“ လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သော ဆီးပူညောင်းကျရောဂါ (Gonorrhoea)”

ဆီးပူညောင်းကျရောဂါ (Gonorrhea) ဆိုတာ အဖြစ်များတဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး (STI) ဖြစ်ပါတယ်။

အစောပိုင်းလက္ခဏာတွေအနေနဲ့ ဆီးသွားတဲ့အခါ နာကျင်ခြင်းနဲ့ လိင်အင်္ဂါမှ အဖြူရောင်၊ အစိမ်းရောင် (သို့မဟုတ်) အဝါရောင် အရည်ဆင်းခြင်းများ ပါဝင်ပြီး တစ်ခါတစ်ရံ ရောဂါလက္ခဏာ မပြနိုင်ပါ။ ရောဂါကူးစက်ခံရပါက အလျင်အမြန် ကုသမှုခံယူရန်လိုအပ်ပြီး၊ စောစီးစွာ ရောဂါရှာဖွေတွေ့ရှိပါက အများအားဖြင့် ထိရောက်စွာကုသနိုင်ပါတယ်။

..

..

????ဘယ်လိုအရာတွေကြောင့် ဆီးပူညောင်းကျရောဂါ ဖြစ်ရသလဲ

N. gonorrhoeae လို့ခေါ်တဲ့ ဘက်တီးရီးယားဟာ ဆီးပူညောင်းကျရောဂါကို ဖြစ်စေပါတယ်။ ဒီဘတ်တီးရီးယားတွေဟာ ပူနွေးစိုစွတ်တဲ့ပတ်ဝန်းကျင်မှာ ရှင်သန်ပေါက်ဖွားကြပြီး ခန္ဓာကိုယ်ရဲ့ mucous membrane ရှိတဲ့ လိင်အင်္ဂါ၊ ပါးစပ်၊ လည်ချောင်း၊ မျက်လုံးနဲ့ စအိုဝတို့ကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။

ဆီးပူညောင်းကျရောဂါဟာ လိင်တံ၊ လိင်အင်္ဂါ၊ စအိုနဲ့ ပါးစပ်ပါ၀င်တဲ့ လိင်ဆက်ဆံမှုမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ခြင်းဖြစ်ပြီး လိင်ဆက်ဆံစဉ် သုက်လွှတ်ခြင်းမရှိဘဲလည်း ကူးစက်နိုင်ပါတယ်။

ဆီးပူညောင်းကျရောဂါဟာ ကလေးမီးဖွားနေစဥ် မိခင်မှ ကလေးငယ်ဆီသို့လည်း ကူးစက်နိုင်ပါတယ်။

????ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရနိုင်လဲ

အများစုဟာ ဘာရောဂါလက္ခဏာမှ မပြတတ်ပါဘူး။ တချို့တွေမှာတော့ ဆီးသွားတဲ့အခါ ပူလောင်တဲ့ ခံစားမှုမျိုး ခံစားရတတ်ပါတယ်။

အမျိုးသားတွေမှာ လိင်တံမှ အဖြူ၊ အစိမ်း (သို့မဟုတ်) အဝါရောင်အရည်များ ထွက်ခြင်း၊ ဝှေးစေ့နာကျင်ရောင်ရမ်းခြင်း၊ လိင်အင်္ဂါထိပ်အရေပြားရောင်ရမ်းခြင်းတို့ ဖြစ်တတ်ပါတယ်။

အမျိုးသမီးတွေမှာ ဓမ္မတာတစ်ခုနဲ့တစ်ခုကြားတွင် သွေးဆင်းခြင်း၊ မိန်းမကိုယ်မှ အဖြူဆင်းခြင်း၊ လိင်ဆက်ဆံချိန် နာကျင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ရောဂါပိုးဟာ တင်ပါးဆုံအတွင်းရှိ တခြားအင်္ဂါအစိတ်အပိုင်းတွေအထိ ပျံ့နှံ့သွားတတ်ပြီး အဲဒီအခါမှာတော့ ဝမ်းဗိုက်အောက်ပိုင်း နာကျင်ခြင်း၊ ဖျားခြင်း၊ ဆီးပူဆီးအောင့်ခြင်း စသည်တို့လည်း ခံစားရနိုင်ပါတယ်။

မွေးကင်းစကလေးငယ်အချို့မှာ မျက်စိရောင်နာဖြစ်ခြင်းဟာ ဆီးပူညောင်းကျရောဂါ ကူးစက်ခံရခြင်း ဖြစ်နိုင်ခြေတစ်ခု ဖြစ်ပါတယ်။ လက္ခဏာတွေဟာ မွေးပြီးပြီးချင်း (၂ – ၄) ရက်အတွင်း ပေါ်လာနိုင်ပြီး မျက်လုံးနီခြင်း၊ မျက်လုံးတွင် ပြည်တည်ခြင်းနှင့် မျက်ခွံများ ရောင်ရမ်းခြင်းတို့ ဖြစ်နိုင်ပါတယ်။

စအိုဖြင့် လိင်ဆက်ဆံပါက စအိုလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့ စအိုတစ်ဝိုက် ယားယံခြင်း၊ နာကျင်ခြင်း၊ သွေးထွက်ခြင်းနဲ့ ဝမ်းသွားစဉ် နာကျင်ခြင်းတို့ ခံစားရနိုင်ပါတယ်။

ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းကြောင့် ကူးစက်ခံရပါက လည်ချောင်းတွင် ရောဂါပိုးဝင်နိုင်သော်လည်း လက္ခဏာမပြနိုင်ပါ။

ဆီးပူညောင်းကျရောဂါဟာ ဘတ်တီးရီးယားပိုးဝင်ခြင်းဖြစ်ပြီး ဒီဘတ်တီးရီးယားပိုးပါဝင်တဲ့ သုတ်ရည် (သို့မဟုတ်) မိန်းမကိုယ်မှအရည်များ မျက်လုံးထဲသို့ ဝင်သွားပါက pink eye လို့ခေါ်ကြတဲ့ မျက်မြှေးရောင်ခြင်း (conjunctivitis) လည်း ဖြစ်နိုင်ပါတယ်။

????Gonorrhoea ရောဂါ ဟုတ်/မဟုတ် ဘယ်လိုစစ်ဆေးနိုင်သလဲ

ဆရာဝန်က လူနာရဲ့ ရောဂါလက္ခဏာတွေနဲ့ ရောဂါရာဇဝင်ကို မေးမြန်းပြီး ဆီးနမူနာ (သို့မဟုတ်) လိင်တံ၊ သားအိမ်ခေါင်း၊ ဆီးလမ်းကြောင်း၊ စအို၊ မျက်ခွံနဲ့ လည်ချောင်းတို့မှ swab ယူ၍လည်း စစ်ဆေးနိုင်ပါတယ်။ အိမ်မှာ စမ်းသပ်စစ်ဆေးနိုင်တဲ့ test kit တွေကိုသုံးပြီး နမူနာကို ဓာတ်ခွဲခန်းသို့ပေးပို့ပြီးလည်း စစ်ဆေးနိုင်ပါတယ်။

ရောဂါပိုးရှိတယ်ဆိုရင် ကုသမှုခံယူဖို့ ဆရာဝန်နဲ့ပြသရန် လိုအပ်ပြီး ဆရာဝန်ဟာ ရောဂါကိုအတည်ပြုရန်အတွက် နောက်ထပ်စစ်ဆေးမှုတွေလည်း လုပ်နိုင်ပါတယ်။ အကယ်၍ တစ်ယောက်ယောက်မှာ ဆီးပူညောင်းကျရောဂါ (သို့မဟုတ်) အခြားကာလသားရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိပါက အခြားလိင်ဆက်ဆံဖော်တွေဟာလည်း စစ်ဆေးမှုခံယူသင့်ပါတယ်။

????ဆီးပူညောင်းကျရောဂါကို ဘယ်လိုကုသကြမလဲ

ဆီးပူညောင်းကျရောဂါရှိသူတိုင်း ရောဂါပိုးမပျံ့ပွားအောင် ကုသမှုကို အမြန်ဆုံးခံယူဖို့ လိုအပ်ပါတယ်။ ကုသမှုမှာ ပဋိဇီဝဆေးဝါး (antibiotics) တွေ ပါဝင်နေပြီး မိမိနဲ့ သင့်တော်မယ့် ဆေးဝါးတွေကို ဆရာဝန်က ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ကုသမှုလည်း ကွာခြားနိုင်တာကြောင့် မိမိကို ညွှန်ကြားထားတဲ့ဆေးဝါးတွေကို အခြားသူတွေနဲ့ မမျှဝေသင့်ပါဘူး။ ဒီလိုမျှဝေခြင်းဖြင့် ဆေးယဥ်ပါးမှုတွေ ဖြစ်ပေါ်လာနိုင်ပြီး၊ ပဋိဇီဝဆေးယဉ်ပါးမှုဟာ ဆီးပူညောင်းကျရောဂါကို ကုသရန် ပိုမိုခက်ခဲစေပါတယ်။

အကယ်၍ ကုသမှုခံယူပြီး ရက်အတော်ကြာအထိ ရောဂါလက္ခဏာတွေ မသက်သာလာဘူးဆိုရင်တော့ ဆရာဝန်ထံ ပြန်သွားပြသင့်ပြီး နောက်ထပ်စမ်းသပ်စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုနိုင်ပါတယ်။

နောက်ဆက်တွဲ ရက်ချိန်းပြသခြင်းတွေဟာ အရေးကြီးပြီး ဆရာဝန်က စိတ်ချရပြီလို့ မပြောမချင်း လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ရန်လည်း လိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်တွင် ဆီးပူညောင်းကျရောဂါ ဖြစ်ပွားပါက ဆရာဝန်နဲ့အမြန်ဆုံးပြသရန် လိုအပ်ပါတယ်။ ရောဂါပိုးဟာ ကလေးမွေးဖွားစဉ်အတွင်း ကူးစက်နိုင်တာကြောင့် မွေးပြီးပြီးချင်း ကလေးကို ပဋိဇီဝဆေးတွေ ပေးဖို့လိုအပ်ပါတယ်။

..

..

????ဆီးပူညောင်းကျရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ

Gonorrhea ဟာ အမျိုးမျိုးသော ပြင်းထန်တဲ့ နောက်ဆက်တွဲတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကုသမှု အမြန်ဆုံးခံယူဖို့ အရေးကြီးတာပါ။

အမျိုးသမီးတွေမှာ တင်ပါးဆုံရောင်ရမ်းခြင်း ( PID )၊ နာတာရှည် တင်ပါးဆုံတွင်း နာကျင်ခြင်း၊ မျိုးမပွားနိုင်ခြင်းနဲ့ အရေးပေါ်အခြေအနေဖြစ်တဲ့ သားအိမ်ပြင်ပသန္ဓေတည်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။

ရောဂါပိုးရဲ့ အခြားသော နောက်ဆက်တွဲပြဿနာတွေဟာ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်မှာ ဖြစ်ပွားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်တွင် ကုသမှုမခံယူပါက ကလေးအသေမွေးနိုင်ခြေ များစေပါတယ်။ အကယ်၍ ရောဂါပိုးဟာ မွေးကင်းစကလေးထံသို့ ကူးစက်သွားခဲ့ရင်တော့ အဆစ်ပိုးဝင်ခြင်း၊ အမြင်အာရုံဆုံးရှုံးခြင်းနဲ့ အသက်အန္တရာယ်ရှိသော သွေးပိုးဝင်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

အမျိုးသားတွေမှာ ဆီးပူညောင်းကျရောဂါဟာ မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်တဲ့ ကပ်ပယ်အိတ်အနောက်ဘက်ရှိ သုက်ပို့ပြွန်ရောင်ရမ်းခြင်း (epididymitis) ကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဆီးပူညောင်းကျရောဂါကို ကုသမှု မခံယူဘဲထားပါက အဆစ်များတွင် ရောဂါပိုးဝင်နိုင်ပြီး အကြောဆေးသွင်းကုသခြင်း လိုအပ်နိုင်ပါတယ်။

ဒါ့အပြင် လိင်မှတစ်ဆင့် ပိုးကူးစက်ခြင်းကနေ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ခန္ဓာကိုယ်အနှံ့ gonococcal ရောဂါပိုးပျံ့နှံ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုအချိန်မှာ တွေ့ရများတဲ့ ရောဂါလက္ခဏာတွေကတော့ အရေပြားရောင်ရမ်းခြင်း၊ ယားယံခြင်း၊ အရေပြားခြောက်သွေ့ခြင်း၊ ဖျားခြင်း၊ အဆစ်အမြစ်နာခြင်းနဲ့ အရွတ်တစ်ဝိုက် ရောင်ရမ်းခြင်းတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ဆီးပူညောင်းကျရောဂါရှိသူတွေဟာ HIV ကူးစက်နိုင်ခြေလည်း ပိုများပါတယ်။ အကြောင်းရင်းကတော့ ပိုးဝင်ခြင်းကြောင့်ဖြစ်တဲ့ အနာတွေကတစ်ဆင့် တခြား ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးတွေဟာ ခန္ဓာကိုယ်အတွင်းသို့ အလွယ်တကူဝင်ရောက်နိုင်တာကြောင့် ဖြစ်ပါတယ်။

..

..

????ဆီးပူညောင်းကျရောဂါကို ဘယ်လိုကာကွယ်ကြမလဲ

ရောဂါပိုးကူးစက်နိုင်ခြေရှိပါက လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ။ လိင်ဆက်ဆံစဉ် ကွန်ဒုံးကဲ့သို့သော အတားအဆီးကာကွယ်နည်းကို အသုံးပြုပါ။ မိမိကိုယ်ကို ရောဂါပိုးကင်းစင်ကြောင်း စစ်ဆေးပြီး မိမိ၏ အိမ်ထောင်ဖက်အပေါ်လည်း သစ္စာရှိပါ။

Reference :https:// www. medicalnewstoday. com /articles/155653

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here