ကလေးမွေးဖွားပြီးနောက် စိတ်မရွှင်လန်းခြင်း (Baby blues)
Baby blues ဆိုတာ မီးဖွားပြီးမိခင် ၈၀ ရာခိုင်နှုန်းခန့်မှာ ခံစားရတဲ့ ဝမ်းနည်းမှု၊ စိုးရိမ်ပူပန်မှု၊ ဖိစီးမှုနဲ့ စိတ်ခံစားချက် အပြောင်းအလဲတွေများတဲ့ တိုတောင်းတဲ့အချိန်ကာလကို ဆိုလိုပါတယ်။
ပထမဦးဆုံးကလေးမွေးပြီး မိခင်အသစ် ၅ ယောက်မှာ ၄ ယောက်ဟာ ဒီလို baby blues ကာလကို ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သင်ကိုယ်တိုင်မှာလည်း ဖြစ်နိုင်ခြေရှိပါတယ်။ (အကယ်လို့ သင်သာ ကလေးမွေးပြီးနောက် ဒီလိုမခံစားရဘူးဆိုရင်တော့ ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်)
ကလေးမီးဖွားပြီး ရက်အနည်းငယ်အတွင်းမှာ ဒီလိုစိုးရိမ်ပူပန် ဝမ်းနည်းမှုတွေဖြစ်တဲ့ baby blues ကို ခံစားရလေ့ရှိပြီး အထူးသဖြင့် ကလေးမွေးဖွားတုန်းကလည်း ခက်ခဲခဲ့တယ်ဆိုရင် baby blues လက္ခဏာတွေကို စောစီးစွာ သတိပြုမိနိုင်ပါတယ်။
..
..
????ဘာကြောင့် baby blues ဖြစ်ရသလဲ
ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ အကြောင်းရင်းကို အတိအကျ မသိရပါ။ ကလေးမွေးဖွားပြီးနောက် သားအိမ်ကို ပုံမှန်အရွယ်အစားသို့ ပြန်ကျုံ့စေဖို့နဲ့ ကလေးကိုနို့တိုက်ဖို့အတွက် ခန္ဓာကိုယ်ဟာ လွန်ကဲတဲ့ဟော်မုန်းအတက်အကျကာလကို ဖြတ်သန်းသွားရပါတယ်။ ဒီလိုဟော်မုန်းအပြောင်းအလဲတွေက မီးဖွားပြီးနောက် မိခင်ရဲ့စိတ်အခြေအနေကို ထိခိုက်စေနိုင်ပါတယ်။
တခြားဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကတော့ မီးဖွားပြီးနောက်ကာလမှာ မိဘတွေဟာ ခါတိုင်းလို အိပ်မပျော်တာတွေ၊ ကလေးရလာပြီးနောက် ဘဝနေထိုင်မှုပုံစံမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေကို ရင်ဆိုင်ရတဲ့ ကာလဖြစ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
..
..
????Baby blues လက္ခဏာတွေက ဘာတွေလဲ
ကလေးမွေးပြီး ၂ ရက်မှ ၃ ရက်အတွင်းမှာ ရောဂါလက္ခဏာတွေ စတင်ခံစားရပါတယ်။ အများစုကတော့ ရက်အနည်းငယ်အကြာမှာ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ များသောအားဖြင့် မီးဖွားပြီး ၁၀ ရက်အတွင်းနဲ့ တစ်ခါတစ်ရံ ၁၄ ရက်အထိ ဖြစ်တတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လက္ခဏာတွေ ကွာခြားနိုင်ပေမယ့် အဖြစ်များတဲ့လက္ခဏာတွေကတော့…
– အသေးအမွှားကိစ္စလေးကြောင့် ငိုခြင်း
– စိတ်အနှောက်အယှက် ဖြစ်လွယ်ခြင်း၊ စိတ်တိုလွယ်ခြင်း
– ကလေးအား မတွယ်တာခြင်း
– အရင်က သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ်အပြင်ထွက်ရတာ စတာတွေကို သတိရခြင်း
– ကလေးရဲ့ ကျန်းမာရေးနဲ့ လုံခြုံမှုအတွက် စိုးရိမ်ပူပန်ခြင်း
– မောပန်းနွမ်းနယ်နေသော်လည်း ဂနာမငြိမ်ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း
– လွယ်ကူသော ဆုံးဖြတ်ချက်ချရန်တောင် ခက်ခဲခြင်း၊ ရှင်းရှင်းလင်းလင်း မတွေးခေါ်နိုင်ခြင်းတို့ ဖြစ်ပါတယ်။
..
..
????ဒီ baby blues နဲ့ postpartum depression (မီးဖွားပြီးနောက် စိတ်ကျရောဂါခံစားရခြင်း) တို့ ဘယ်လိုကွာခြားကြလဲ
Postpartum depression မှာဆိုရင် မီးဖွားပြီးနောက် ခံစားရတဲ့ လက္ခဏာတွေဟာ ပိုဆိုးနေတတ်ပါတယ်။ အဓိကအားဖြင့် အချိန်ကာလနဲ့ ပြင်းထန်မှုပေါ်မူတည်ပြီး ခွဲခြားနိုင်ပါတယ်။
အချိန်ကာလ — မီးဖွားပြီးနောက် ၂ ပတ်ကြာပြီးတဲ့အထိ ဝမ်းနည်းတာ၊ စိုးရိမ်ပူပန်တာတွေ ခံစားနေရတယ်ဆိုရင် မီးဖွားပြီးနောက်စိတ်ဓာတ်ကျခြင်း (postpartum depression) ဖြစ်နိုင်ပါတယ်။ (Baby blues လက္ခဏာတွေဟာ ပုံမှန်အားဖြင့် ၂ ပတ်ထက် ပိုကြာလေ့မရှိပါ)
Baby blues လက္ခဏာတွေဟာ မွေးပြီးပြီးချင်းမှာသာ အဖြစ်များတာမို့ ရက်သတ္တပတ်ပေါင်းများစွာ၊ လပေါင်းများစွာထိ စိတ်ကျရောဂါလက္ခဏာတွေ ခံစားနေရတယ်ဆိုရင်တော့ postpartum depression ဖြစ်နိုင်ပြီး ကျွမ်းကျင်သူနဲ့ တိုင်ပင်ဆွေးနွေး ကုသသင့်ပါတယ်။ မီးဖွားပြီးနောက် စိတ်ဓာတ်ကျခြင်းဟာ ကလေးမွေးပြီး ပထမနှစ်အတွင်း အချိန်မရွေး ဖြစ်ပွားနိုင်ပါတယ်။
ပြင်းထန်မှု — လူတစ်ဦးနဲ့တစ်ဦး ပြင်းထန်မှုကို အနည်းအများလက်ခံတာချင်း မတူကြပါဘူး။ ပုံမှန်အားဖြင့် baby blues ဟာ စိတ်ဓာတ်ကျလက္ခဏာတွေ ခံစားရစေနိုင်ပေမယ့် နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုတော့ မထိခိုက်စေပါဘူး။ Postpartum depression ကတော့ လက္ခဏာတွေက ပိုကြာတတ်ပြီး အလွယ်တကူ မြန်မြန်နဲ့ မပျောက်သွားတတ်ပါဘူး။
..
..
????Baby blues လက္ခဏာတွေခံစားရတဲ့အခါ ဘယ်လိုကုသမလဲ
အထူးတလည် ကုသမှုခံယူဖို့တော့ မလိုပါဘူး။ လူအများစုက နေထိုင်မှုပုံစံအသစ်နဲ့ လိုက်လျောညီထွေဖြစ်သွားပြီး နေသားကျလာတဲ့အခါ အဆင်ပြေသွားတတ်ကြပါတယ်။
ဆိုလိုတာကတော့ မီးဖွားပြီးနောက်ကာလဟာ မိခင်တွေအတွက် ခက်ခဲတာကြောင့် တတ်နိုင်သမျှ ကိုယ့်ကိုယ်ကို အကောင်းဆုံးဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ဒီလိုအကူးအပြောင်းကာလမှာ ခံစားရတဲ့လက္ခဏာတွေ သက်သာအောင် လုပ်နိုင်တဲ့နည်းလမ်းတွေကတော့…
• တတ်နိုင်သမျှ အိပ်ရေးဝအောင်အိပ်ပါ။ အလုပ်တွေ ကျန်သေးတာကို တွေးမပူဘဲ ကလေးအိပ်တဲ့အခါ လိုက်အိပ်ပါ။ ပင်ပန်းနွမ်းနယ်နေချိန်မှာ အရာအားလုံးက ပိုဆိုးသွားသလို ခံစားရတတ်ပါတယ်။ တစ်ခါတစ်ရံမှာ အိပ်စက်ခြင်းဟာ အကောင်းဆုံးဆေးတစ်ခွက် ဖြစ်ပါတယ်။
• အကူအညီတောင်းပါ။ အလုပ်တွေကို အခြားသူတစ်ဦးကလုပ်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။ အများအားဖြင့် အဘွားတွေက အစားအသောက်ချက်ပြုတ်တာ၊ အခြားအိမ်မှုကိစ္စတွေလုပ်တာ၊ အနှီးလဲတာ စတာတွေကို လုပ်ပေးတတ်ကြပါတယ်။ အရာအားလုံးကို ကိုယ်တိုင်လုပ်ဖို့ မကြိုးစားပါနဲ့။
• ကောင်းကောင်းစားပြီး အပြင်လည်းထွက်ပါ။ ခန္ဓာကိုယ်အတွက် အာဟာရရှိတဲ့ အစားအစာတွေကို စားပြီး အပြင်ထွက်ကာ လတ်ဆတ်တဲ့လေကို ရှူပေးသင့်ပါတယ်။
• တစ်စုံတစ်ယောက်နဲ့ စကားပြောပါ။ ၎င်းဟာ ကုထုံးပညာရှင်ဖြစ်ရန် မလိုအပ်ပါဘူး။ မိသားစုဝင် (သို့မဟုတ်) သူငယ်ချင်းတစ်ဦးနဲ့ စကားပြောပြီး ခံစားနေရတာတွေကို ရင်ဖွင့်သင့်ပါတယ်။
• ကိုယ်နှစ်သက်တဲ့အရာကိုလုပ်ပါ။ အခြားသူတစ်ယောက်အတွက် ၂၄/၇ အသက်ရှင်နေထိုင် လုပ်ကိုင်နေရခြင်းဟာ ပူလောင်ပြီး စိတ်ပျက်စေပါလိမ့်မယ်။ ကလေးမရှိခင်က ပျော်ရွှင်စေခဲ့တဲ့အရာတွေကို ကလေးမွေးပြီးနောက်မှာလည်း လုပ်ဖို့ အချိန်ပေးသင့်ပါတယ်။
• ကိုယ့်အိမ်ထောင်ဖက်၊ လက်တွဲဖော်နဲ့ သံယောဇဉ်တိုးအောင်လုပ်ပါ။ အခြားသူတစ်ဦးနဲ့ အဆက်အသွယ်ပြတ်သွားဖို့ လွယ်ကူပေမယ့် ကိုယ့်လက်တွဲဖော်နဲ့ ပိုမိုနားလည်မှုရှိပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီပံ့ပိုးပေးနိုင်ဖို့ အရေးကြီးပါတယ်။
Reference: ????
https://www.healthline.com/health/baby-blues#treatment
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.