Tension Headache
( စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း )
Tension headache ဆိုတာ ဦးခေါင်းရဲ့ နေရာအများစုမှာ တင်းပြီးညှစ်ထားသလိုခံစားရတဲ့ ခေါင်းကိုက်ဝေဒနာ ဖြစ်ပါတယ်။
( tension-type headache သို့မဟုတ် muscle contraction headache လို့လည်း ခေါ်ပါတယ်။ )
စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများတဲ့ သူတွေမှာ တွေ့ရများပါတယ်။
Tension headache ဟာ ခေါင်းကိုက်တဲ့ပုံစံအမျိုးမျိုးထဲမှာ အတွေ့ရဆုံး ဖြစ်ပါတယ်။
လူ (၃)ယောက်မှာ (၂)ယောက်ဟာ ဘဝရဲ့တစ်ချိန်ချိန်မှာတော့ tension headache ကို ခံစားကြရပါလိမ့်မယ်။
ခံစားရသူတော်တော်များများဟာ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်နေမှန်း မသိတာများပါတယ်။
..
..
Tension headache ဘာ့ကြောင့် ဖြစ်လဲ ?
ဦးရေခွံကြွက်သား၊ နဖူးကြွက်သား၊ လည်ပင်းကြွက်သားတွေ အသုံးများလွန်းလို့ ဖြစ်တာပါ။ ဒီလို အသုံးပြုတာများလာတဲ့အခါ ကြွက်သားတွေ နာကျင်လာတာ၊ တောင့်တင်းလာတာ ဖြစ်တတ်ပြီး ခေါင်းပတ်ပတ်လည်ကို အဝတ်တစ်ခုခုနဲ့ အတင်းအကြပ် စည်းထားသလို ၊ ခေါင်းကို လေးလံတဲ့အလေးတစ်ခုခုနဲ့ ဖိထားသလို ခံစားရတတ်ပါတယ်။
Tension headache ကို ဖြစ်စေတဲ့ အချက်များ
(၁) ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းမှု၊ ဖိစီးမှုတေ များလာတဲ့အခါ
ဥပမာ:
– အရမ်း စိုးရိမ်ပူပန်တာ
– တစ်နေကုန် အလုပ်တွေပဲလုပ်ပြီး အနားမယူတာ
– စာဖတ်တာ၊ စာစီစာရိုက်လုပ်တာ၊ တခြား အာရုံစိုက်ရတဲ့ အလုပ်တွေကို အချိန်ကြာလုပ်တာ
– perfect ဖြစ်အောင် မနားတမ်း လုပ်တာ ( perfectionism )
( ၂ ) လည်ပင်းကြွက်သားတွေ တောင့်တင်းလာတဲ့အခါ
ဥပမာ:
– လည်ပင်းအနေအထား မမှန်တာ ( အရှေ့ကို ငိုက်နေတာ )
– လည်ပင်းမှာ ဒဏ်ရာရထားတာ
( ၃ ) စိတ်ခံစားချက် ( ဒေါသ၊ စိတ်ပျက်မှု ) တွေကို ဖိနှိပ်မျိုသိပ်ထားတာ
( ၄ ) အစားအသောက် ကောင်းကောင်းမစားတာ
ဥပမာ:
– ခရီးသွားနေရင်း ကြုံသလိုစားရပြီး ဖိစီးမှုတွေများတာ
..
..
Tension Headache ကို ဘယ်လို ကုသမလဲ ?
အဓိကတော့ နေထိုင်မှုပုံစံကို ပြောင်းလဲဖို့ လိုပါတယ်။
– အစားအသောက် ပုံမှန်စားတာ
– လေ့ကျင့်ခန်း ပုံမှန်လုပ်တာ
– လည်ပင်းကို သတိနဲ့ မတ်မတ်ထားတာ
– စိတ်ဖိစီးမှုတွေ လျှော့ဖို့လိုပါတယ်။
– စိတ်ရော ခန္ဓာကိုယ်ပါ အနားပေးပါ
– တရားထိုင်တာ၊ ယောဂသင်တန်းတွေတက်တာ လုပ်လို့ရပါတယ်
– အရမ်း perfect ဖြစ်ဖို့ မကြိုးစားပါနဲ့၊ ပေါ့ပေါ့ပါးပါးနေပါ
– ခေါင်းကိုက်တဲ့အခါမှာ ရေနွေးကန် (hot bath) ထဲ စိမ်တာ၊ နာတဲ့နေရာကို နွေးပီးခြောက်သွေ့တဲ့ အဝတ်ကပ်ပေးတာ ( အေးပီး စိုစွတ်တဲ့ အဝတ်ကပ်လို့လည်း ရပါတယ် )
– ခံစားချက်တွေကို မျိုသိပ်မထားပါနဲ့။ မိမိကိုယ်ကို အပြစ်မပုံချပါနဲ့။ မိမိကိုယ်ကို အရှိအတိုင်းလက်ခံပါ။ ဒေါသထွက်ရင်လည်း ထုတ်ဖော်ပြောပါ။
– လည်ပင်းကြွက်သားတွေ နာရင်လည်း နှိပ်ပေးတာ၊ လည်ပင်းလေ့ကျင့်ခန်းတွေလုပ်ပြီး လှုပ်ရှားပေးတာလုပ်ရင် သက်သာစေပါတယ်။
– ဆေးအနေနဲ့ paracetamol လို အကိုက်အခဲပျောက်ဆေး အပျော့စားတွေသောက်ရင် နာကျင်မှုကို သက်သာစေပါတယ်။ အပြင်းစားဆေးတွေ ( စိတ်ငြိမ်ဆေးအပါအဝင် )ကို ဆရာဝန်ရဲ့ ညွှန်ကြားချက်မရှိဘဲ မသောက်သင့်ပါဘူး။
Reference:
Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.336
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#tensionheadache#headache#ခေါင်းကိုက်ခြင်း
Ministry of Health,
National Unity Government.
Published on: 20 December 2022
Last Updated: 20 December 2022