး အထက်ပါဆိုးကျိုးတွေ ဖြစ်လာနိုင်လို့ တစ်နေ့ကို လက်ဖက်စားဇွန်း ၆ ဇွန်းထက်မပိုတဲ့ ပမာဏသာ စားသုံးပြီး ကျန်းမာရေးပိုကောင်းအောင် ဆင်ခြင်နိုင်ကြပါစေလို့ အကြံပြုလိုက်ပါတယ်။

အာဟာရဆရာဝန်တစ်ဦး

Telekyanmar

Reference : ????

https:// www. healthline. com /nutrition/13-ways-sugary-soda-is-bad-for-you#TOC_TITLE_HDR_13

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here