ကလေးတွေမှာ မဆင်မခြင် ပြုမူတာ၊ အာရုံစူးစိုက်မှု အားနည်းတာနဲ့ အလွန်အမင်း တက်ကြွနေတာတွေ အဓိက ဖြစ်တတ်တဲ့ Attention Deficit Hyperactivity Disorder (ADHD) (March, 2023)

Attention Deficit Hyperactivity Disorder (ADHD)

ADHD ဆိုတာ ကလေးတွေရဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးမှု စနစ်တကျမဖြစ်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။

ADHD ကလေးတွေမှာ မဆင်မခြင် ပြုမူတာ၊ အာရုံစူးစိုက်မှု အားနည်းတာနဲ့ အလွန်အမင်း တက်ကြွနေတာတွေ အဓိက ဖြစ်တတ်ပါတယ်။

ကလေး အယောက် ၂၀၊ ၃၀ လောက်မှာ တစ်ယောက်ဖြစ်တတ်ပြီး ယောကျ်ားလေးတွေက မိန်းကလေးတွေထက် ၆ ဆလောက် ပိုဖြစ်ပါတယ်။

ကလေးဘဝ အစောပိုင်းမှာ စဖြစ်လေ့ရှိပြီး အသက် ၇ နှစ် နောက်ပိုင်း ဖြစ်လေ့မရှိတော့ပါ။
..
..

????ADHD ဘာကြောင့် ဖြစ်လဲ ?

ADHD ဖြစ်စေတဲ့ အကြောင်းအရင်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပညာရှင်တွေက မျိုးရိုးအခံရှိရင် ဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။

ADHD ဖြစ်လို့ ကလေးမှာ ရောဂါတစ်ခုခုရှိနေတယ် (သို့) ဉာဏ်မမှီဘူးလို့ ပြောလို့မရပါဘူး။

ADHD ကလေးတွေမှာ IQ လို့ခေါ်တဲ့ ဉာဏ်ရည်ဉာဏ်သွေးဟာ အခြားကလေးတွေနဲ့ တန်းတူဖြစ်ပေမယ့် အာရုံစူးစိုက်နိုင်စွမ်းလျော့ကျမှုနဲ့ ရေတိုမှတ်ဉာဏ် short term memory ထိန်းသိမ်းနိုင်စွမ်း လျော့ကျမှုကြောင့် အခြားကလေးတွေနဲ့ယှဥ်ရင် သင်ယူနိုင်စွမ်း ကျဆင်းနေတာဖြစ်ပါတယ်။
ခံစားနားလည်မှုအပိုင်းကတော့ အခြားကလေးတွေနဲ့ တန်းတူပဲ ဖြစ်တာမို့ သူတို့လေးတွေကို ခွဲခြားနှိမ့်ချ ဆက်ဆံရင် နားလည် နာကျင်တတ်ပါတယ်။
..
..

????ADHD ရဲ့ အဓိက လက္ခဏာများ

ဝိသေသ လက္ခဏာ (၃) ခုကတော့…

(၁) အာရုံမစိုက်နိုင်ခြင်း

အာရုံစိုက်ဖို့ အခက်အခဲရှိပြီး ညွှန်ကြားချက်၊ အမိန့်တွေကို မေ့သွားတတ်ပါတယ်။ အလုပ်တခုခု ပြီးစီးအောင် စွဲစွဲမြဲမြဲ လုပ်ဖို့ ခက်ပါတယ်။ အာရုံထွေပြားနေတတ်ပြီး ရှုပ်ထွေးတဲ့ ညွှန်ကြားချက်တွေကို မှတ်သားမထားနိုင်တတ်ကြပါဘူး။ ခုပြော ခုမေ့ ဖြစ်တတ်ပါတယ်။
.

(၂) တက်ကြွလွန်းခြင်း

ကလေးက အငြိမ်မနေနိုင်ဘဲ အမြဲလှုပ်ရှားတက်ကြွနေပြီး ဂနာမငြိမ် ဖြစ်နေပါတယ်။
.

(၃) ထင်ရာလုပ်လိုက်ခြင်း

ပြဿနာတွေ ဖြေရှင်းတဲ့အခါမှာ မတွေးတော မဆင်ခြင်ဘဲ စိတ်လိုက်မာန်ပါလုပ်တတ်ပြီး လွဲချော်မှုတွေ များပါတယ်။ လှုံ့ဆော်မှု သို့မဟုတ် စိန်ခေါ်မှု (challenge) တစ်ခုခုနဲ့ ကြုံတွေ့ရတဲ့အခါ ကောက်ချက်ချမြန်လွန်းပြီး တုန့်ပြန်မှု မြန်ဆန်လွန်းတာကြောင့် မလိုလားအပ်တဲ့ပြဿနာတွေ တွေ့ရတတ်ပါတယ်။
.

ဒီလက္ခဏာတွေဟာ အနည်းဆုံး မတူညီတဲ့ပတ်ဝန်းကျင် နှစ်ခုမှာ ရှိဖို့လိုပါတယ် (ဥပမာ – အိမ်မှာရော ကျောင်းမှာရော)။
.

*** မှတ်ချက် ***

ADHD ရှိတဲ့ ကလေးအားလုံးဟာ တက်ကြွလွန်​နေတာ မဟုတ်သလို အာရုံမစိုက်နိုင်တဲ့၊ တက်ကြွလွန်ပြီး လုပ်ချင်ရာလုပ်တတ်တဲ့ ကလေးအားလုံးဟာလည်း ADHD ဖြစ်နေတာ မဟုတ်ပါဘူး။

ကလေးတစ်ယောက်ကို ADHD ဖြစ်နေတယ်လို့ မပြောခင်မှာ အထက်ပါ လက္ခဏာတွေကို တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အတိအကျ ရှာဖွေဖော်ထုတ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်။ သွေးစစ်တာတွေ၊ တခြားစမ်းသပ်မှုတွေ လုပ်ပြီး ADHD လို့ အတိအကျ မပြောနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

ဒီလက္ခဏာတွေဟာ အိမ်မှာ၊ ကျောင်းမှာ၊ ကစားကွင်းမှာ စသဖြင့်နေရာမရွေး နေ့စဉ်နဲ့အမျှ တောက်လျှောက်ရှိနေရမှာ ဖြစ်ပြီး အခြေအနေတစ်ခုတည်း (ဥပမာ အိမ်မှာပဲ ဖြစ်ပြီး ကျောင်းမှာ မဖြစ်ခြင်း) မှာပဲ ဖြစ်ရင် (ဒါမှမဟုတ်) တစ်ခါတစ်ရံမှသာ ဖြစ်ရင်တော့ ADHD လို့ မပြောနိုင်ပါ။

အကယ်၍ ကလေးဟာ အငြိမ်မနေ လှုပ်ရှားလွန်း၊ အာရုံမစိုက်နိုင်၊ အပြုအမူတွေကို ထိန်းသိမ်းရခက်နေတယ်လို့ သံသယရှိရင် မိသားစုဆရာဝန်၊ ကလေးအထူးကုဆရာဝန် တို့နဲ့ ပြသတိုင်ပင်ကြည့်သင့်ပါတယ်။

လိုအပ်ပါက ADHD ရောဂါကို အထူးပြုလေ့လာကုသပေးနိုင်တဲ့ကလေးအထူးကုဆရာဝန်များဆီသို့ ညွှန်းပို့ပေးနိုင်ပါတယ်။

..
..

????ADHD ရဲ့ တခြားသော လက္ခဏာများ

နေ့စဥ် ကြုံတွေ့ရနိုင်တဲ့ ပြဿနာတွေကတော့…

– စိတ်ဆိုးလွယ်ခြင်း

– စိတ်ပြောင်းလွယ်ခြင်း

– ကိုးယိုးကားယားဖြစ်ခြင်း (clumsiness)

– စိတ်နဲ့ကိုယ် မကပ်ခြင်း (disorganisation)

– အခြေအနေအရ လိုက်လျောညီထွေနိုင်စွမ်း မရှိခြင်း (inflexibility)

– လူမှုဆက်ဆံရေး မပြေပြစ်ခြင်း (social clumsiness)

– လေ့လာသင်ယူနိုင်မှု အားနည်းခြင်း (ADHD ကလေးတွေရဲ့ ၂၅ ရာခိုင်နှုန်းမှာ ဖြစ်တတ်ပါတယ်)

– တခြားကလေးတွေနဲ့ ရောရောနှောနှောဖြစ်ဖို့ ခက်ခြင်း

– အလုပ်လုပ်တဲ့ပုံစံ (သို့) သင်ယူလေ့လာတဲ့ပုံစံ တစ်သမတ်တည်း မရှိခြင်း

– အိမ်မှာ ပူပင်သောက များစေခြင်း

– အချိန်တို မှတ်ဉာဏ် (short-term memory) မကောင်းခြင်း စတာတွေကို ညင်သာတဲ့ လက္ခဏာတွေကစလို့ ပြင်းထန်တဲ့ လက္ခဏာတွေထိ ဖြစ်နိုင်ပါတယ်။
..
..

????ADHD ဖြစ်နေတဲ့ ကလေးက မိသားစုအပေါ် ဘယ်လို သက်ရောက်မှုမျိုးတွေ ဖြစ်စေလဲ ?

မိဘတွေအနေနဲ့ ကလေးကို ထိန်း‌ကျောင်းရတာ သာမန်ထက်ပိုပြီး ပင်ပန်းရနိုင်ပါတယ်။

ကလေးတွေ ပြုစုပျိုးထောင်ရတာ ဒီလောက် ခက်ခဲပင်ပန်းရတယ်ဆိုတာ မသိခဲ့ပါဘူး လို့ ညည်းတွားတတ်ကြပါတယ်။

မိသားစုဝင်အားလုံး စိတ်ရှည်သည်းခံနိုင်စွမ်း မရှိတော့တဲ့အထိ ဖြစ်နိုင်ပါတယ်။

ADHD ကလေးတွေဟာ အိပ်စက်အနားယူချိန် နည်းပါးလွန်းတာကြောင့် သူတို့ကို ပြုစုစောင့်ရှောက်ရတဲ့ မိသားစုတွေဟာ ရုပ်ပိုင်း၊ စိတ်ပိုင်း ခြေကုန်လက်ပန်းကျတဲ့အထိ ဖြစ်တတ်ပါတယ်။

မိသားစုအသိုက်အမြုံထဲမှာ ADHD ကလေးဟာ “ ဆိုးတယ်၊ စကားနားမထောင်ဘူး” စသဖြင့် အထင်မှားခံရပြီး အမြဲပဲ ကြိမ်းမောင်းအပြစ်တင်ခြင်း၊ ရိုက်နှက်အပြစ်ပေးခံရတတ်ပါတယ်။ ခွဲခြားနှိမ့်ချဆက်ဆံခံရတတ်ပြီး မိသားစုဝင်တွေနဲ့ ဒီဝေဒနာခံစားနေရတဲ့ကလေးတွေကြားက မေတ္တာနှောင်ကြိုး ပြတ်တောက်သွားတတ်ပါတယ်

ကျောင်းမှာဆိုလည်း ဒီဝေဒနာခံစားနေရတဲ့ ကလေးတွေဟာ အာရုံစူးစိုက်လို့မရတာကြောင့် စာမလိုက်နိုင်တတ်ကြပါဘူး။ အငြိမ်မနေလို့ သူများတွေ စာသင်ကြားတာကို အနှောင့်အယှက်ဖြစ်စေတတ်လို့ မကြာခဏ အပြစ်ပေးခံရတတ်ပါတယ်။

ကလေးအချင်းချင်း အနိုင့်ကျင့်ခံရတာ၊ သူငယ်ချင်းမလုပ်ချင်တာ၊ အတန်းထဲမှာ အမြဲ အပြစ်ပေးခံရတာတွေကြောင့် ကလေးက ကျောင်းမှာလည်း ပျော်ရွှင်မှုပျောက်ဆုံးတတ်ပါတယ်။

အထီးကျန်ပြီး မပျော်ရွှင်ရတဲ့အခါ ADHD ကလေးတွေဟာ သင်ကြားရေးမှာ မအောင်မြင်တတ်ပါဘူး။

..
..

????ADHD အတွက် ဘာတွေ လုပ်ပေးလို့ရလဲ ?

ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ လိုပါတယ်။ ဆေးပေးတာအပြင် မိဘတွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ ဝိုင်းဝန်းဂရုစိုက်မှုကိုလည်း လိုအပ်ပါတယ်။

ADHD က​လေးတွေကို ကောင်းမွန်စွာ ပြုစုပျိုးထောင် ပေးဖို့ (positive parenting) နဲ့ ပြုမူ​နေထိုင်ပုံတွေ သင်ကြားပေးဖို့ လိုပါတယ်။
..
..

????ကလေးအတွက် အကူအညီ

– ကလေးရဲ့ ကိုယ့်ကိုကိုယ် ယုံကြည်အားကိုးနိုင်စွမ်းကို မထိခိုက်ပါစေနဲ့။

– ကောင်းမွန်တဲ့ အပြုအမူတွေအတွက် ချီးကျူးဂုဏ်ပြုပါ။

– အသေးစား ပြဿနာတွေကို ပုံကြီးမချဲ့ပါနဲ့။

– ဆိုးဝါးတဲ့ အပြုအမူတွေအတွက် သင့်တော်တဲ့ ပြစ်ဒဏ်သာ ပေးပါ။

– အန္တရာယ်များတဲ့ အပြုအမူတွေကို စောင့်ကြည့်ပြီး ကာကွယ်ပေးပါ။

– ပုံမှန် လုပ်ရိုးလုပ်စဥ်တွေ၊ စည်းမျဥ်းစည်းကမ်းတွေ နဲ့ အကျိုးဆက်တွေကို သတ်မှတ်ပေးပါ။

– သင်ကြားပေးတဲ့အခါ ကလေးနဲ့ နီးကပ်စွာရှိနေပြီး အာရုံစိုက်ခိုင်းပါ။

Physical punishment (ဥပမာ – ရိုက်တာ၊ အော်ဟစ်ပြီး ဆူတာ) တွေဟာ အကူအညီ မဖြစ်စေပါဘူး။

‼️ အရေးကြီးတဲ့ အချက်ကတော့ ကလေးဟာ ရည်ရွယ်ချက်ရှိရှိ ပြုမူနေတာ မဟုတ်တဲ့အတွက်ကြောင့် နားလည်ပေးဖို့ လိုပါတယ်။
..
..

????မိသားစုအတွက် အကူအညီ

– မိသားစုအနေနဲ့ တိုင်တိုင်ပင်ပင်နဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေး အဖြေညှိလို့ရပါတယ်။

– ဆရာ ဆရာမတွေ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက လူတွေနဲ့ ပူးပေါင်းပြီး အားလုံးချိတ်ဆက်ပျိုးထောင်ပေးရင် ပိုကောင်းပါတယ်။

– ပံ့ပိုးကူညီပေးတဲ့ အဖွဲ့တွေ့နဲ့ ချိတ်ဆက်ဖို့ ကြိုးစားပါ။

– ကိုယ်တိုင်လည်း မကြာခဏဆိုသလို အပန်းဖြေပါ။
..
..

????ADHD အတွက် ဆေးပေးခြင်း

ADHD အတွက် ဆေးပေးတာဟာ အငြင်းပွားစရာ ဖြစ်ပေမယ့် တချို့ဆေးတွေကတော့ အကျိုးပြုတဲ့ ဆေးတွေ ရှိပါတယ်။

ဆရာဝန်က အကောင်းဆုံးဆေးကို ညွှန်ကြားပေးနိုင်ပါတယ်။ ပေးလိုက်တဲ့ဆေးက ထိရောက်မယ်ဆိုရင် နှစ်ရှည်သောက်ဖို့ လိုအပ်နိုင်ပါတယ်။

ADHD ကလေးငယ်ကို ဆေးဝါးနဲ့ကုသရတဲ့ ရည်ရွယ်ချက်က ကလေးရဲ့ အာရုံစူးစိုက်မှုကို ထိန်းသိမ်းပေးနိုင်ဖို့နဲ့ သင်ယူမှုကို ကောင်းစွာ လိုက်နာသင်ယူနိုင်စေဖို့ဖြစ်ပါတယ်။

ဆေးဝါးကုသမှုဟာ ကာလရှည်ကြာစွာ သောက်သုံးရမှာ ဖြစ်တဲ့အတွက် ဆေးဝါးကုသမှု မစတင်မီ မိဘတွေနဲ့ ကုသပေးမယ့် ဆရာဝန်တို့ အချိန်ယူဆွေးနွေးဖို့လိုပါတယ်။ ဆေးဝါးအာနိသင်၊ တိုက်ကျွေးရမယ့်နည်းစနစ်၊ ကုသမှု အချိန်ကာလ၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ၊ ကုန်ကျစရိတ် အစရှိတာတွေကို အကြေအလည် ဆွေးနွေးသင့်ပါတယ်။

ဆေးဝါးကုသမှု အရေးကြီးသလို မိသားစုဝင်တွေနဲ့ ဆရာ၊ ဆရာမတွေက ကလေးအပေါ် စာနာနားလည်ပေးနိုင်စွမ်းနဲ့ အကူအညီပေးနိုင်ခြင်းကလည်း အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။
..
..

????ADHD အတွက် အစားအစာ

ADHD သက်သာပျောက်ကင်းနိုင်တယ်လို့ ထင်မှတ်ယုံကြည်ကြတဲ့ အားဆေး၊ ဓာတ်စာတွေ ရှိပေမယ့်လို့ သုတေသနများအရကတော့ ခုချိန်ထိ တိကျသေချာတဲ့ ရလာဒ် မရှိသေးပါဘူး။ ကလေးတစ်ယောက်အတွက် ပြည့်စုံ မျှတတဲ့အာဟာရကို ကျွေးမွေးနေရင် လုံလောက်ပါပြီ။

ဒါ့ကြောင့်…

– အာဟာရမျှတတဲ့ အစားအစာတွေ စားပါစေ။

– အစားအစာ အစုံစားတာနဲ့ (တာရှည်ခံမုန့်ထုတ်များအစား) လတ်လတ်ဆတ်ဆတ် အစားအစာတွေ စားဖို့ အားပေးခြင်းက အမြဲ အကျိုးရှိစေပါတယ်။

တာရှည်ခံအစားအစာနဲ့ အသင့်စားမုန့်တွေစားလို့ ADHD ပိုဆိုးစေတာတော့ မဖြစ်စေပါဘူး။ ဒါပေမယ့် ကျန်းမာရှုထောင့်အရတော့ ရေရှည်မှာ အခြားရောဂါတွေကို ကာကွယ်ဖို့အတွက် လတ်ဆတ်တဲ့အစားအစာတွေကို ပိုရွေးချယ်စေလိုပါတယ်။

– တစ်ဦးချင်းစီအတွက် အသေးစိတ် တွက်ချက်မှုကိုတော့ အာဟာရသိပ္ပံပညာရှင် (dietitian) ဆီ အကူအညီ တောင်းခံနိုင်ပါတယ်။
..
..

????ADHD ပြန်ကောင်းနိုင်ခြေ ဘယ်လောက်ရှိလဲ ?

ADHD က ပျောက်ကင်းသွားတာ မရှိပေမယ့် အချိန်နဲ့အမျှ လက္ခဏာတွေ သက်သာတတ်ပါတယ်။ ADHD ဖြစ်တဲ့ ကလေးတွေရဲ့ တစ်ဝက်ကျော်လောက်ကတော့ လူကြီးဘဝအထိ တချို့လက္ခဏာတွေ ကျန်ရစ်တတ်ပါတယ်။

ဒီ့အတွက် အရမ်းကြီးတော့ စိုးရိမ်မလွန်ပါနဲ့။ ADHD ရှိတဲ့သူတွေဟာ ပုံမှန်လူတွေထက် တီထွင်ကြံဆမှုကောင်းတာ၊ တွေးခေါ်ကြံစည်မှု ကောင်းတာမျိုးတွေကိုလည်း တွေ့ရတတ်ပါတယ်။

ADHD ကလေးတွေကို ပြုစုပျိုးထောင်နေရတဲ့ မိဘတွေ အားတက်အောင် ပြောရရင် ဟယ်ရီပေါ်တာမင်းသမီးလေး Emma Watson ဟာလည်း ADHD condition ရှိတဲ့ သူပါပဲတဲ့။ ဒီအခြေအနေမျိုးရှိပေမယ့် ဘဝမှာ အောင်မြင်ပျော်ရွှင်နေတဲ့ သူတွေလည်း အများကြီး ရှိပါတယ်။

ဒါ့ကြောင့် ADHD အကြောင်း သိနားလည်ပြီး ကလေးကို စိတ်ဒဏ်ရာ မပေးမိအောင် မေတ္တာနဲ့ ပြုစုထိန်းကျောင်းပေးဖို့ မှာချင်ပါတယ်။

တကယ်လို့ ပိုမိုသိချင်တာ ဆွေးနွေးချင်တာရှိရင် တယ်လီကျန်းမာမှာ ကလေးဆရာဝန်များနဲ့ ကလေးစိတ်ကျန်းမာရေးပညာရှင်များက အသင့်ရှိနေပါတယ်လို့လည်း ပြောပါရစေနော်။

Reference: ????
Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.14

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ
( နေ့စဉ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#Attention_Deficit_Hyperactivity_Disorder#ADHD

Ministry of Health,

National Unity Government.

Published on: 3 March 2023
Last Updated: 3 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းကိုလက်စထရော ကျဆင်းစေရန် ဘယ်လိုဆင်ခြင်စားသောက်သင့်သလဲ

သွေးတွင်းကိုလက်စထရော များနေတာတွေ အသက်၂၀ ကျော်လေးတွေမှာတောင် အခုတလော အတွေ့များလာရပါတယ်။ သွေးတွင်းကိုလက်စထရောများခြင်းကို ဘာလို့ ဆရာ၀န်တွေအရေးတယူ ပြောကြလဲဆိုရင်ဖြင့် နှလုံးသွေးကြောကျဥ်းခြင်းအပါအဝင် အခြားသွေးကြောများကျဥ်းခြင်းကို ပိုဖြစ်နိုင်စေလို့ပါ။ ဒါနဲ့အတူ သွေးတိုး၊ ဆီးချိုစတာတွေနဲ့ အတူတွဲနေရင်တော့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေများလာပါတယ်။ ဒီတော့ အစားအစာထဲမှာ ဘယ်လိုဆင်ခြင်စားသောက်ရင် သွေးတွင်းကိုလက်စထရော ကျစေနိုင်မလဲဆိုတာ ဖော်ပြပေးသွားပါမယ်။…… ကိုလက်စထရောဟာ...

ကိုယ်ဝန်ဆောင်ကာစ ပျို့အန်ခြင်း Morning Sickness and Hyperemesis Gravidarum

Morning Sickness and Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စမှာ ပျို့အန်ခြင်းပေါ့ ။ ရုပ်ရှင်တွေထဲမှာလည်း မြင်ဖူးကြပါတယ်။ မင်းသမီး ကိုယ်ဝန်ရသွားပြီလို့ ပြချင်ရင် ပျို့အန်ပြလိုက်တာပဲလေ။ အရပ်ခေါ်တော့ ဝမ်းကြီးနာစွဲတယ်လို့ ခေါ်ကြတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ ပျို့တယ်၊ အန်တယ်၊ အစားအသောက်ပျက်တယ်၊ အစားအသောက်ရွေးတယ်၊ ချဉ်ချင်းတပ်တယ်၊ မူးတယ်မော်တယ် စသည်ဖြင့်ပေါ့။ ဒီရောဂါက ကိုယ်ဝန်သည်တစ်ယောက်နဲ့...

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ တိုက်ဖိုက်မျိုးစိတ် Salmonella ရောဂါပိုးအကြောင်း

Salmonella ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ Salmonella ကူးစက်မှုရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနဲ့ အော့အန်ခြင်းတို့ပါ။ Salmonella ဘက်တီးရီးယား မျိုးကွဲအမျိုးအစားများစွာရှိပြီး ၎င်းတို့ဟာ တိုက်ဖွိုက်အဖျားနဲ့ အစာအိမ်ရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ Salmonella ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကုသမှုမခံယူဘဲ...

Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းထဲဝင်ခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

💧ကိုရီးယားစီးရီးတွဲတွေမှာ ရေနွေးကန်ထဲစိမ်တာ၊ ချွေးထုတ်ခန်းထဲဝင်တာတွေ မြင်ဖူးကြမှာပါ။ ဒီလိုလုပ်တာတွေက ဘယ်လိုအကျိုးရှိတယ်၊ ဘယ်လိုတွေ အထောက်အကူပြုတယ်ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ✨ ✨အရင်ဦးဆုံး သူ့ရဲ့အဓိပ္ပာယ်ကို ပြောပြပါမယ်။Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းဆိုတာက ပတ်ဝန်းကျင်ရဲ့အပူချိန်ကို ပြောင်းလဲပြီးတော့ အပူကုထုံးတစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အပူချိန်က များသောအားဖြင့်...