ကျန်းမာရေးနဲ့ ညီညွတ်ချင်ရင် ကိုယ်ရှာနိုင်တာထက် ပိုသုံးပါ (September,2023)

0
214

“ ကျန်းမာရေးနဲ့ ညီညွတ်ချင်ရင် ကိုယ်ရှာနိုင်တာထက် ပိုသုံးပါ”

(ကျားမလေး – တယ်လီကျန်းမာ၊ စက်တင်ဘာ ၂၀၂၃)

ဟာ . . . ဟင်

ဘယ်လို . . . ဘယ်လို

ပေါက်တတ်ကရတွေ ပြောနေတာလား

အဲလိုသာ သုံးနေလို့ကတော့ အကုန် မွဲကုန်မှာပေါ့ ????

ဪ… အင်း

ပေါက်တတ်ကရ မဟုတ်ပါဘူးနော်

အတည်ပြောတာပါ။

ဒီလိုပါ…

ကိုယ်ရှာနိုင်တာထက် ပိုသုံးပါဆိုတာ ပိုက်ဆံကို ပြောတာ မဟုတ်ပါဘူး… စွမ်းအင်ကို ပြောတာပါနော်။

စားထားတဲ့ အစားအစာတွေ…

ရှူထားတဲ့ အောက်ဆီဂျင်တွေ…

အဲဒါတွေပေါင်းပြီး (ဓာတ်ပြုပြီး) ရလာတဲ့ စွမ်းအင်တွေကို ရှာနိုင်တာထက် ပိုသုံးဖို့ ပြောတာပါ။

နားရှုပ်သွားပြီလား မသိ။

ဒီလိုပါနော်

အစားအသောက်တွေ နင်းကန်စား၊ ကိုယ်လက်လှုပ်ရှားမှုက မရှိ… ဒီလိုနဲ့ ခန္ဓာကိုယ်မှာ စွမ်းအင်တွေ ပိုလာတဲ့အခါ….အဆီပိုတွေစုလာပြီး… ဗိုက်ပူ၊ ခါးတုတ်၊ ပေါင်တွေလည်း တုတ်၊ လက်မောင်းတွေလည်း တုတ်…. တုတ်တုတ်ခဲခဲလေးနဲ့ ချစ်စရာလေးတွေ ဖြစ်လာ ????

(အဲ… ဟုတ်သေးပါဘူး ????)

တစ်ကိုယ်လုံး တုတ်တုတ်ခဲခဲနဲ့ တဖြည်းဖြည်း ဝတဲ့ဘက်ကို ခြေလှမ်းတွေ လှမ်းလာတာနဲ့အမျှ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါအမျိုးမျိုးတွေရဲ့ အနံ့လေးတွေလည်း သင်းလာတာပေါ့။

ဒီတော့…

ဒီလိုအနံ့လေးတွေ သင်းမလာရလေအောင်၊ ရောဂါဖြစ်နိုင်ခြေတွေ လျော့နည်းသွားရအောင် (Negative Energy Balance) လို့ခေါ်တဲ့ စွမ်းအင်အဝင်နဲ့ အထွက်ကို အရှုံးပေါ်အောင် လုပ်ရပါသတဲ့။

အခြားတော့ မဟုတ်ပါဘူး

ကိုယ်လက်လှုပ်ရှား လုပ်ရတာပေါ့…

သိပ်အများကြီးလည်း လုပ်စရာ မလိုပါဘူးတဲ့…

၁၀% လောက် အရှုံးပေါ်ရင်ကို အတော်အဆင်ပြေပြီလို့ ပြောကြပါတယ်။

ဪ လတ်စသတ်တော့ ပလီတီးခြောက်ချက်နဲ့ ငါတို့ကို လေ့ကျင့်ခန်းတွေ လုပ်ခိုင်းမလို့ မြူဆွယ်ကြံရွယ်နေတာပဲ။ မလုပ်နိုင်ပေါင်တော်…

ပိုလာတဲ့အဆီတွေရှိရင် စုပ်ထုတ်ပစ်လိုက်မယ်ဟေ့…

အခုက ဒါမျိုးတွေ ခေတ်စားနေတာ

လွယ်လွယ်လေးရယ်။

အယ်…

ဒါမျိုး လွယ်လွယ် မရပါဘူးနော် ????

ပိုနေတဲ့အဆီတွေကို စုပ်ထုတ်တာဟာ (Negative Energy Balance) မဟုတ်ရပါဘူး။ စုထားတဲ့ Energy တွေကို သူခိုးခိုးသွားတဲ့ သဘောပါ… ဓားပြတိုက်သွားတဲ့ သဘောပါနော်။

ကိုယ်ကိုယ်တိုင် တကယ်တမ်း စွမ်းအင်အရှုံးပေါ်အောင် ကြိုးစားလုပ်ဆောင်မှသာ ရောဂါဖြစ်နိုင်ခြေတွေ လျော့ကျသွားတာပါ။

ခန္ဓာကိုယ်ကို လိမ်ညာလှည့်ဖျားလို့ မရပါဘူး။ ခန္ဓာကိုယ်က သူ့ဆီကအဆီတွေ ဘယ်လိုနည်းနဲ့ လျော့သွားသလဲဆိုတာ သိပါတယ်။

အပြင်ပန်း လှပဖို့အတွက် မလိုချင်တဲ့နေရာက အဆီတွေကို စုပ်ထုတ်လိုက်တဲ့အခါ၊ ခန္ဓာကိုယ်ဟာ တခြားနေရာမှာ အဆီတွေကို ပိုပြီး စုပုံစေပါတယ်။

ဥပမာ။ ဗိုက်ခေါက်လေး ချပ်သွားအောင် ဗိုက်အဆီတွေ စုပ်ထုတ်/ဖယ်ထုတ်လိုက်တဲ့အခါ… ကိုယ်တွင်း ကလီစာတို့၊ အသည်းတို့၊ ကြွက်သားတို့ဆီမှာ အဆီတွေ ပြန်သွားစုပါတယ်။

ဒါ့အပြင် အဆီတွေ စုပ်ထုတ်လိုက်လို့ ခန္ဓာကိုယ်ထဲက ဟော်မုန်းတွေ၊ ဓာတုဓာတ်ပစ္စည်းတွေ၊ ဇီဝဖြစ်စဥ်တွေဟာ ရေတိုရော ရေရှည်ရော ဘာမှထူးထူးခြားခြား ပြောင်းလဲမသွားပါဘူး။

ပြောရရင်… သွေးတိုး၊ ဆီးချို၊ နှလုံး ဖြစ်နိုင်ခြေတွေ လျော့ကျမသွားပါဘူးပေါ့…

ရောဂါအနံ့လေးတွေ သင်းပျံ့နေဆဲပါပေါ့ ????

အဲ….

ဒါပေမယ့်… အားကစားလေ့ကျင့်ခန်းတွေ ပြုလုပ်တဲ့အခါမှာတော့ ဒီလိုမဟုတ်ဘဲ တစ်ကိုယ်လုံးက အဆီတွေကို အချိုးကျ လောင်ကျွမ်းစေတဲ့အပြင် အင်ဆူလင်တုံ့ပြန်မှုကို ကောင်းစေတာ၊ သွေးကြောငယ်လေးတွေဆီမှာ သွေးလည်ပတ်မှု အားကောင်းစေတာ စတဲ့ ကောင်းကျိုးတွေကို ရရှိစေပါတယ်။

ဒါကြောင့် ၁၀% အရှုံးပေါ်အောင် (ကိုယ်အလေးချိန် ၁၀% လျော့ကျသွားအောင်) လုပ်ပေးနိုင်ရင်ကို သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ ဖြစ်နိုင်ခြေတွေဟာ အများကြီး လျော့ကျသွားပြီး သာမန်လူတွေနဲ့ အတူတူလို ဖြစ်သွားစေတာပါတဲ့ ????????

ဟုတ်ပါပြီနော်

တကယ်တော့ ကိုယ်အလေးချိန် ၁၀% လျော့ကျအောင် လုပ်ဖို့ဆိုတာ အလွယ်လေးပါ။

(မလုပ်ကြသေးလို့သာ ????)

နောက်ပြီး အဆီစုပ်ထုတ်တာကို အသာထား…

အခုခေတ်အခြေအနေမှာ ပြည်သူတွေခမျာ ကောင်းမွန်တဲ့ဆီအမျိုးအစားဆိုတာ ဝေးစွ…. စားအုန်းဆီတောင် တန်းဆီပြီးဝယ်နေရတဲ့ ခေတ်ပျက်စနစ်ပျက်ထဲ ရောက်နေတာ မဟုတ်လား…

ဒီလို ဆီနဲ့ အဆီတွေက ပေးတဲ့ဒုက္ခတွေကို အခုချက်ချင်း လက်ငင်း မခံစားရသေးရင်တောင်၊ နောင်တစ်ချိန် ရေရှည်မှာ လူအများ ခံစားကြရမယ်လေ။

ဒါကြောင့် အခုကတည်းက သတိပြုဆင်ခြင်ပြီး လုပ်သင့်လုပ်ထိုက်တာလေးတွေ လုပ်ကြစေချင်တာပါ။

နောက်ပြီး… အခုနောက်ပိုင်း အလှအပအတွက် အဆီစုပ်ထုတ်တာတွေကလည်း လိုင်းပေါ်မှာ ခေတ်စားလာတဲ့အပြင်၊ အလှအပ သက်သက်သာမဟုတ် ကျန်းမာရေးအတွက် အကျိုးရှိသယောင်တွေ ထင်ယောင်ထင်မှား ပြောဆိုနေကြတာတွေ တွေ့နေရလို့….

တတ်သမျှ မှတ်သမျှ နိုင်ငံတကာ သုတေသနတွေ ရှာဖတ်ပြီး အခုပိုစ့်လေးကို ရေးလိုက်တာပါနော် ????

တို့ကတော့ ဒီလောက်ပဲ ရေးတတ်ပါတယ်…

ဒီထက်ပိုပြီး အသေးစိတ် သိချင်တယ်ဆိုရင်တော့ တယ်လီကျန်းမာမှာ ဘိုကင်ယူပြီး အထူးကုသမားတော်တွေ၊ အာဟာရဆရာဝန်တွေနဲ့သာ အခမဲ့ လာရောက်ဆွေးနွေး မေးမြန်းတိုင်ပင်ကြပါတော့…

အခုကတော့ ခပ်လွယ်လွယ်နဲ့ ခပ်ရှင်းရှင်းပဲ…ပြောကြားရင်း အားလုံးကို နှုတ်ဆက်လိုက်ပါရစေနော်…

“ ကျန်းမာရေးနဲ့ ညီညွတ်ချင်ရင် ကိုယ်ရှာနိုင်တာထက် ပိုသုံးပါ”

(ပိုက်ဆံ မဟုတ်ပါ)

ဘိုင့်ပါ…..။

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here