“ Emotional Freedom Techniques (Tapping)”
နွေနေပူပူမှာ နေ့စဉ်ကြုံတွေ့ ရုန်းကန်နေရတဲ့ အခက်အခဲတွေ၊ မြင်ရ ကြားခဲ့ရတဲ့ ဝမ်းနည်းဖွယ်သတင်းတွေနဲ့ စိတ်ရောလူရော ပင်ပန်းနေကြတာမျိုး ဖြစ်နေပါသလားရှင်…..
တယ်လီကျန်းမာပရိတ်သတ်တွေအတွက် စိတ်ဒဏ်ရာတွေကိုဖြေလျော့ဖို့ နည်းလမ်းလေးတစ်ခုကို ပြောပြချင်ပါတယ်။
..
..
လူတစ်ယောက်စီဟာ သူ့ရဲ့စိတ်ဖိစီးမှုကို ခံနိုင်ရည်အင်အားရှိတာချင်း မတူညီတတ်ကြပါဘူး။ တချို့က စိတ်ခံစားမှု လွယ်တတ်ကြသလို တချို့ကလည်း လောကဓံကို အံတုနိုင်လောက်အောင် ကြံ့ခိုင်ကြပါတယ်။
ဘယ်လိုပဲ ကြံ့ခိုင်ပါစေ ကိုယ့်မှာရှိလာတဲ့ ခံစားချက်တွေနဲ့ စိတ်ဖိစီးမှုတွေကို ကြာရှည်စွာ လစ်လျူရှုထားရင်ပဲဖြစ်ဖြစ်၊ ခံစားချက်တွေကို ရှင်းထုတ်မပစ်ဘဲ စုထားရင်ပဲဖြစ်ဖြစ် ရင်ထဲမှာ အစိုင်အခဲတွေ ဖြစ်လာမှာပါ။
ဒီလို negative emotions တွေက ကိုယ့်ရဲ့ ကိုယ်၊ စိတ်၊ နှလုံးကို ပိတ်ဆို့မှု block တွေ ဖြစ်စေပြီး ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေကို ကျဆင်းစေပါတယ်။ ကြာလာရင် “စိတ်ထောင်း ကိုယ်ကြေ” ဆိုသလို စိတ်ရောကိုယ်ပါ ထိခိုက်လာနိုင်ပါတယ်။
အဲ့လိုဖြစ်လာရင် မိမိကိုယ်တိုင် ထိခိုက်ရုံသာမက မိမိရဲ့ ပတ်ဝန်းကျင်က ချစ်တဲ့သူတွေနဲ့ ဆက်ဆံရေးနဲ့ လုပ်ငန်းခွင်ဆက်ဆံရေးတွေလည်း ပြေပြစ်မှုမရှိတော့ဘဲ အဖုအထစ်တွေ ဖြစ်လာနိုင်တာပေါ့။
အဲ့ဒီတော့ ..
စိတ်ဖိစီးမှုကို အလွယ်ဆုံးလျော့ချနိုင်မယ့် နည်းလမ်းတွေထဲကတစ်ခုကို ဒီနေ့ ပြောပြသွားပါမယ်။ ဒီနည်းလမ်းလေးကို Emotional Freedom Techniques လို့ခေါ်ဆိုပြီး၊ အတိုကောက်အနေနဲ့ Tapping (or) EFT လို့ မှတ်သားထားနိုင်ပါတယ်။
..
..
အလွယ်ရှင်းပြရရင် Tapping ဆိုတာ ခပ်မြန်မြန်နဲ့ အသာအယာ တို့ထိခြင်း၊ ပုတ်ပေးခြင်းလို့ ဘာသာပြန်လို့ရပါတယ်။ ခန္ဓာကိုယ်ရဲ့ သတ်မှတ်ထားတဲ့ နေရာလေးတွေကို မိမိရဲ့လက်ချောင်းထိပ်လေးတွေနဲ့ သာသာလေး ပုတ်ပေး၊ တို့ထိပေးပြီး စိတ်ဖိစီးမှုကို ပြေလျော့စေတဲ့ နည်းလမ်းလေးပါ။ အဲဒီ့နေရာလေးတွေကို Acupressure points (Acupoints) လို့ ခေါ်ပါတယ်။
EFT ဟာ တရုတ်ရိုးရာအပ်စိုက်ကုထုံး (Acupuncture) ကနေ ပြောင်းလဲဆင်းသက်လာတာပါ။ သူ့ကို Modern psychology ပညာရပ်တွေမှာလည်း မိမိရဲ့ စိတ်ကျန်းမာရေးအတွက် Self help နည်းလမ်းတစ်ခုအဖြစ် အသုံးပြုကြပါတယ်။
လေ့လာတွေ့ရှိချက်တွေအရတော့ EFT လုပ်ခြင်းကို Stress and anxiety လျော့ချဖို့၊ food cravings လို့ ခေါ်တဲ့ အစားအစာပေါ် စွဲလန်းခြင်းပြဿနာတွေ၊ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးစေဖို့နဲ့ PTSD လို့ခေါ်တဲ့ ဘဝမှာ ကြီးကြီးမားမား နာကျင်ထိခိုက်လောက်တဲ့ အဖြစ်အပျက်ကို ကိုယ်တိုင်ပါဝင်ကြုံတွေ့ခဲ့ရ (သို့မဟုတ်) မျက်မြင်တွေ့ ခဲ့ပြီးနောက် (၁) လ ကျော်ကြာတဲ့အထိ ပြင်းထန်စိတ်ဖိစီးမှုလက္ခဏာတွေ ဆက်ရှိနေသေးတဲ့ စိတ်အခြေအနေကို ကုစားဖို့ အသုံးဝင်တယ်လို့ ဆိုပါတယ်။
..
..
အဲဒီလို ခန္ဓာကိုယ်က Key points နေရာလေးတွေကို သာသာလေးပုတ်ပြီး tapping လုပ်ပေးတာဟာ (Acupuncture အပ်စိုက်ကုသလိုမျိုး) အဲဒီ့နေရာလေးတွေကို ဖွင့်ပေးတာနဲ့တူပြီး ခန္ဓာကိုယ်အတွက် အင်အား၊ စိတ်အင်အားတွေ ပိုရလာစေပါတယ်။
နေရာလေးတွေကို ဒီအတိုင်း နေရာစုံကနေ အဓိပ္ပာယ်မဲ့ ရွေးချယ်ထားတာ မဟုတ်ပါဘူး။ မိုက်ခရိုစကုပ် အောက်မှာ လေ့လာကြည့်လိုက်တော့ ဒီနေရာလေးတွေဟာ အာရုံကြောမျှင်လေးတွေ အများကြီးရှိနေတဲ့ နေရာလေးတွေ ဖြစ်ပါတယ်တဲ့။
Tap လုပ်ပြီး လှုံ့ဆော်ပေးခြင်းအားဖြင့် ဦးနှောက်ကနေ ဓာတုပစ္စည်းတွေ အများကြီး ထွက်လာစေပါတယ်။ နာကျင်မှုဝေဒနာကို သက်သာစေတဲ့ opioids တွေ၊ အိပ်စက်ခြင်း၊ စိတ်ကျန်းမာရေးနဲ့ မှတ်ဉာဏ်ကို အထောက်အကူပြုတဲ့ Serotonin တွေ၊ စိတ်ကို ငြိမ်စေတဲ့ GABA စတဲ့ chemicalတွေ ထွက်လာပြီး ကိုယ်နဲ့ စိတ်ကို ပြုပြင်ပေးဖို့ စွမ်းအင်တွေ ထွက်လာပါတယ်တဲ့။
..
..
ကဲ.. ဆရာမကတော့ တအားညွှန်းနေပြီ … ဘယ်နေရာလေးတွေကို ဘယ်လို tap လုပ်ရတာလဲ ဆက်လေ့လာကြည့်ရအောင်။
လုပ်နည်း အဆင့်ဆင့်လေး ပြောပြမယ်နော်။ ဖတ်ရင်း လိုက်လုပ်ကြည့်လို့ ရပါတယ်ရှင်။
.
Standard EFT tapping မှာ (9) acupoints ကို tap လုပ်ရပါတယ်။
(၁) Top of the Head (TOH) – ငယ်ထိပ်နေရာ
(၂) Eyebrow (EB) – နှာတံနဲ့ ကပ်ရပ် မျက်ခုံးပေါ်
(၃) Side of the eye (SE) – မျက်လုံးရဲ့ အပြင်ဘက် ဘေးကပ်ရပ်နေရာ
(၄) Under the eye (UE) – မျက်လုံးရဲ့ အောက်ဖက် ၊ မေးရိုးပေါ် နေရာ
(၅) Under the Nose (UN) – နှာခေါင်းအောက်၊ နှုတ်ခမ်းအပေါ်နေရာ
(၆) Chin point (Ch) – အောက်နှုတ်ခမ်းနဲ့ မေးစေ့ကြား နေရာ
(၇) Collarbone point (CB) – ညှပ်ရိုးအောက် တစ်ဘက်တစ်ချက်စီ
(၈) Under the arm (UA) – လက်မောင်း အတွင်းဘက်၊ ချိုင်းကနေ လေးလက်မ အကွာလောက်နေရာ
(၉) Karate chop (KC) – လက်သန်းဘက် လက်ဝါးစောင်းနေရာ
အဲ့နေရာလေးတွေကို တစ်လှည့်စီ Tap လုပ် ရမှာပါ။
..
..
နေရာလေးတွေ သိပြီဆိုတော့ လုပ်နည်းလေး ဆက်ကြည့်ကြရအောင်နော်..
.
နံပါတ် (၁) – ကိုယ့်ကို စိတ်ဒုက္ခဖြစ်စေနေတဲ့ အရာကို အရင်ဆုံး ရွေးချယ်ပါ။ အဲ့အရာက အတွေးတစ်ခုလည်း ဖြစ်နိုင်သလို အကြောင်းအရာတစ်ခု၊ ခံစားချက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။
ဥပမာအားဖြင့်…
• ငါ ဒီနေ့ စိတ်မကောင်းစရာတစ်ခုရှိတဲ့အတွက် အလွန်ဝမ်းနည်းတယ်။
• ငါ xxxx ကို တအားကြောက်တယ်။
.
နံပါတ် (၂) – အဲဒီ့ပြဿနာက ကိုယ့်အတွက် ဘယ်လောက်ကြီးမားလဲ (၁) ကနေ (၁၀) ထိ အဆင့်သတ်မှတ်ပါ။ (၁) က အနည်းဆုံးဖြစ်ပြီး (၁၀) က အဆိုးဆုံးဖြစ်မှာပေါ့နော်။
.
နံပါတ် (၃) – ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ကိုယ်ခံစားရတဲ့ခံစားချက်ကို သိရှိပြီး၊ အဲဒီလို ခံစားရတာကိုလည်း ကိုယ့်ကိုယ်ကို လက်ခံပေးလိုက်ပါ။
ဥပမာ –
• ငါ့ရဲ့ ဝမ်းနည်းတဲ့ခံစားချက်တွေကို ငါနားလည်လက်ခံပါတယ်။ ငါ ဒီနေ့ နေလို့မပျော်ပေမယ့် အကောင်းဆုံး ရှင်သန်နေထိုင်နေတယ်။ အဲဒီအတွက် ကိုယ့်ကိုယ်ကို ကျေးဇူးတင်ပါတယ်။
• ငါ့မှာ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ကြောက်စိတ်တွေရှိနေတာ ငါလက်ခံတယ်။ ကြောက်နေပေမယ့် ငါ့ကိုယ်ငါ အပြည့်အဝလက်ခံတယ်။ ကျေးဇူးလည်း တင်ပါတယ်။
.
နံပါတ် (၄) – ဒီလို လက်ခံတဲ့အကြောင်းကိုလည်း ကိုယ့်ကိုယ်ကို သိအောင် ပြောပေးပါ။ ပြောစရာ စာကြောင်းလေးရပြီဆိုရင် ဘယ်ဘက်လက်ဖဝါးစောင်း KC နေရာလေးကို ညာဘက်လက်ချောင်းလေးနှစ်ချောင်းနဲ့ သာသာလေး အဆက်မပြတ် tap လုပ်ပေးရင်း ခုနက စကားလေးကို (၃) ခါတိတိ ပြောပေးပါ။ စိတ်ထဲကပြောလည်း ရပါတယ်။
.
နံပါတ် (၅) – ငယ်ထိပ်ကနေစလို့ ကျန်တဲ့နေရာ (၈) ခုကို ဘယ်ညာတစ်လှည့်စီ သာသာလေး tap လုပ်ပေးသွားရင်း ကိုယ်စိတ်ဖိစီးရတဲ့ အကြောင်းအရာကို ပြောပေးပါ။
ဥပမာ –
• စိတ်မကောင်းစရာကိစ္စ (သို့) ဝမ်းနည်းတဲ့စိတ်
• ကြောက်ရတဲ့ — အကြောင်းအရာ
..
..
Tap လုပ်တာက နေရာအစဉ်လိုက်မဟုတ်လည်း ရပါတယ်။ စလုပ်လုပ်ချင်း နေရာအစဉ်လိုက်လုပ်ရင်တော့ နေရာတွေကို ပိုမှတ်မိလွယ်တာပေါ့။
ကိုယ့်မှာဖြစ်နေတဲ့ ပြဿနာကို tap လုပ်ရင်း ထပ်ခါထပ်ခါပြောပေးခြင်းဟာ ပြဿနာပေါ်မှာထားရှိတဲ့ စိတ်ခံစားချက်တွေကို energy points တွေကနေ တစ်ဆင့် ပယ်ထုတ်ပစ်ခြင်း၊ release လုပ်ပစ်ခြင်း ဖြစ်ပါတယ်။ အဆုံးထိပြီးသွားရင် စိတ်ကိုလျော့ချပြီး အသက်ပြင်းပြင်း ရှူသွင်းရှူထုတ် လုပ်ပေးပါ။
နံပါတ် (၅) ပြီးသွားရင် နံပါတ် (၂) ကိုပြန်သွားပါ။ ကိုယ့်ရဲ့စိတ်ပင်ပန်းမှုစကေးက ခုနကလို မများတော့တာကို တွေ့ရပါလိမ့်မယ်။ ရှေ့ဆက်ပြီးကြိုးစားဖို့ ခွန်အားတွေ ရလာပါလိမ့်မယ်နော်။
.
စိတ်ပင်ပန်းမှုစကေး (၃) အောက်ရောက်တဲ့အထိ tapping လေးကို ဆက်လုပ်ပေးသွားပါ။ စိတ်သက်သာလာရင် ရပ်လိုက်လို့ရပါပြီ။ Troubled emotions တွေ မရှိတော့ရင် ကိုယ်နဲ့စိတ်ဟာ balance ဖြစ်လာပြီး ခေါင်းကြည် စိတ်ကြည် ဖြစ်လာမယ်၊ ရှေ့ဆက် ဘာဆက်လုပ်ရမယ် ဘယ်လိုအကောင်းဆုံး ဖြတ်ကျော်ရမယ်ဆိုတာ ဆုံးဖြတ်နိုင်မှာပါ။
..
..
ဒါကတော့ ကိုယ်ဟာ stress တစ်ခုကို ကြုံလာရင် overreact မဖြစ်အောင်၊ ချုံးချုံးကျမသွားအောင် စိတ်ကိုထိန်းပေးတဲ့ နည်းလေးတစ်ခုပါ။ မိမိရဲ့ သားငယ် သမီးငယ်များကိုလည်း သင်ပေးလို့ရပါတယ်။
လုပ်နေရင်း emotions တွေ တအားတက်လာရင် acupoints လေးတွေကို အသာထိပေးရင်း အသက်ရှူသွင်းရှူထုတ် (Touch and Breathe) ပဲ လုပ်ပေးနေပါ။ တဖြည်းဖြည်း ပြေလျော့လာပါလိမ့်မယ်နော်။
..
..
EFT က မတည့်တဲ့သူရှိလား။ Side effects ရှိနိုင်လား?
ဘေးထွက်ဆိုးကျိုး မရှိပါဘူးနော်။ ဒါပေမယ့် သာမန် ပြဿနာမျိုးဆို ကိုယ့်ဘာသာကိုယ် ကုစားလို့ရပေမယ့် PTSD လို စိတ်ပိုင်းဆိုင်ရာ ကြီးမားတဲ့ထိခိုက်မှုတွေ ရှိနေရင်တော့ ကိုယ့်ဘာကိုယ်ကုစားတာထက် ကျွမ်းကျင်ပညာရှင်ရဲ့ အကူအညီယူတာက ပိုထိရောက်ပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ ပြင်းထန်လက္ခဏာတွေကျတော့ ဘေးကနေထိန်းပေးတဲ့ ပညာရှင်မပါဘဲလုပ်ရင် စိတ်ခံစားချက်တွေထဲ တအားနစ်ဝင်သွားနိုင်ပါတယ်။ အဲ့ဒါမျိုးကျတော့ EFT ကျွမ်းကျင်ပညာရှင်နဲ့ လေ့ကျင့်ရပါတယ်။
..
..
တိုင်းပြည်က ဖျားနာနေတော့ ပြည်သူပြည်သားတွေလည်း ကိုယ်တိုင်ဆေးကုတတ်ဖို့ လိုနေပါတယ်။ မိမိက စိတ်ရောကိုယ်ရော ကျန်းမာနေမှ ပိုလှူနိုင်၊ ပိုကူနိုင်၊ ပိုကယ်နိုင်ပါမယ်မလား။
ကိုယ်ကျန်းမာအောင် ဂရုစိုက်သလို စိတ်ကျန်းမာရေးကိုလည်း ပစ်မထားဘဲ သတိတရရှိပါ။
ဖြစ်နိုင်ရင် ကောင်းစွာ အနားယူပါ။
စိတ်ပင်ပန်းမှု လျော့ချဖို့လိုလာရင် ဒီနည်းလမ်းလေးကို သုံးကြည့်ပါ။
တကယ်လို့ တယ်လီကျန်းမာက ဆရာဝန်တွေ၊ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီ လိုလာရင်လည်း အမြဲကြိုဆိုနေပါတယ်နော်။
ကျန်းမာပျော်ရွှင်သော မတရားမှုကို တော်လှန်သော နှစ်သစ်ဖြစ်ပါစေရှင်။
.
Reference – EFT International free tapping manual
Ministry of Health,
National Unity Government.
Published on: 22 April 2023
Last updated: 22 April 2023