Steroid ရဲ့ အသုံးလည်းဝင်သလို ဘေးလည်းဖြစ်စေတဲ့ အကျိုးဆက်တွေ (April 2023)

“ ဝလည်းဝ ကြွလည်းကြွတဲ့…ဘက်စုံသုံးဆေးတော်ကြီး Steroid ရဲ့ အသုံးလည်းဝင်သလို ဘေးလည်းဖြစ်စေတဲ့ အကျိုးဆက်တွေ”

..

စတီးရွိုက်ဆေးအမျိုးအစားပေါင်း များစွာထဲကမှ Cortico-steroid လို့ခေါ်ပြီး အသုံးများနေတဲ့ အမျိုးအစားတွေအနေနဲ့ ကော်တီစုန်း (Cortisone) ၊ ဟိုက်ဒရိုကော်တီစုန်း (Hydrocortisone) ၊ ပရပ်နီဆိုလုံး (Prednisolone) စတဲ့အမျိုးအစားတွေက လူသိများကြပါတယ်။

ဒီစတီးရွိုက်ဆေးတွေကို သာမာန် စပ်ဆေးဆိုင်တွေနဲ့ တိုင်းရင်းဆေးအမည်တပ်ပြီး (အနောက်တိုင်းဆေးတွေ အလွန်အကျွံ ကြိတ်ထည့်ထားတတ်တဲ့) ဆေးအချို့တွေမှာ ပေါပေါသီသီ အသုံးပြုထားတတ်ကြပါသေးတယ်။

အလွန်အသုံးတည့်ပြီး ဆိုးကျိုးလည်း များတတ်တာကြောင့် ဆရာ၀န်တွေတောင် အသုံးပြုမယ်ဆိုရင် ပေးရမယ့် ဆေးပမာဏ၊ ပေးရမယ့် အချိန်၊ tail off လို့ခေါ်တဲ့ တဖြေးဖြေးပြန်လျှော့ပြီး ရပ်တန့်ဖို့အထိ ကြိုတင် သတိထား လုပ်ကိုင်နေကြရတဲ့ ဆေးအမျိုးအစား ဖြစ်ပါတယ်။

..

..

???? ဘယ်လိုကောင်းကျိုးတွေအတွက် ဆရာဝန်နဲ့ သမားတော်တွေက ရွေးချယ်အသုံးပြုကြသလဲ ဆိုတဲ့အကြောင်း အသိပညာပေးရမယ်ဆိုရင်တော့…

(၁) အရောင်ကျစေရန်အတွက်

(ဥပမာအားဖြင့်….နာတာရှည် အဆစ်ရောင်ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ ဦးနှောက်နှင့်အာရုံကြော ပိုး၀င်ရောင်ရမ်းခြင်း)

(၂) ဓာတ်မတည့်မှုများကို ကုသခြင်းအတွက် (ဥပမာ…ဆေးဝါးဓာတ်မတည့်မှုများ)

(၃) ကိုယ်ခံအားစနစ်ရဲ့ တိုက်ခိုက်မှုလွန်ကဲခြင်းကို လျှော့ချစေရန်အတွက်

(ဥပမာ…ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးခြင်းနှင့် အဆစ်ရောင်လေးဘက်နာရောဂါများ)….စတာတွေမှာ အသုံးပြုကြပါတယ်။

..

..

???? သာမာန် အရပ်ထဲ လူတွေ အသုံးပြုပုံက …

▪️ ဆရာဝန်၊ သမားတော် မဟုတ်တဲ့ အရပ်အခေါ် အပ်ကိုင်ဆရာကြီးတွေက ဘုရားဆေး၊ တရားဆေး၊ (၉၆) ပါး ရောဂါပျောက်ဆေး၊ လေဖြန်းရောဂါကုသဆေး၊ သေဆုံးခါနီးလူနာတွေကို အသက်ဆွဲဆန့်ပေးတဲ့ အသက်ကယ်ဆေး စသည်ဖြင့် နည်းမျိုးစုံအသုံးပြုလေ့ ရှိကြပါတယ်။

▪️ စတီးရွိုက် (Steroid) ရဲ့ အာနိသင်အရဆိုရင်တော့ ယာယီအားဖြင့် သက်သာနေပါလိမ့်မယ်။ ဒီ့နောက် ဆေးမထိုး/မသောက်ရ မနေနိုင် စွဲလာပါလိမ့်မယ်။

▪️ အဆုံးသတ်မှာတော့ စတီးရွိုက်ဆေး အလွန်အကျွံ သုံးခဲ့မှုရဲ့ လက္ခဏာအဖြစ် (Cushing Syndrome) လို့ခေါ်တဲ့ မျက်နှာဖောင်းတာ (moon face) ၊ ဂုတ်ပိုး ဖောင်းတက်လာတာ (buffalo hump) ၊ ကိုယ်ထည် ဝလာတာ (central obesity) ၊ ခြေလက်ကြွက်သား ကျုံလှီသေးကွေးလာတာ (lemon-stick appearance) စတာတွေကို သတိထားမြင်တွေ့ လာပါလိမ့်မယ်။

..

..

???? ဆေးပညာရပ်ဆိုင်ရာ လေ့လာတွေ့ရှိရတဲ့ ဆိုးကျိုးတွေအနေနဲ့ကတော့ သုံးစွဲတဲ့ ဆေးပမာဏနဲ့ သုံးစွဲတဲ့ ကာလပေါ် မူတည်ပြီး ..

အစောပိုင်းမှာ –

▪️ ခြေလက်များ ဖောင်းလာခြင်း

▪️ သွေးပေါင်ချိန် ထိန်းမနိုင်အောင် တက်လာခြင်း

▪️ အစာအိမ် ရောင်ရမ်းခြင်း

▪️ ဆီးချိုကျဆေး သောက်နေသော ဆီးချိုသွေးချို လူနာများတွင် သွေးတွင်းသကြားဓာတ် ထိန်းညှိမှု မညီမျှတော့ခြင်း

▪️ ကိုယ်အလေးချိန်တက်လာခြင်း

▪️ စိတ်ထိန်းချုပ်မှု ခက်ခဲသောရောဂါများ၊ စိတ်အတက်အကျဖြစ်ခြင်း၊ မှတ်ဉာဏ်လျော့ကျခြင်း၊ အပြုအမူ ပြောင်းလဲလာခြင်းနှင့် အလွန်အမင်းစိတ်ရှုပ်ထွေးခြင်း၊ အသိသတိ လွတ်တတ်ခြင်း (Delirium) စတာတွေအထိ တစ်ခါတစ်ရံ ဒုက္ခပေးတတ်ပါတယ်။

..

..

???? ရေရှည် သောက်သုံးမှု ကြာလာတဲ့အခါမှာတော့ –

▪️ အတွင်းတိမ်နှင့် ရေတိမ်တို့ကဲ့သို့သော မျက်စိရောဂါများ ဖြစ်ပွားလာခြင်း

▪️ အလွန်အမင်း ဝဖောလာခြင်း

▪️ သွေးတွင်းသကြားဓာတ် မထိန်းနိုင်တော့ဘဲ ဆီးချိုရောဂါမရှိသေးသူများပါ ဆီးချိုရောဂါ ခံစားလာရခြင်း/သွေးတွင်းသကြားဓာတ် အလွန်အမင်း တက်နေခြင်း

▪️ ဘတ်တီးရီးယားပိုးများ၊ ဗိုင်းရပ်စ်ပိုးများနှင့် မှိုပိုးများ ကူးစက်ခံရနိုင်ခြေ များလာခြင်း

▪️ အရိုးကျိုးလွယ်ခြင်းနှင့် အရိုးပါးခြင်း (အရိုးပွ osteoporosis ရောဂါ) ခံစားရခြင်း

▪️ တစ်ခါတစ်ရံ အရိုးတွင်းရှိ သွေးကြောများ ပိတ်ဆို့တတ်သောကြောင့် osteo-necrosis ဟုခေါ်သော အရိုးပုပ်ပြီးပျက်စီးသည့်ရောဂါ ခံစားရနိုင်ခြင်း၊ (Osteo-necrosis ရောဂါကို ကိုယ်အလေးချိန် ထိန်းထားရသော ပေါင်ရိုးထိပ်များတွင် များသောအားဖြင့်တွေ့ ရှိရတတ်ပါသည်)

▪️ မောပန်းလွယ်ခြင်း၊ စားမ၀င်ခြင်း၊ ကြွက်သားများ ကျုံလှီအားပျော့လာခြင်း

▪️ အ‌ရေပြား ပါးလာခြင်း၊ အရေပြားအောက် သွေးယိုသောလက္ခဏာဖြစ်သည့် သွေးခြေဥကြီးများ ပေါ်လာတတ်ခြင်း

▪️ ထိခိုက်ဒဏ်ရာများ လွယ်လွယ်ကူကူ မပျောက်ဘဲ ကြာရှည်နေတတ်ခြင်း…..စတာတွေ ကြုံတွေ့ရတတ်ပါတယ်။

..

..

❗ပန်းနာရင်ကျပ် အဆုတ်ရောဂါ ရှိသူတွေမှာ (စတီးရွိုက်ရှူဆေးကို ရှူသွင်းပုံနည်းစနစ် မှန်ကန်မှုမရှိခဲ့ရင်) အဆုတ်ထဲ အကုန်မရောက်နိုင်ဘဲ ပါးစပ်နဲ့ လည်မျို ပိုင်းတွေမှာ ဆေးတွေ ပုံကျန်နေတတ်ပါတယ်။ ဒီအခါမှာ မှတ်ခရုနာတွေ ပါးစပ်ထဲမှာ ပေါ်လာတတ်တာ၊ အသံဝင်တာနဲ့ ရှတတအသံမျိုးတွေ ပြောင်းလဲလာတာ (hoarseness of voice) စတာတွေကို ခံစားရနိုင်ပါတယ်။

စတီးရွိုက်ဆေး ရှုနေရတဲ့ ရောဂါဝေဒနာရှင်တွေအနေနဲ့ ဆေးရှူပြီးတာနဲ့ ချက်ချင်း အာလုတ်ကျင်းတာနဲ့ ရေများများသောက်ပေးတာမျိုးကို ပြုလုပ်ပေးပြီး အထက်ပါဒုက္ခတွေ ဖြစ်ပွားတာကို လျှော့ချနိုင်ပါတယ်။

.

❗စတီးရွိုက်ပါတဲ့ လိမ်းဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိသဘောနဲ့ သုံးစွဲခဲ့ရင်တော့ အချိန်ကြာလာတဲ့အခါ အရေပြားပါးလာတာ၊ အရေပြားအနာတွေ ပေါ်လာတတ်တာနဲ့ ဝက်ခြံတွေပေါ်လာတာမျိုး ကြုံတွေ့ရနိုင်ပါတယ်။

.

❗စတီးရွိုက်ထိုးဆေးတွေ ထိုးရတဲ့အခါ (ရေတို/ရေရှည် သောက်သုံးရသလိုမျိုး) ဆိုးကျိုးတွေအပြင် Post-injection flare လို့ခေါ်တဲ့ ဆေးထိုးတဲ့နေရာမှာ အရေပြားပါးလာတာ၊ အရေပြားအရောင်​ဖျော့လာတာ (ဖြူလာတာ) နဲ့ အလွန်အမင်းနာကျင်မှုတွေကို ယာယီအားဖြင့် ခံစားရနိုင်ပါတယ်။ ညအိပ်မပျော်တာ၊ မျက်နှာ နီရဲလာတာနဲ့ ယာယီအားဖြင့် သွေးချိုတက်လာတာတွေကိုလည်း ခံစားရနိုင်ပါတယ်။

လိုအပ်လို့ စတီးရွိုက်ဆေးနဲ့ ကုသမှု​​ခံယူနေရတဲ့ အချိန်ကာလအတွင်း ခံစားရတဲ့ဝေဒနာတွေဟာ ဆေးကုသမှုပြီးတဲ့အခါ အလိုအလျောက် ပြန်ကောင်းသွားတတ်သလို၊ တခြား လိုအပ်တဲ့ ကုသစောင့်ရှောက်မှုတချို့နဲ့လည်း အချိန်မီ ထိန်းသိမ်းလျော့ပါးစေနိုင်ပါတယ်။

..

..

‼️ မိမိသဘောနဲ့မိမိ တိုင်းရင်းဆေးအမည်ခံ စတီးရွိုက် ကြိတ်ဆေးမှုန့်တွေကို သောက်သုံးနေရင် (ဒါမှမဟုတ်) အရပ်အခေါ် ဆေးမှူးတွေက စတီးရွိုက် ထိုးဆေးတွေ မကြာခဏ ထိုးခိုင်းနေရင်တော့…

– မူးယစ်ဆေး စွဲနေသူတွေလို ဒီဆေးကို မသုံးရနေ တပ်မက်လာတာ

– ဒီဆေးထိုးမှ/သောက်မှသာ စားဝင်အိပ်ပျော်၊ ကိုယ်လက်​​ညောင်းညာကိုက်ခဲ ဘေးဒုက္ခတွေကနေ လွတ်မြောက်မယ်လို့ ယုံကြည်ပြီး အမြဲလိုလို သုံးစွဲမိနေတာ စတာတွေ ဖြစ်တတ်ပါတယ်။

ဒူးနာအတွက် ကောင်းတယ်၊ လေဖြန်းတာအတွက် ကောင်းတယ်ဆိုတဲ့ သူများအညွှန်နဲ့ ဆေးဆရာအတုတွေဆီမှာ အသားဆေးထိုးတာ (muscular injection) နဲ့ ခြေလက်ဒူးဆစ်တွေမှာ ဆေးတွေအထိုးခံတာတွေကြောင့် ဆေးထိုးတဲ့နေရာ ပိုးဝင်တာ၊ အရိုးထိခိုက်ပြီး ပိုးဝင်တာမျိုးကိုလည်း ထပ်ပေါင်းခံစားရနိုင်ကြောင်းအသိပညာ ပေးပါရစေ။

..

..

???? စတီးရွိုက်ပါတဲ့ဆေးတွေ သောက်မိ/သုံးမိနေပြီး စတီးရွိုက်ရဲ့ ဆိုးကျိုးတွေခံစားနေရပြီလို့ လွယ်လွယ် မှတ်သားနိုင်တဲ့ လက္ခဏာတွေဖြစ်တဲ့….

▪️ သွေးတိုးလွယ်လာခြင်း

▪️ ဆီးချိုရောဂါစွဲကပ်လာခြင်း

▪️ မျက်နှာဖောလာခြင်း၊ ကိုယ်ထည်ဝလာခြင်းနှင့် အတူ ခြေလက်ကြွက်သားများ အားပျော့သေးသိမ်လာခြင်း၊

▪️ ကိုယ်ခံအားနည်းခြင်းကြောင့် မကြာခဏ ပိုးကူးစက်လွယ်လာခြင်း

▪️ မှက်ခရုများ ပါးစပ်ထဲတွင် ပေါ်လာခြင်း

▪️ အလွန်အမင်းဝလာခြင်းနှင့်အတူ အထိုင်အထ ခက်လာခြင်း၊ ခါးနှင့်တင်ပဆုံတို့တွင် အဆစ်အမြစ်ကိုက်ခဲ နာကျင်လာခြင်း

▪️ အရိုးများပွလာသောကြောင့် အရိုးကျိုးလွယ်ခြင်း

▪️ လှုပ်ရှားသွားလာရာတွင် ခက်ခဲလာခြင်း

▪️ အရိုးအဆစ်များ နာကျင်ကိုက်ခဲခြင်း (အရိုးပျက်စီးမှုဒဏ်ခံစားရခြင်း၊ osteoarthritis နှင့် osteoporosis အရိုးပွရောဂါများ ခံစားနေရခြင်း)

▪️ အမျိုးသမီးများ ဓမ္မတာမူမမှန် ပြောင်းလဲခြင်း…စတာတွေ ခံစားနေရပြီဆိုရင်တော့ (မိမိသုံးစွဲနေတဲ့ ဆေးရဲ့အမည်နဲ့အတူ) တယ်လီကျန်းမာမှာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

..

..

တယ်လီကျန်းမာမှာ လာရောက်ဆွေးနွေးတိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားချက်တွေကို တသွေမတိမ်း လိုက်နာဆောင်ရွက်ခြင်းဖြင့် အလွန်ကောင်းတဲ့ စတီးရွိုက်ဆေးတွေရဲ့ မသိလိုက်ဘဲ ဒုက္ခပေးနေခြင်းဘေးမှ လွန်မြောက်နိုင်ကြပါစေလို့ ဆုတောင်းလျက်… ကျန်းမာရေး အသိပညာပေး ရေးသားလိုက်ရပါတယ်။

Reference: ????

https :// www. mayoclinic. org/steroids/art-20045692

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

#nugmoh#telehealth#Telekyanmar#telemedicine#teleconsultation#တယ်လီကျန်းမာ#steroid#side_effects#စတီးရွိုက်

Ministry of Health,

National Unity Government.

Published on: 26 April 2023

Last updated: 26 April 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိတ်ပင်ပန်းမှုတွေ ပြေပျောက်စေဖို့

လူတွေအတော်အများက စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုဒဏ်တွေကို ခံဖူးကြမှာပါ 💔 အထူးသဖြင့် အခုလိုကာလကြီးမှာ အစစအရာရာကြောင့် အခက်အခဲအမျိုးမျိုးကြုံတွေ့ပြီး စိတ်ပင်ပန်းနေကြရမှာပဲ။ တစ်ခါတလေပင်ပန်းတာက ဖြစ်လေ့ရှိပေမယ့် ဆက်တိုက်ဖြစ်လာပြီဆိုရင်တော့ မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေလာနိုင်ပါတယ်။ ဒါကြောင့်မို့ စိတ်ပင်ပန်းလာတဲ့အခါ စိတ်ပင်ပန်းမှုကို ပြေပျောက်စေဖို့ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။…… (၁) ပင်ပန်းလာပြီဆို လက်ရှိအလုပ်ကို ရပ်လိုက်ပြီး...

သွေးကြောတွေရောင်စေတဲ့ ကာဝါဆာကီရောဂါ Kawasaki Disease

"သွေးကြောတွေရောင်စေတဲ့ Kawasaki Disease" ကာဝါဆာကီ (Kawasaki) ရောဂါကို ဆိုရှယ်မီဒီယာတွေမှာ မြင်ဖူးကြားဖူးလိုက်တော့ ရောဂါအသစ်လားဆိုပြီး ကျွန်မကို မိတ်ဆွေတချို့က လာမေးကြပါတယ်။ သူက ရောဂါအသစ်မဟုတ်ပါဘူးနော်။ Kawasaki ရောဂါဆိုတာ ကလေးတွေမှာ အဖြစ်များပြီး အထူးသဖြင့် (၅) နှစ်အောက်ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ သူဟာ အဓိကအားဖြင့် အလယ်အလတ်သွေးကြောတွေရဲ့ နံရံတွေကိုရောင်ရမ်းစေပြီး နှလုံးကိုထိခိုက်စေတဲ့ရောဂါပါ။.... Kawasaki...

အဝလွန်ခြင်းမှ ကာကွယ်ရန် (နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)

အဝလွန်ခြင်းမှ ကာကွယ်ရန် ကိုယ်လက်လှုပ်ရှားပါ။ ▪️ လူကြီးများသည် တစ်ပတ်လျှင် အနည်းဆုံး မိနစ် (၁၅၀)▪️ ကလေးများသည် တစ်ရက်လျှင် အနည်းဆုံး မိနစ် (၆၀) တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း...

ဗိုက်တာမင် ဘီ-ဝမ်း (Vit B1)ချို့တဲ့မှု အကြောင်း

ယခုရက်ပိုင်း နယ်ဘက်ကပြည်သူတွေရော၊ ရဲဘော်တွေပါ ဗိုက်တာမင် ဘီ-ဝမ်း ချို့တဲ့မှုတွေ ပြန်လည်ဖြစ်ပေါ်လာတာကြောင့် Vit B1 ချို့တဲ့မှုအကြောင်းကို မိဘပြည်သူများသိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။.... ▪️Thiamin လို့ ခေါ်တဲ့ Vitamin B1 ဟာ ရေမှာပျော်ဝင်တဲ့ ဗိုက်တာမင် ဘီ အုပ်စုတွေထဲက တစ်ခုဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ရဲ့ကစီဓာတ်ကို ဖြိုခွဲပြီး...