” ဗိုင်းရပ်စ် (virus) ကြောင့်ဖြစ်သော ရောဂါများ “

ဗိုင်းရပ်စ် (virus) နဲ့ ဘက်တီးရီးယား (bacteria) ကို တချို့က ရောဂါပိုးတွေချင်းမို့ အတူတူပဲ မကွာဘူးလို့ထင်တတ်ကြပါတယ်။

တကယ်တော့ ၂ မျိုးလုံးဟာ သာမာန်မျက်စိနဲ့ မမြင်ရတာချင်း တူပေမယ့် ဗိုင်းရပ်စ်တွေဟာ အရွယ်အစား အများကြီး ပိုသေးပါတယ်။ ဗိုင်းရပ်စ်တွေဟာ ရိုးရိုး မိုက်ခရိုစကုပ်နဲ့ဆို မမြင်နိုင်ဘဲ အထူးမိုက်ခရိုစကုပ် (electron microscopy) နဲ့ ကြည့်မှသာ မြင်ရတဲ့ ရောဂါပိုးမွှားတွေ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားက လူ့ခန္ဓာကိုယ်ကို ဒုက္ခပေးတာချင်း တူပေမယ့် သူတို့နှစ်မျိုးကြား ကွဲပြားချက်တွေလည်း တော်တော်လေးများပါတယ်။

သာမာန်အားဖြင့် ကူးစက်ရောဂါအများစုဟာ virus တွေကြောင့် ဖြစ်တတ်ပြီး ရောဂါလက္ခဏာတွေကလည်း အရမ်းပြင်းထန်လေ့ မရှိကြပါဘူး။

သာမန်ကိုက်ခဲမှုအတွက် ပါရာစီတမော၊ နှာစေး ချောင်းဆိုးတွေအတွက် (ပိုးသတ်ဆေးမဟုတ်တဲ့) ရိုးရိုးချောင်းဆိုးပျောက်ဆေးလို ဆေးတွေသောက်ပြီး အနားယူလိုက်တာနဲ့ virus ကြောင့်ဖြစ်တဲ့ ရောဂါအများစုဟာ သက်သာပျောက်ကင်းတတ်ပါတယ်။
..
..

????(Virus) ကြောင့် ဘယ်လိုရောဂါတွေအဖြစ်များလဲ ?

– နှာစေး၊ ချောင်းဆိုး၊ လည်ပင်းနာလိုမျိုး အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာဖြစ်တဲ့ အအေးမိရောဂါတွေ

– တုပ်ကွေးရောဂါ (influenza)

– ကလေးတွေမှာ ဝမ်းပျက်ဝမ်း​လျှောဖြစ်စေတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းခြင်း (gastroenteritis)

– ဝက်သက်ရောဂါ (measles)

– ဂျိုက်သိုးရောဂါ (rubella)

– ပါးချိတ်ရောင်နာ (mumps)

– ရေကျောက် (chickenpox)

– အကျိတ်ရောင်အဖျား (glandular fever)

– ရေယုန်/ဆင်ရေယုန် (herpes/shingles) နဲ့

– ပါးစပ်မှာဖြစ်တဲ့ (cold sore) တွေ အဖြစ်များကြပါတယ်။
..
..

????(Virus) ကြောင့် ရောဂါအပျော့စားတွေ ဖြစ်တာများတယ်ဆိုပေမယ့် အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ရောဂါတွေလည်း ရှိပါတယ်။ ဒါတွေကတော့…

– ဦး​နှောက်ရောင်ရမ်းရောဂါ (encephalitis)

– သွေးလွန်တုပ်ကွေးလို အပြင်းဖျားပြီး သွေးထွက်လွယ်တဲ့ ရောဂါတွေ (haemorrhagic fevers)
(ဥပမာ – Ebola)

– ခွေးရူးပြန်ရောဂါ (rabies)

– ခုခံအားကျဆင်းမှုရောဂါ (HIV-AIDS)

– အသားဝါရောဂါ (yellow fever)

– ကြက်၊ ငှက်တုပ်ကွေး (bird flu) နဲ့

– ပြင်းထန် အဆုတ်ရောင်ရောဂါ (SARS) တို့ပဲ ဖြစ်ပါတယ်။

** (ကိုဗစ် – ၁၉ ရောဂါဟာလည်း SARS virus အနွယ်ဝင်ဖြစ်ပါတယ်) **
..
..

????ပုံမှန်အားဖြင့် ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ ?

– Virus ကြောင့်ဖြစ်တဲ့ ရောဂါတွေဟာ နေမကောင်းဖြစ်စေပေမယ့် များသောအားဖြင့် အပြင်းအထန် မဖြစ်ကြပါဘူး။

– နေလို့မကောင်းတာ၊ နုံးနေတာ၊ အားမရှိတာ၊ ဖျားတာနဲ့ နာကျင်ကိုက်ခဲတာ (ခေါင်းကိုက်တာတွေ) ဖြစ်တတ်ပါတယ်။

– ဖျားနာမှုဟာ ရက်အနည်းငယ်အကြာမှာပဲ သဘာဝအလျောက် ပြန်ကောင်းလာတတ်ပါတယ်။ (self-limiting)

– ခန္ဓာကိုယ်က (virus) ကိုတိုက်ဖို့ (antibody) လို့ခေါ်တဲ့ ကိုယ်ခံအားပစ္စည်းလေးတွေ ထုတ်ပြီး ရောဂါတွေကို ခုခံကာကွယ်ပေးပါတယ်။
(ဥပမာအားဖြင့် ရေကျောက်တစ်ခါပေါက်ပြီးရင် တော်ရုံနဲ့ ထပ်မဖြစ်တော့တာမျိုးဟာ ကိုယ်ခံအားစနစ်ပေါ်ထွက်လာလို့ပါ)

– ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေ​ ဖြစ်တာ နည်းပါတယ်။ ရှိတော့ရှိပါတယ်။
(ဥပမာ၊ ၊ ကလေးတွေမှာ သွေးပေါင်ချိန်ကျပြီး ရှော့ဖြစ်တာမျိုးထိ ဆိုးရွားသွားတာမျိုးလည်း ရှိတတ်ပါတယ်)

– တချို့ virus တွေကြောင့်ဖြစ်တဲ့ ပါးချိတ်ရောင်နာ၊ ဝက်သက်ရောဂါ၊ ဦးနှောက်ရောင်ရမ်းရောဂါ (encephalitis) စတာတွေမှာလည်း အထူးကြပ်မတ်ကုသခန်းရောက်တဲ့အထိ အခြေအနေဆိုးနိုင်လို့ အထူးသတိထားဖို့ လိုပါတယ်။

– အဝလွန်သူတွေနဲ့ အသက်အလွန်ကြီးသူတွေမှာလည်း ရိုးရိုးရာသီတုပ်​ကွေးကို အဆုတ်ရောင်ပြီး အသက်ရှူစက် (ventilator) တပ်ရတာမျိုးထိ ဆိုးသွားတာမျိုး ဖြစ်နိုင်ခြေ ရှိပါတယ်။
..
..

????(Virus) ကြောင့်ဖြစ်တဲ့ ရောဂါတွေကို ဘယ်လိုကုသမလဲ ?

– ခန္ဓာကိုယ်က virus ကို တိုက်ထုတ်နေချိန်မှာ ပြည့်ဝစွာ အနားယူပါ။

– ဖျားတာနဲ့ နာကျင်ကိုက်ခဲတာအတွက် အကိုက်အခဲ ပျောက်ဆေး (paracetamol) သောက်ပါ။

– ရေကို လုံလုံလောက်လောက် သောက်ပါ။ ဓာတ်ဆားရည် သောက်တာနဲ့ အသီးဖျော်ရည် juice တွေသောက်နိုင်ပါတယ်။ ရေဓာတ်ပါတဲ့ အစားအစာဆို ရပါတယ်။ ဥပမာ၊ ၊စွတ်ပြုတ်၊ ကြေးအိုး၊ ဟင်းချို၊ ကြာဇံပြုတ်အရည်သောက် စတာတွေ ရပါတယ်။

– အူ မရောင်ရင် ပုံမှန်အတိုင်း အကုန်စားနိုင်ပါတယ်။

– နှာစေးရင် (cetrine) လိုမျိုး နှာစေးပျောက်​​ဆေး သောက်နိုင်ပါတယ်။

– ချောင်းဆိုးနေရင် ချောင်းဆိုးပျောက်ဆေး ဝယ်သောက်နိုင်ပါတယ်။
..
..

???? ပိုးသတ်ဆေး (antibiotics) တွေ ဘာလို့ မသောက်ရတာလဲ ?

ဆရာဝန်တွေ ပေးလေ့ပေးထရှိတဲ့ ပိုးသတ်ဆေးတွေဟာ ဘက်တီးရီးယား (bacteria) ကြောင့် ဖြစ်တဲ့ရောဂါတွေအတွက် ဖြစ်ပါတယ်။

(Virus) ကိုသေစေနိုင်တဲ့ဆေး မဟုတ်တဲ့အတွက် ထူးထူးခြားခြား အကျိုးမရှိပါဘူး။

ဒါပေမယ့် ကိုယ်ခံအားနည်းနေချိန်မှာ နောက်ဆက်တွဲ ဘက်တီးရီးယား ကူးစက်ခံရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဥပမာ၊ ၊နားအလယ်ပိုင်း ရောင်ရမ်းနာ/နားကိုက်ရောဂါ (middle ear infection) ၊ ထိပ်ကပ်နာ (sinusitis) ၊ အဆုတ်လေပြွန်ရောင်ရောဂါ (bronchitis) ၊ အဆုတ်ရောင်ရောဂါ (pneumonia) နဲ့ အရေပြားရောဂါတွေမှာ ဘက်တီးရီးယား ကူးစက်တတ်ပြီး စိမ်းဝါရောင် နှပ်ရည် (သို့) သလိပ်ထွက်တာ၊ နား (သို့) လည်ချောင်းမှာ ပြည်လိုအရည်တွေ တွေ့ရတတ်ပါတယ်။ ဒီလိုအခြေအနေတွေမှာ ဘက်တီးရီးယားအတွက် ဆရာဝန်ညွှန်ကြားချက်နဲ့ ပိုးသတ်ဆေး သောက်ရပါမယ်။

– တချို့ virus ရောဂါတွေ (ဥပမာ၊ ၊ရေယုန်၊ အသည်းရောင်အသားဝါ B ပိုး၊ C ပိုး နဲ့ (HIV) အတွက် virus ပိုးကို ထိန်းချုပ်နိုင်တဲ့ အထူးပိုးသတ်ဆေး (antivirals) တွေနဲ့ ကုသဖို့ လိုအပ်ပါတယ်။
..
..

????ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြသသင့်လဲ ?

– ၄၈ နာရီအတွင်း မသက်သာရင် (သို့) အ​ခြေအနေ ပိုဆိုးလာရင်

– ကလေးက ရေသောက်ဖို့ ငြင်းဆန်ရင်
(ရေဓာတ် မခန်းခြောက်အောင် သတိထားပါ)

– ခဏခဏ ပျို့အန်ရင်

– အသက်ရှူရတာ အခက်အခဲရှိလာရင်

– ခေါင်းကိုက်တာ မသက်သာရင်

– အလင်းရောင်ကြည့်တဲ့အခါ မျက်စိစူးရင်

– ဖျားပြီးနောက်ပိုင်း လည်ပင်းကြွက်သားတွေ တောင့်တောင့်ကြီး ဖြစ်လာတာ၊ အသိမမှန်တာ၊ ကယောင်ကတမ်းပြောတာတွေ ရှိလာရင်

– သာမန်အကိုက်အခဲပျောက်ဆေးနဲ့ နာကျင်ကိုက်ခဲတာ မသက်သာရင်

– နား၊ နှာခေါင်းနဲ့ အရေပြားမှာ ပြည်လိုအရည်တွေ့ရင် (သို့) သလိပ်မှာ ပြည်လိုတွေ့ရင် ဆရာဝန်နဲ့ ချက်ချင်း ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

*******************

ဒီလောက်ဆိုရင်တော့ virus နဲ့ bacteria ကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေကို ကွဲကွဲပြားပြား သိရှိပြီး ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ ပြသပြီး ကုသဖို့လိုအပ်မယ်ဆိုတာ သေသေချာချာ သိရှိနားလည်ကြမယ်လို့ ထင်ပါတယ်…။

Reference: ????
Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.158

Roingeard P. Viral detection by electron microscopy: past, present and future. Biol Cell. 2008 Aug;100(8):491-501. doi: 10.1042/BC20070173. PMID: 18627353; PMCID: PMC7161876.

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

???? စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.