ပြင်းထန် ဓာတ်မတည့်တုံ့ပြန်မှု ( Anaphylaxis )
ပြင်းထန်သော ဓာတ်မတည့်သည့် တုံ့ပြန်မှုတစ်ခုကို ဆေးပညာစကားအရ Anaphylaxis လို့ ခေါ်ပါတယ်။
မတည့်တဲ့အစားအစာ၊ အင်းဆက်ပိုးမွှားကိုက်ခံရခြင်းနဲ့ အခြားအကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပြီး၊ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ရောင်ရမ်းခြင်း၊ အင်ပျဉ်ထခြင်းနဲ့ အသက်ရှူရခက်ခဲခြင်းတို့ ဖြစ်ပါတယ်။
Asthma and Allergy Foundation of America (AAFA) ရဲ့ အဆိုအရ အမေရိကန်ပြည်ထောင်စုမှာ အစားအသောက် ဓာတ်မတည့်မှုကြောင့် နှစ်စဉ် ဆေးရုံသို့ လာရောက်သူ (၂) သိန်းခန့် ရှိပါတယ်။ AAFA ရဲ့ အစီရင်ခံစာအရ အမေရိကန်နိုင်ငံမှာ နှစ်စဥ် လူသန်း ၅၀ ကျော်ဟာ ဓာတ်မတည့်တုံ့ပြန်မှု ခံစားကြရပြီး ဒီလိုဓာတ်မတည့်မှုတွေဟာ နိုင်ငံအတွင်း နာတာရှည်ဖျားနာမှုတွေရဲ့ ဆဋ္ဌမမြောက် အဓိကအကြောင်းအရင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
..
..
????ဒီလို ပြင်းထန်သောဓာတ်မတည့်မှု Anaphylaxis ဟာ ဘာတွေကြောင့် ဖြစ်ရလဲ
ခန္ဓာကိုယ်က ပြင်ပပစ္စည်းတစ်ခုနဲ့ ဓာတ်ပြုပြီး ကျန်းမာရေးကို ဆိုးရွားစွာခြိမ်းခြောက်တာဟာ Anaphylaxis ဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ အချို့ဆေးဝါးတွေ၊ အစားအစာတွေနဲ့ အင်းဆက်ပိုးမွှားကိုက်ခံရခြင်းတွေကြောင့် ဖြစ်ပါတယ်။
အစားအစာအချို့ဖြစ်တဲ့ နို့၊ ကြက်ဥ၊ ငါး၊ crustacean shellfish၊ ဂျုံ၊ ပဲပိစပ်၊ မြေပဲနဲ့ အစေ့အဆန် စတာတွေကြောင့် ပြင်းထန်ဓာတ်မတည့်တာ ဖြစ်တတ်ပါတယ်။
…
…
????ဒီလို ဓာတ်မတည့်တာတွေ ဖြစ်နေစဉ်မှာ ဘယ်လိုတွေခံစားရနိုင်လဲ
ဓာတ်မတည့်မှုတစ်ခုခုနဲ့ ထိတွေ့တဲ့အခါ ခန္ဓာကိုယ်က ရောင်ရမ်းတာကို တုံ့ပြန်တဲ့မော်လီကျူးတွေဖြစ်တဲ့ histamine အများအပြားကို ထုတ်လုပ်ပါတယ်။ အဲ့ဒီအခါ သွေးကြောတွေ ကျယ်လာတာ၊ သွေးပေါင်ချိန် ရုတ်တရက်ကျဆင်းတာ၊ သတိလစ်တာနဲ့ shock ရတာ စတာတွေကို ခံစားရနိုင်ပါတယ်။
အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းလာပြီး အသက်ရှုရခက်လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် သွေးကြောတွေကနေ စိမ့်ထွက်လာတဲ့ အရည်တွေစုပုံလာခြင်းကြောင့် ဖောရောင်ခြင်း (Oedema) ကိုလည်းဖြစ်စေနိုင်ပါတယ်။ ဓာတ်မတည့်မှုနဲ့ ထိတွေ့ပြီး နာရီပိုင်းအတွင်း (သို့မဟုတ်) ချက်ချင်း တုံ့ပြန်မှုဖြစ်ပေါ်နိုင်ပါတယ်။
…
…
????Anaphylaxis ရဲ့ လက္ခဏာတွေက ဘာတွေလဲ
Anaphylaxis ရဲ့ ရောဂါလက္ခဏာတွေပေါ်မူတည်ပြီး အရေးပေါ်ဆေးကုသမှု ခံယူရန် လို/မလို သိနိုင်ပါတယ်။ တစ်ယောက်ချင်းစီရဲ့ ရောဂါလက္ခဏာတွေဟာ ဓာတ်မတည့်မှုအမျိုးအစားပေါ် မူတည်နိုင်ပါတယ်။
အဖြစ်များတဲ့ လက္ခဏာတွေကတော့…
– နှာခေါင်းပိတ်ခြင်း
– ပါးစပ်နဲ့ လည်ချောင်းယားယံခြင်း
– လျှာလေးခြင်း
– မျိုချရခက်ခြင်း၊ လျှာ (သို့မဟုတ်) လည်ချောင်းတွင် တစ်ခုခု ကပ်နေသလို ခံစားရခြင်း
– ချောင်းဆိုးခြင်း
– အသံဩလာခြင်း
– အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း
– အသက်ရှူကျပ်ခြင်း၊ လည်ချောင်းအတွင်း တင်းကျပ်ခြင်း
– အသက်ရှူရခက်ခြင်း
– ရင်ဘတ်အောင့်ခြင်း
– ဗိုက်အောင့်ခြင်း
– ပျို့အန်ခြင်း
– ဝမ်းလျှောခြင်း
– အရေပြား ရောင်ရမ်းယားယံခြင်း၊ နီခြင်း
– စိတ်ပူပန်ခြင်း
– ခြေ၊ လက်၊ နှုတ်ခမ်း၊ မျက်လုံးနဲ့ လိင်အင်္ဂါများ ရောင်ရမ်းခြင်း
– သွေးပေါင်ကျခြင်းနှင့် သွေးလှည့်ပတ်မှု မကောင်းခြင်းတို့ကြောင့် အသားအရောင် ပြာဖျော့လာခြင်း
– သွေးခုန်နှုန်းနည်းခြင်း၊ မူးဝေခြင်း
– ရှော့ခ်ရခြင်း
– သတိလစ်ခြင်း စတာတွေ ဖြစ်ပါတယ်။
တစ်ခါတစ်ရံ ပါးစပ်ထဲမှာ သတ္တုအရသာလို ခံစားနေရတာမျိုးလည်း ရှိနိုင်ပါတယ်။ အလွန်အသက်ရှူရခက်ခြင်း၊ သွေးပေါင်ချိန် သိသိသာသာကျဆင်းခြင်းတို့ဟာ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါတယ်။
…
…
????Anaphylaxis ဖြစ်နေတဲ့အခါ ဘယ်လို ရှေးဦးသူနာပြုစုနည်းနဲ့ ကုသနိုင်သလဲ
ပြင်းထန်သော ဓာတ်မတည့်မှုခံစားရသူ မည်သူမဆို အရေးပေါ် ဆေးကုသမှုခံယူရန် လိုအပ်ပါတယ်။
Anaphylaxis အတွက် ရှေးဦးသူနာပြုစုခြင်းမှာ အောက်ပါအဆင့်တွေ ပါဝင်ပါတယ်…
• ဖြစ်နိုင်ရင် ဓာတ်မတည့်မှုဖြစ်စေတဲ့အရာကို ဖယ်ရှားပြီး အရေးပေါ်အကူအညီတောင်းပါ။
• ခန္ဓာကိုယ်ကို အေးအောင်ထားပြီး တင်းကျပ်နေတဲ့ အဝတ်အစားတွေကို ဖြည်လျှော့ပေးပါ။
• မူးဝေနေပါက ထိုင်ခိုင်းတာ၊ လဲလျောင်းခိုင်းတာမျိုးလုပ်ပေးပါ။
• လူနာမှာ ဓာတ်မတည့်မှု ရာဇဝင် ရှိ/မရှိ မေးပါ။
• လူနာမှာ ဓာတ်မတည့်တုံ့ပြန်မှုအတွက် ဆောင်ထားသော ဆေးဝါးများ ရှိ/မရှိ စစ်ဆေးပါ။
• အရေးပေါ်အကူအညီများ မရောက်မချင်း လူနာနဲ့အတူနေပါ။
အချို့သောလူနာတွေမှာ EpiPen ကဲ့သို့ adrenaline (သို့မဟုတ်) epinephrine ဆေးထိုးကိရိယာတွေကို ဆောင်ထားတတ်ပါတယ်။ ပြင်းထန်တဲ့ ဓာတ်မတည့်တုံ့ပြန်မှုရှိသူအချို့ကို ထိုးဆေးနှစ်မျိုးလုံးကို အချိန်တိုင်းဆောင်ထားဖို့ ဆရာဝန်တွေက အကြံပြုထားတတ်တာမို့ပါ။ လိုအပ်ရင် ဒီဆေးတွေကို အသုံးပြုလို့ ရပါတယ်။
ဒါ့အပြင် အရေးပေါ်အကူအညီမရောက်ခင် လူနာကို အသက်ရှုရလွယ်ကူစေဖို့ ကူညီပေးနိုင်ပါတယ်။ တခြားအကူအညီကို စောင့်ဆိုင်းနေစဉ် လူနာ အသက်ရှုရလွယ်ကူစေရန် ထိုင်လျက်အနေအထားနဲ့ အရှေ့ကို အနည်းငယ် မတ်ထားသင့်ပါတယ်။ လဲလျက်အနေအထားနဲ့လည်း ခြေထောက်ကို မြှောက်ထားနိုင်ပါတယ်။ လူနာဟာ သတိမေ့နေပါက အသက်ရှူနိုင်အောင် ခေါင်းကိုအနောက်သို့ အနည်းငယ်စောင်းထားပါ။ ကျန်းမာရေးဝန်ထမ်းတစ်ဦးရောက်လာသည်အထိ လူနာနဲ့အတူနေ၍ အခြေအနေကို စောင့်ကြည့်ပါ။ အကယ်၍ လူနာဟာ အသက်ရှုရပ်သွားပါက အရေးပေါ်အသက်ကယ်နည်း (CPR) ကိုလုပ်သင့်ပါတယ်။
…
…
????Anaphylaxis ကို ဘယ်လိုကုသကြမလဲ ?
ပြင်းထန်သော ဓာတ်မတည့်တဲ့တုံ့ပြန်မှုရှိသူတွေကို epinephrine နဲ့ adrenaline ထိုးဆေးတွေနဲ့ ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း အရေးပေါ်ကုသနိုင်ပါတယ်။
Epinephrine က သွေးကြောတွေကို ကျဉ်းစေကာ ရောင်ရမ်းခြင်းကို လျော့ကျစေပြီး သွေးပေါင်ချိန်တိုးစေရန် ကူညီပေးပါတယ်။ အဆုတ်တစ်ဝိုက်ရှိ ကြွက်သားများကို ပြေလျော့စေပါတယ်။ ခန္ဓာကိုယ်မှ ဓာတုပစ္စည်းများ ထပ်မံထုတ်လွှတ်မှုကို ပိတ်ဆို့ပေးခြင်းဖြင့်လည်း သက်သာစေပါတယ်။
လူအများစုဟာ Epinephrine ထိုးဆေးကို ကောင်းမွန်စွာ တုံ့ပြန်ကြပြီး ရောဂါလက္ခဏာတွေ ချက်ချင်းဆိုသလို သက်သာသွားတတ်ပါတယ်။ ဆေးထိုးအပြီးချက်ချင်းတိုးတက်မှုမရှိပါက (၁၀) မိနစ်အကြာတွင် နောက်ထပ်ဆေးထိုးရန် လိုအပ်ပါတယ်။
တစ်ခါတစ်ရံ သက်သာသွားပြီးနောက် လက္ခဏာများ ပြန်ပေါ်လာပါက ဆေးရုံမှာ ၂၄ နာရီ စောင့်ကြည့်နေရန် လိုအပ်ပါတယ်။ Anaphylactic reaction ပြင်းထန်ပါက corticosteroid နဲ့ antihistamine ထိုးဆေးများကို ပေးနိုင်ပါတယ်။
…
…
????Anaphylaxis ကို ဘယ်လို ကြိုတင်ကာကွယ်နိုင်လဲ
Anaphylaxis ဟာ အသက်အန္တရာယ်ရှိတဲ့ အရေးပေါ်အခြေအနေဖြစ်ပါတယ်။ ယခင်က ဓာတ်မတည့်တာမျိုး မဖြစ်ဖူးတဲ့အရာတွေပေါ်မှာလည်း anaphylactic reaction တွေ ဖြစ်နိုင်ပါတယ်။ ဓာတ်မတည့်တုံ့ပြန်မှုတွေဟာ ကြိုတင်မှန်းဆလို့မရနိုင်တာကြောင့် လူသိများတဲ့ ဓာတ်မတည့်မှုတွေကို ရှောင်ရှားရန် အရေးကြီးပါတယ်။ ဒါပေမယ့် ဓာတ်မတည့်မှုအားလုံးကို ရှောင်ရှားရန် အမြဲတမ်းမဖြစ်နိုင်တာကြောင့် လိုအပ်တဲ့ဆေးတွေကို ဆောင်ထားသင့်ပါတယ်။
အကယ်၍ ဓာတ်မတည့်တုံ့ပြန်မှု ရာဇဝင်ရှိပါက သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်နဲ့ ကျောင်းဝန်ထမ်းတွေကို ပြောပြထားဖို့လည်း အရေးကြီးပါတယ်။
Reference: ????
https:// www. medicalnewstoday. com /articles/216062#prevention
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.