အသေးစားအရေပြားပြတ်ရှရာကလေးတစ်ခု၊ တိရစ္ဆာန်ကိုက်ရာကလေးတစ်ခု၊ စူးမိတဲ့ဖိနပ်သံကလေးတစ်ခုကနေ ခြေ၊လက်အင်္ဂါအစိတ်အပိုင်းတွေ ဖြတ်တောက်ပစ်ရတဲ့အထိ ဆိုးစေတတ်တဲ့ အရိုးရောဂါတစ်ခုကို ပြပါဆိုရင် အရိုးပိုးဝင်ရောင်ရမ်းရောဂါ (Osteomyelitis) ကို ပြရပါလိမ့်မယ်……

♦️ အရိုးပိုးဝင်ရောင်ရမ်းရောဂါ (Osteomyelitis) ဆိုတာ

အရိုးထဲ ပိုးဝင်ပြီး ရောင်ရမ်းရာကနေ ပြည်တစိုစိုနဲ့ အရိုးတစ်ရှူးဆဲလ်တွေ ပျက်စီးသေဆုံးပြီး နောက်ဆုံး ခန္ဓာကိုယ်အနှံ့ကိုပါ ပိုးပျံ့စေတတ်တဲ့ အရိုးရောဂါတစ်ခုပါ။

♦️ Osteomyelitis ရဲ့ တရားခံကတော့
Staphylococcus လို့ ခေါ်ဆိုတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် အရိုးပိုးဝင်ရောင်ရမ်းစေပါတယ်။ ဒီ ဘတ်တီးရီးယားမျိုးစိတ်ဟာ အရိုးထဲနည်းမျိုးစုံနဲ့ ရောက်ရှိပျံ့နှံ့ပြီး ရောဂါဖြစ်စေပါတယ်။ အခန့်မသင့်ရင် ခန္ဓာကိုယ်အနှံ့ပျံ့စေတတ်ပါသေးတယ်။

♦️ ရောဂါဖြစ်စေတဲ့အကြောင်းတရားတွေ

ဒီ ဘတ်တီးရီးယားပိုးတွေ အရိုးထဲဘယ်လိုများရောက်ရှိပြီး အရိုးကို ဒုက္ခပေးကြပါသလဲ ….

????အရိုးကိုယ်တိုင်က ပြဿနာ

အရိုးကိုယ်တိုင်က မကောင်းတာကြောင့်ရောဂါပိုးစတင်ဖြစ်ပွားတတ်တယ်။ အရိုးကျိုး၊ အရိုးအက်ရာကနေလည်း ပိုးဝင်ဖို့ အားပေးစေတယ်။ နောက်… အရိုးနဲ့ပတ်သက်တဲ့ ခွဲစိတ်ကုသမှု (Orthopaedic surgeries) တွေ ပြုလုပ်ရာကနေလည်း အခန့်မသင့်လို့ အရိုးပိုးဝင်တတ်တယ်။

????အခြားနေရာကနေ ပျံ့လို့

ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေမှာရှိတဲ့ ရောဂါပိုးတွေက သွေးကြောတွေကတဆင့် ခန္ဓာကိုယ်အတွင်းလှည့်လည်ပြီး နောက်ဆုံး အရိုးရဲ့ ပိုးဝင်လွယ်တဲ့ နေရာကနေ အရိုးထဲရောက်ရှိသွားတာမျိုးပါ။ နမိုးနီးယားအဆုတ်ရောင်ရမ်းရောဂါ (Pneumonia)နဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) လို ရောဂါတွေကနေတဆင့် အရိုးဆီ ပျံ့နှံ့ကူးစက်ဖြစ်ပွားတာပါ။

????အမှိုက်ကစ ပြဿဒ်မီးလောင်

ဟုတ်ပါတယ်။ အသေးစား အရေပြားပြတ်ရှရာကလေးကနေ အနာကို သေချာမကုတဲ့အခါလည်း ပိုးက အရိုးထိ၀င်စေတတ်သလို ဖိနပ်သံကလေးစူးမိတာကလည်း ဖြစ်စေတတ်လို့ သတိထားစရာ အရိုးရောဂါတစ်ခုပါပဲ။ ဆီးချိုရောဂါရှိလို့ နောက်ဆက်တွဲဖြစ်တတ်တဲ့ ဆီးချိုနှီးနွယ် ခြေထောက် အနာရောဂါ (Diabetic foot) ကနေလည်း ဖြစ်တဲ့ခြေထောက်တစ်ဝိုက်က အရိုးတွေကို ပိုးဝင်ရောင်ရမ်းစေတတ်တယ်။

♦️ ရောဂါကိုပိုဆိုးစေတဲ့ အကြောင်းတရားတွေ

????ကိုယ်ခံအားကျနေတဲ့အခါ ပိုးဝင်လွယ်တယ် (အထူးသဖြင့် အသက်အရွယ်ကြီးသူတွေ၊ ကင်ဆာဆေးသွင်းနေရသူတွေ၊ စတီးရိုက်ဆေးတွေသုံးနေရသူတွေ)

????အရိုးကျိုး၊ အရိုးအက်၊ အရိုးဒဏ်ဖြစ်တဲ့အခါ

????အရိုးတွင်း စတီးချောင်းထည့်တာ၊ အရိုးကျိုးတာကို ခွဲစိတ်ကုသတာလို အရိုးဆိုင်ရာ ခွဲစိတ်ကုသမှုတွေ

????ဆေးလိပ်သောက်သူတွေ

????ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါ အခံရှိသူတွေ

????နာတာရှည်ရောဂါအခံရှိလို့ ဆေးရုံတက်ကုသမှုခံရတဲ့အခါ ဆေးထိုးအပ် (Cannula)၊ ဆီးပိုက် (Urinary catheter) တွေကနေတဆင့်လည်း ပိုးဝင်တတ်ပါသေးတယ်။

????မသန့်တဲ့ ဆေးထိုးအပ်တွေကို သုံးပြီ မူးယစ်အကြောဆေးကို အကြောထဲထိုးကြသူတွေမှာ ၎င်းဆေးထိုးအပ်ကနေ တဆင့် ပိုးဝင်စေတတ်တယ်။

♦️ သိကောင်းစရာ အရိုးပိုးဝင်ရောင်ရမ်း လက္ခဏာ

????အဖျားမကျတာ၊ အားအင်ကုန်ခမ်းနွမ်းနယ်တာ

????နာကျင်ကိုက်ခဲတာ

????အရိုးပိုးဝင်ရောင်ရမ်းတဲ့ အရေပြားနေရာတစ်ဝိုက် ပူနေတတ်တာ၊ နီနေတတ်တာ၊ ရောင်ရမ်းနေတတ်တာ စတဲ့ လက္ခဏာတွေရှိတတ်တယ်… ဒီထက်ပိုဆိုးရင် ပြည်တစိုစိုနဲ့ နောက်ဆုံး အရိုးပါပေါ်တဲ့အထိ ပြည်လှိုက်စားတတ်တယ်။

????ရောဂါလက္ခဏာတစ်စုံတစ်ရာမပြသဘဲလည်း ဖြစ်နေတတ်တယ်။ (အထူးသဖြင့် အသက်တစ်နှစ်အောက်ကလေးတွေ၊ အသက်ကြီးသူတွေ၊ ကိုယ်ခံအားနည်းသူတွေ)

♦️ နောက်ဆက်တွဲ ဘာတွေဖြစ်စေနိုင်သလဲ

???? အရိုးပုပ်ခြင်း/ အရိုးတစ်ရှူးဆဲလ်များသေဆုံးခြင်း ( Osteonecrosis)

အရိုးပိုးဝင်ရောင်ရမ်းတဲ့အခါ သွေးကြောတွေ ပိတ်ဆို့ပြီး အရိုးကိုသွေးထောက်ပံ့မှု မရတော့ဘဲ အရိုးတစ်ရှူးဆဲလ်တွေသေဆုံးပြီး အရိုးပုပ်စေနိုင်တယ်။

???? အရိုးမှာရှိတဲ့ ပိုးက နီးစပ်ရာ အရိုးအဆစ် (Joint) တွေဆီ ပိုးပျံ့နှံ့လို့ အဆစ်တွေပါရောင်လာစေတာကို Septic arthritis လို့ခေါ်ပါတယ်။

???? အရိုးကြီးထွားတဲ့အရွယ်မှာ အရိုးအဆစ်ကြီးထွားရှည်ထွက်တဲ့နေရာ (growth plate) တွေမှာဖြစ်ပွားရင် အရိုးအဆစ်ကြီးထွားမှုကို အဟန့်အတားဖြစ်စေလို့ အရပ် ထပ် မရှည်လာတော့ဘဲ လူကောင်သေး ဖွံ့ဖြိုးမှုနှေးစေတတ်ပါတယ်။

???? ပိုးဝင်ရောင်ရမ်းတဲ့အရိုးနေရာကနေ ပြည်တည်လှိုက်စားပြီး အပေါ်ယံအရေပြားအထိ ပြည်လိုက်ရင်း အချိန်နှင့်အမျှ အဲ့ဒီအရေပြားနေရာတစ်ဝိုက်မှာ အရေပြားရောဂါ (Skin Cancer) တွေဖြစ်နိုင်ချေများစေနိုင်တယ်။ အရိုးနှင့် အနီးတဝိုက် သာမက တစ်ကိုယ်လုံးကို ပိုးဆိပ်ပြန့်ပြီး သွေးလန့်ခြင်း (Septic shock) နှင့် အခြားနေရာ တွေ မှာပါ ပြည်တည်နာတွေ၊ ရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ်။

♦️ ကုသမှုတွေကတော့…

အရိုးပိုးဝင်ရောင်ရမ်းတဲ့အခါ ဆရာဝန်/ အရိုးအထူးကုဆရာဝန်နှင့် ပြသကုသမှုခံယူပါ။

????ပိုးဝင်ရောင်ရမ်းတဲ့နေရာက ပြည်တွေ၊ ခိုအောင်းနေတဲ့အရည်တွေကို စုပ်ထုတ်ပစ်တာ

????မကောင်းတဲ့ (တစ်ရှူးဆဲလ်တွေသေဆုံးပြီးတဲ့) အရိုးတွေကို ဖြတ်ထုတ်ဖယ်ရှားပစ်တာ

????ထိရောက်တဲ့ ပိုးသတ်ဆေးအပြင်းစားတွေနဲ့ ဆေးထိုး၊ ဆေးသောက်ကုသတာ

????ဆီးချိုရောဂါလို နာတာရှည်ရောဂါအခံတွေကို ကုသတာ

????နောက်ဆုံး မတတ်သာရင်တော့… ​​ဖြစ်ပွားတဲ့ ခြေ၊လက်အင်္ဂါအစိတ်အပိုင်းတွေကို ဖြတ်ထုတ်ပစ်တာ(Amputation) ကလည်း ကုသမှုတစ်ခုပါပဲ။
ဒါ့ကြောင့် အရိုးအဆစ်‌ တွေ နီရဲ ရောင်ရမ်း လာရင် ဆရာဝန်/ အရိုးအထူးကုဆရာဝန်နှင့် စောစီးစွာ ပြသ၍ ကုသမှုခံယူပါ။

????သတိလေးကပ် ကာကွယ်ကြမယ်

အသေးစားပြတ်ရှရာကလေးကနေတောင် အရိုးပိုးဝင်ရောင်ရမ်းစေတတ်လို့ ဒဏ်ရာရပြီးတိုင်း (အထူးသဖြင့် ကိုယ်ခံအားနည်းတဲ့ သက်ကြီးရွယ်အိုတွေ၊ ဆီးချိုရှိသူတွေ၊ စတီးရိုက်ဆေးတွေသုံးနေရသူတွေမှာ) သေချာဆေးကြော သန့်စင်ပါ။ ပိုးမဝင်အောင်ဂရုစိုက်ပါ။ ဆီးချိုရောဂါသည်တွေဆို ခြေထောက်ကို အနာတရမဖြစ်အောင် သတိပြုပါ။

တစ်ခုလေးမှာချင်တာက အရိုးပိုး၀င်ရောဂါတွေဟာ စောစောစီးစီးသိရင် ပိုးသတ်ဆေးထိုးဆေးကို ရက်ကြာကြာထိုးလိုက်ရင် သေချာပျောက်ကင်းပါတယ်။ အထူးသဖြင့်ကလေးတွေမှာပါ။ စောစောသိပြီးသေချာကုရင် ခွဲစိတ်စရာလည်းမလို၊ နာတာရှည် အရိုးပိုး၀င်ရောဂါအဖြစ်ကိုလည်း မပြောင်းတော့ပါဘူး ဆိုတာလေးပါ။

တယ်လီကျန်းမာတွင် အရိုးအကြောကျန်းမာရေး၊ အရိုးရောဂါတွေနဲ့ ပတ်သက်လို့ အွန်လိုင်းဖြင့် ဆရာဝန်များနှင့် အခမဲ့ တိုင်ပင်ဆွေးနွေးကုသနိုင်ပါပြီ….

References ????

????Mayo Clinic | Osteomyelitis

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.