⚠️ သာမန်အအေးမိဖျားနာခြင်း (Common Cold)
⚠️ တုပ်ကွေး (Flu)
⚠️ ရုတ်တရက် လေပြွန်ရောင်ခြင်း (Acute Bronchitis)
⚠️ နာတာရှည် လေပြွန်ရောင်ခြင်း (Chronic Bronchitis)
⚠️ နမိုးနီးယား အဆုတ်ရောင်ခြင်း (Pneumonia)
⚠️ ကြက်ညှာချောင်းဆိုး (Whooping Cough)

▬▬▬▬▬▬▬▬▬▬▬▬▬▬

မြန်မာ (၁၂) လ ရာသီများအနက် အအေးပိုသော တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲလများတွင် အအေးမိ၊ တုပ်ကွေးနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်များတတ်ပါသည်။ အအေးပိုသည့် အတွက် လူအများ အိမ်တွင်းစုဝေးနေထိုင်ခြင်းကြောင့် ဗိုင်းရပ်စ်များသည် လူတစ်ဦးမှ အခြားတစ်ဦးသို့ ပိုမိုလွယ်ကူစွာ ကူးစက်နိုင်စေပါသည်။ အေးခြင်းနှင့် ခြောက်သွေ့သောလေများသည်လည်း ရောဂါခုခံနိုင်စွမ်း ကျဆင်းစေပါသည်။

အေးမြသော ဆောင်းရာသီတွင် ချောင်းဆိုး နှာချေလျှင် အအေးမိခြင်း (သို့မဟုတ်) ပိုပြင်းထန်သော ရောဂါတစ်ခုခု ရှိ/မရှိကို မည်ကဲ့သို့ သိရှိနိုင်မည်နည်း? ပဋိဇီဝဆေးများ လိုအပ်ပါသလား? သင်မှ တစ်ဆင့် အခြားသူကို ကူးစက်နိုင်ပါသလား?

▬▬▬▬▬▬▬▬▬▬▬▬▬▬

⚠️ သာမန်အအေးမိဖျားနာခြင်း (Common Cold)

❓ သာမန်အအေးမိဖျားနာခြင်းဆိုတာ ဘာလဲ။

သင်၏ နား၊ နှာခေါင်းနှင့် လည်ချောင်းတို့တွင် ရောဂါကူးစက်ခံရခြင်းကို ဆိုလိုပါသည်။

❓ ဘယ်လို ကူးစက်ခံရတာလဲ။

သင့် အနီးတစ်ဝိုက်တွင် အခြားသူ တစ်ဦး ချောင်းဆိုးခြင်း (သို့မဟုတ်) နှာချေခြင်း (သို့မဟုတ်) တံခါးလက်ကိုင်ကဲ့သို့ ညစ်ညမ်းသော မျက်နှာပြင်ကို သင် ထိမိခြင်း၊ ကိုင်မိခြင်းကြောင့် ကူးစက်နိုင်ပါသည်။ ဗိုင်းရပ်စ်ပိုး အကောင်ရေ ၂၀၀ ကျော်ကူးစက်ခံရပါက အအေးမိခြင်းကို ဖြစ်စေနိုင်သည်။ အဖြစ်အများဆုံးဗိုင်းရပ်စ်ပိုးမှာ Rhinovirus ဖြစ်ပါသည်။

❓ ဘယ်လိုခံစားရလဲ။

နှာရည်ယိုခြင်း၊ လည်ချောင်းယားယံခြင်း၊ သာမန်ဖျားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ချမ်းတုန်ခြင်းနှင့် ကိုက်ခဲခြင်းတို့ အပြင် နှာချေ ချောင်းဆိုးခြင်းလည်း ဖြစ်နိုင်ပါသည်။

❓ ဘာလုပ်သင့်လဲ။

အအေးမိခြင်းအတွက် သက်သာစေသောဆေးများ၊ ချောင်းဆိုးပျောက်ဆေးများနှင့် ဘာမီတွန်၊ Cetirizine ကဲ့သို့ Antihistamines ဆေးများသည် ရောဂါလက္ခဏာများကို သက်သာစေနိုင်ပါသည်။ အနားယူခြင်းနှင့် အားရှိသော အရည်များသောက်ခြင်းသည်လည်း ပြန်လည်နာလန်ထမှုကို ကူညီနိုင်ပါသည်။

❓ ရောဂါ ဘယ်လောက်ကြာမလဲ။

ရက်အနည်းငယ်မှ ရက်သတ္တပတ်ပေါင်းများစွာ ကြာနိုင်ပါသည်။

❓ ဘယ်တော့ အလုပ်ပြန်လုပ်နိုင်မလဲ။

ရောဂါ လက္ခဏာများ စတင် မခံစားရခင် တစ်ရက်မှ စ၍ ရက်သတ္တပတ် တစ်ပတ်ခန့်အတွင်း အခြားသူများ ထံသို့ ရောဂါကူးစက်နိုင်ပါသည်။ အလုပ်ဆက်လုပ်ရန် နေပြန်ကောင်းလာပြီဟု ခံစားရပါက၊ နေပြန်ကောင်းလာပြီး တစ်ရက် (သို့မဟုတ်) နှစ်ရက်အတွင်း ပြန်သွားပါက လက်ကို မကြာခဏ ဆေးကြောပါ။ နှာချေ ချောင်းဆိုး ပျောက်ကင်းသည်ထိ အခြားသူများနှင့် အနီးကပ် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။

❓ ဘယ်လောက်အဖြစ်များလဲ။

အလွန် အဖြစ်များပါသည်။ နာမကျန်းဖြစ်ခြင်းများစွာထဲတွင် သာမန်အအေးမိဖျားနာခြင်းသည် ကျောင်းပျက်/ အလုပ်ပျက် အဖြစ်ဆုံး နှင့် ဆေးကုသခံယူရမှု အများဆုံး ဖြစ်လေ့ရှိပါသည်။

???? ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းနှင့် ပြသပါ။

အကယ်၍ လက္ခဏာများသည် ရက်အနည်းငယ်ကြာသည်အထိ ကြာလာပါက (သို့မဟုတ်) ပိုဆိုးလာပါက၊ (သို့မဟုတ်) လက္ခဏာအသစ်များ ဖြစ်ပေါ်လာပါက ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းနှင့် ပြသပါ။

▬▬▬▬▬▬▬▬▬▬▬▬▬▬

⚠️ တုပ်ကွေး (Flu)

❓ တုပ်ကွေးဆိုတာ ဘာလဲ။

အသက်ရှူလမ်းကြောင်း (ပါးစပ်၊ နှာခေါင်း၊ လည်ချောင်းနှင့် အဆုတ်) တို့ ရောဂါကူးစက်ခံရခြင်း ဖြစ်ပါသည်။

❓ ဘယ်လို ကူးစက်ခံရတာလဲ။

နှာချေခြင်း (သို့မဟုတ်) ချောင်းဆိုးခြင်း (သို့မဟုတ်) ညစ်ညမ်းနေသော မျက်နှာပြင်များကို ထိတွေ့ခြင်းဖြင့် တုပ်ကွေးရောဂါ ကူးစက်ခံရပါသည်။ တုပ်ကွေးဗိုင်းရပ်စ်များသည် ဆက်တိုက် အသွင်ပြောင်းလဲမှုများ ဖြစ်လေ့ရှိသောကြောင့် နှစ်စဉ် အသစ်ထုတ်လုပ်နေကြသော တုပ်ကွေးကာကွယ်ဆေးများသည်လည်း အပြည့်အဝကာကွယ်နိုင်စွမ်း ရှိမည် မဟုတ်ပါ။

❓ ဘယ်လိုခံစားရလဲ။

မောပန်းနွမ်းနယ်နေခြင်း၊ အဖျားရှိခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ နှာချေ ချောင်းဆိုးခြင်း၊ လည်ချောင်းနာပြီး ခေါင်းကိုက်ခြင်းတို့ ခံစားရနိုင်ပါသည်။ အော့အန်ခြင်း (သို့မဟုတ်) ဝမ်းလျှောခြင်းတို့လည်း ဖြစ်နိုင်ပါသည်။

❓ ဘာလုပ်သင့်လဲ။

အနားယူခြင်း၊ အရည်နှင့် ဆေးဝါးများ သောက်သုံးခြင်းဖြင့် ရောဂါလက္ခဏာများကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ ပြင်းထန်သောအခြေအနေများတွင် Tamiflu (သို့မဟုတ်) Relenza ကဲ့သို့သော ဗိုင်းရပ်စ်ပိုးသတ်ဆေးများကို တုပ်ကွေး၏ ကြာချိန်၊ ပြင်းထန်မှုနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချရန် ညွှန်ကြားနိုင်သည်။ အထောက်အကူဖြစ်စေရန် ဗိုင်းရပ်စ်ပိုးသတ်ဆေးများကို ရောဂါလက္ခဏာစပြီး ၄၈ နာရီအတွင်း စတင်ရပါမည်။

❓ ရောဂါ ဘယ်လောက်ကြာမလဲ။

ရောဂါလက္ခဏာများတွင် အဆိုးဆုံးဖြစ်သော ဖျားနာခြင်းနှင့် ကိုက်ခဲခြင်းတို့သည် သုံးရက်မှ ငါးရက်အတွင်း သက်သာလေ့ရှိပါသည်။ ချောင်းဆိုးခြင်းနှင့် အထွေထွေ ပင်ပန်းနွမ်းနယ်မှုသည် နှစ်ပတ် (သို့မဟုတ်) နှစ်ပတ်ထက်ပို၍ ကြာရှည်နိုင်သည်။

❓ ဘယ်တော့ အလုပ်ပြန်လုပ်နိုင်မလဲ။

ရောဂါလက္ခဏာများစတင်ပြီးနောက် အနည်းဆုံး ငါးရက်နှင့် အဖျားပျောက်ကင်းပြီး ၂၄ နာရီအကြာတွင် အလုပ် ပြန်လုပ်နိုင်ပါသည်။

???? ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းနှင့် ပြသပါ။

အကယ်၍ ရောဂါလက္ခဏာများ ပိုဆိုးလာပါက၊ လက္ခဏာအသစ်များ ရှိလာပါက (သို့မဟုတ်) တုပ်ကွေးနောက်ဆက်တွဲများ ခံစားရနိုင်သော အခြေအနေ ရှိပါက ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းနှင့် ပြသပါ။

▬▬▬▬▬▬▬▬▬▬▬▬▬▬

⚠️ ရုတ်တရက် လေပြွန်ရောင်ခြင်း (Acute Bronchitis)

❓ ရုတ်တရက် လေပြွန်ရောင်ခြင်းဆိုတာ ဘာလဲ။

အဆုတ်သို့ လေရှူသွင်း၊ ရှူထုတ်လုပ်သည့် လေပြွန်ကြီး ရောင်ရမ်းလာပြီး ချွဲများ အလွန်အကျွံ ထွက်လာခြင်း ဖြစ်သည်။

❓ ဘယ်လို ကူးစက်ခံရတာလဲ။

အအေးမိခြင်း (သို့မဟုတ်) တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်ခံရနိုင်ပါသည်။ ထို့ကြောင့် တုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးခြင်းသည် ရုတ်တရက် လေပြွန်ရောင်ခြင်း ဖြစ်နိုင်ခြေကို လျော့နည်းစေသည်။ သို့တည်းမဟုတ် ဘက်တီးရီးယားများကို ရှူရှိုက်မိခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ အထူးသဖြင့် ဆေးလိပ်သောက်ခြင်း (သို့မဟုတ်) ဓာတ်မတည့်ခြင်း၊ ထိပ်ကပ်နာ (သို့မဟုတ်) အာသီးရောင်ခြင်း၊ ပသိရောင်ခြင်း များရှိနေပါက ရုတ်တရက် လေပြွန်ရောင်ခြင်း ဖြစ်နိုင်ခြေ ပိုများပါသည်။

❓ ဘယ်လိုခံစားရလဲ။

ဆက်တိုက် ချောင်းဆိုးခြင်းမျိုး ကြုံတွေ့ရနိုင်ပါသည်။ ချောင်းခြောက်ဆိုးခြင်းနဲ့ စတင်ပြီး မကြာခင်မှာ ချွဲသလိပ်များ ပါလာနိုင်ပါတယ်။ ကိုက်ခဲနာကျင်ခြင်း၊ ချမ်းတုန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူမဝခြင်း၊ မျက်ရည်ယိုခြင်းနှင့် အသက်ရှူကြပ်ခြင်းတို့လည်း ဖြစ်နိုင်ပါသည်။

❓ ဘာလုပ်သင့်လဲ။

ပဋိဇီဝဆေးများဖြင့် ကုသရနိုင်သော အဆုတ်ရောင်ရောဂါအထိ ရောဂါ မဆိုးဝါးလာပါက အလိုအလျောက် ပျောက်ကင်းသက်သာနိုင်ပါသည်။ ၎င်းအချိန်အတွင်း အိမ်တွင်းသုံး အစိုဓာတ်ထိန်းစက်၊ ချောင်းဆိုးပျောက်ဆေးနှင့် အကိုက်အခဲပျောက်ဆေးများသည် ရောဂါလက္ခဏာများကို သက်သာစေနိုင်ပါသည်။

❓ ရောဂါ ဘယ်လောက်ကြာမလဲ။

ရောဂါလက္ခဏာအများစုအတွက် နှစ်ပတ်ခန့် ကြာမြင့်နိုင်ပြီး ချောင်းဆိုးခြင်းကို လအနည်းငယ်ထိ ခံစားရနိုင်ပါသည်။

❓ ဘယ်တော့ အလုပ်ပြန်လုပ်နိုင်မလဲ။

ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ရက်အနည်းငယ်ကြာပြီးချိန်တွင် လေပြွန်ရောင်ခြင်းသည် အခြားသူများထံ မကူးစက်နိုင်တော့သောကြောင့် နလန်ထပြီဟု ခံစားရပါက အလုပ်ပြန်လုပ်နိုင်ပါသည်။

???? ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းနှင့် ပြသပါ။

လက္ခဏာများ မသက်သာပါက သို့မဟုတ် ပိုဆိုးလာပါက ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းနှင့် ပြသပါ။

▬▬▬▬▬▬▬▬▬▬▬▬▬▬

⚠️ နာတာရှည် လေပြွန်ရောင်ခြင်း (Chronic Bronchitis)

❓ နာတာရှည် လေပြွန်ရောင်ခြင်း ဆိုတာ ဘာလဲ။

အဆုတ်သို့ လေရှူသွင်း၊ ရှူထုတ်လုပ်သည့် လေပြွန်ကြီး ရောင်ရမ်းလာပြီး ချွဲများ အလွန်အကျွံ ထွက်လာခြင်း ဖြစ်သည်။ သလိပ်ပါသော ချောင်းဆိုးခြင်းသည် တစ်နှစ်တွင် အနည်းဆုံး သုံးလကို နှစ်နှစ်ဆက်တိုက် ဖြစ်လျှင် နာတာရှည် လေပြွန်ရောင်ခြင်းဟု သတ်မှတ်ပါသည်။

❓ ဘယ်လို ကူးစက်ခံရတာလဲ။

ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့ရာတွင် အဓိကအားဖြင့် လေထုညစ်ညမ်းမှုကို ဖြစ်စေသော အမှုန်အမွှားများကြောင့် နာတာရှည် လေပြွန်ရောင်ခြင်းကို ပို၍ ဖြစ်စေနိုင်ပါသည်။

❓ ဘယ်လိုခံစားရလဲ။

ဆက်တိုက် ချောင်းဆိုးခြင်း၊ ရင်ဘတ်မအီမသာဖြစ်ခြင်း နှင့် အသက်ရှူရခက်ခဲခြင်းတို့ ခံစားရနိုင်ပါသည်။

❓ ဘာလုပ်သင့်လဲ။

ကုသမှု၏ ရည်ရွယ်ချက်မှာ ရောဂါလက္ခဏာများကို လျှော့ချရန်ဖြစ်ပြီး အသက်ရှူရ လွယ်ကူစေရန် ဖြစ်သည်။ ဆေးလိပ်သောက်သုံးလေ့ရှိသူဖြစ်လျှင် ဆေးလိပ်ဖြတ်ရန် လိုအပ်ပါသည်။ သောက်ဆေးများ သို့မဟုတ် ရှူဆေးများသည် လေလမ်းကြောင်းပွင့်စေနိုင်သည်။ ပြင်းထန်သောအခြေအနေများတွင် အဆုတ်ခွဲစိတ်ခြင်း (သို့မဟုတ်) အဆုတ်အစားထိုးကုသခြင်းတို့ ပြုလုပ်နိုင်သည်။

❓ ရောဂါ ဘယ်လောက်ကြာမလဲ။

နာတာရှည် လေပြွန်ရောင်ခြင်းကို သက်သာအောင် ကုသနိုင်သော်လည်း ရောဂါ အမြစ်ပြတ် ပျောက်ကင်းအောင် ကုသရန် ခက်ခဲပါသည်။

❓ ဘယ်တော့ အလုပ်ပြန်လုပ်နိုင်မလဲ။

နာတာရှည် လေပြွန်ရောင်ခြင်းသည် မကူးစက်နိုင်သောကြောင့် ခံနိုင်ရည် ရှိသရွေ့ အလုပ်လုပ်နိုင်ပါသည်။

???? ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းနှင့် ပြသပါ။

အကယ်၍ သုံးပတ်ထက်ပို၍ ချောင်းဆိုးခြင်း၊ သွေးပါခြင်း (သို့မဟုတ်) သလိပ်အရောင်ပြောင်းခြင်း၊ (သို့မဟုတ်) အဖျားတက်ခြင်းတို့ ဖြစ်ပါက ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းနှင့် ပြသပါ။ လေပြွန်ရောင်သည်ဟု သံသယရှိလျှင်ပင် ဆရာဝန်နှင့် ပြသနိုင်ပါသည်။ စောစီးစွာ ကုသမှုခံယူခြင်းဖြင့် အဆုတ်ပျက်စီးနိုင်ခြေကို လျော့နည်းစေနိုင်ပါသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬

⚠️ နမိုးနီးယား အဆုတ်ရောင်ခြင်း (Pneumonia)

❓ နမိုးနီးယား အဆုတ်ရောင်ခြင်းဆိုတာ ဘာလဲ။

အဆုတ်တွင် ရောဂါပိုးကူးစက်ခံရပြီး လေအိတ်များတွင် ပြည်များနှင့် အခြားအရည်များ ပြည့်သွားခြင်း ဖြစ်ပါသည်။

❓ ဘယ်လို ကူးစက်ခံရတာလဲ။

ရောဂါဖြစ်ပွားမှု၏ သုံးပုံတစ်ပုံခန့်မှာ ဗိုင်းရပ်စ်များကြောင့်ဖြစ်သည်။ ဘက်တီးရီးယား (သို့မဟုတ်) မှိုများကို ရှူရှိုက်မိသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ အထူးသဖြင့် ခွဲစိတ်မှု ခံယူထားသူ၊ နာမကျန်းဖြစ်နေသူ၊ အသက်အရွယ်ကြီးလွန်း /ငယ်လွန်းသူများနှင့် ဆေးလိပ်သောက်သုံးသူများသည် အဆုတ်အားနည်းသူများ ဖြစ်သောကြောင့် နမိုးနီယား ရောဂါကူးစက်ခံရနိုင်ခြေ ပိုများပါသည်။

❓ ဘယ်လိုခံစားရလဲ။

ရောဂါလက္ခဏာများသည် အပျော့စားမှ အသက်ဆုံးရှုံးရနိုင်သည်အထိ ပြင်းထန်နိုင်ပြီး စိတ်ရှုပ်ထွေးခြင်း၊ ဖျားခြင်း၊ သလိပ်ပါသော ချောင်းဆိုးခြင်း၊ ချွေး အလွန်အကျွံထွက်ခြင်း၊ ချမ်းတုန်ခြင်း၊ အစာ စားချင်စိတ်မရှိခြင်း၊ အသက်ရှူမြန်ခြင်းနှင့် သွေးခုန်နှုန်းမြန်ခြင်း၊ လှုပ်လှုပ်ရှားရှားလုပ်လျှင် အသက်ရှူကြပ်ခြင်း၊ ချောင်းဆိုးသော အချိန် (သို့မဟုတ်) အသက်ပြင်းပြင်းရှူသော အချိန်တွင် ရင်ဘတ်ကို ဓားဖြင့်ထိုးသကဲ့သို့ နာကျင်ခြင်းတို့ ခံစားရနိုင်ပါသည်။

❓ ဘာလုပ်သင့်လဲ။

ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော အဆုတ်ရောင်ရောဂါ ဖြစ်ပါက ကောင်းကောင်းနား၊ ကောင်းကောင်းစားပြီး အရည်များများ သောက်ရန် လိုအပ်ပါသည်။ ဘက်တီးရီးယားပိုးကြောင့် ဖြစ်သော အဆုတ်ရောင်ရောဂါများကို ပဋိဇီဝဆေးများဖြင့် ကုသမှု ခံယူနိုင်ပါသည်။ ဖြစ်စဉ်နှစ်ခုစလုံးတွင် လိုအပ်သော ဆေးဝါးများကို သောက်သုံးခြင်းဖြင့် ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို သက်သာစေနိုင်ပါသည်။

❓ ရောဂါ ဘယ်လောက်ကြာမလဲ။

လူအများစုသည် ကုသမှုကို ကောင်းစွာတုံ့ပြန်ပြီး တစ်ပတ်မှ သုံးပတ်အတွင်း ပြန်လည် ကောင်းမွန်လာသော်လည်း အဆုတ်ရောင်ရောဂါ အလွန်ပြင်းထန်လာလျှင် အသက်ကိုပင် ဆုံးရှုံးရစေနိုင်ပါသည်။

❓ ဘယ်တော့ အလုပ်ပြန်လုပ်နိုင်မလဲ။

ဘက်တီးရီးယား အဆုတ်ရောင်ရောဂါ ကူးစက်ခံထားရပါက ပဋိဇီဝဆေးများ သောက်သုံးပြီး နှစ်ရက်အကြာတွင် အခြားသူများကို ကူးစက်နိုင်ခြေ သိသိသာသာ ကျဆင်းသွားပါသည်။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သော အဆုတ်ရောင်ရောဂါသည် ကူးစက်မှုနည်းသော်လည်း အဖျားရှိလျှင် အခြားသူများနှင့် ဝေးရာတွင် ရှောင်နေသင့်ပါသည်။ အချိန်ယူပြီး ကောင်းမွန်စွာ အနားယူပြီးမှသာ အလုပ်ပြန်ဝင်သင့်သည်။

???? ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းနှင့် ပြသပါ။

အကယ်၍ ချောင်းဆိုးခြင်း ပိုဆိုးလာပါက (သို့မဟုတ်) မသက်သာပါက၊ ပြည်သလိပ်များ ချောင်းဆိုးခြင်း၊ အဖျား ၁၀၂ ဒီဂရီ အထက် ဆက်တိုက်မြင့်တက်နေခြင်း၊ ချမ်းတုန်ခြင်း (သို့မဟုတ်) အသက်ရှူချိန်တိုင်း ရင်ဘတ်အောင့်ခြင်းတို့ ခံစားရပါက ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းနှင့် ပြသပါ။ နှလုံးရောဂါ (သို့မဟုတ်) အဆုတ်ရောဂါ စသည့် ရောဂါအခံများ ရှိပါက ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းနှင့် ပြသရန် မနှောင့်နှေးသင့်ပါ။

▬▬▬▬▬▬▬▬▬▬▬▬▬▬

⚠️ ကြက်ညှာချောင်းဆိုး (Whooping Cough)

❓ ကြက်ညှာချောင်းဆိုး ဆိုတာဘာလဲ။

ကြက်ညှာချောင်းဆိုးရောဂါသည် မွေးကင်းစကလေးငယ်များနှင့် ကလေးသူငယ်များတွင် အဓိကအဖြစ်များပြီး ပြင်းထန်သော၊ အလွန်ကူးစက်တတ်သော ဘက်တီးရီးယားပိုး ကူးစက်မှု ဖြစ်ပါသည်။

❓ ဘယ်လို ကူးစက်ခံရတာလဲ။

Bordetella Pertussis ဟုခေါ်သော ဘက်တီးရီးယားပိုးကြောင့် ကြက်ညှာချောင်းဆိုးရောဂါ ဖြစ်ပွားပြီး ချောင်းဆိုးခြင်း၊ နှာချေခြင်းနှင့် အသက်ရှူခြင်းတို့မှတဆင့် ကူးစက်ခံရနိုင်ပါသည်။

❓ ဘယ်လိုခံစားရလဲ။

သာမန်အအေးမိခြင်းကဲ့သို့ စတင်ပြီး တဖြည်းဖြည်း ဆိုးလာကာ လေကိုရှူရှိုက်ရင်း ကြက်ညှာသံဖြင့် အဆုံးသတ်သော ချောင်းဆိုးခြင်းကို ဖြစ်စေပါသည်။ အခြားသော လက္ခဏာများအနေဖြင့် ဖျားခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်းနှင့် မျက်ရည်ယိုခြင်းတို့ ခံစားရနိုင်ပါသည်။

❓ ဘာလုပ်သင့်လဲ။

အကောင်းဆုံးကုသမှုဖြစ်သော ပဋိဇီဝဆေးများဖြင့် စောစီးစွာကုသမှုခံယူခြင်းဖြင့် သင်ကိုယ်တိုင် ရောဂါပိုးကူးစက်ခံရမှုကို လျှော့ချနိုင်ပြီး အခြားသူများထံ ရောဂါ ထပ်မံ ကူးစက်နိုင်ခြေကိုလည်း လျော့နည်းစေမည် ဖြစ်ပါသည်။ နွေးနွေးထွေးထွေး အနားယူခြင်း၊ အရည်များများသောက်ခြင်း၊ မီးခိုး (သို့မဟုတ်) ဖုန်မှုန့် ကဲ့သို့ ချောင်းဆိုးစေသောအရာများနှင့် ထိတွေ့မှု မရှိအောင် ရှောင်ကြဥ်ခြင်းဖြင့် ရောဂါ သက်သာစေနိုင်ပါသည်။

❓ ရောဂါ ဘယ်လောက်ကြာမလဲ။

ရက်သတ္တပတ် ၁၀ ပတ်အထိ ခံစားရနိုင်ပါသည်။ နမိုးနီးယား အဆုတ်ရောင်ခြင်းနှင့် အခြားသော နောက်ဆက်တွဲပြဿနာများလည်း ဖြစ်ပေါ်လာနိုင်သည်။

❓ ဘယ်တော့ အလုပ်ပြန်လုပ်နိုင်မလဲ။

ပဋိဇီဝဆေးများဖြင့် ငါးရက်ကြာအောင် ကုသမှု မပြီးမချင်း အခြားသူများနှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရန် လိုအပ်ပါသည်။

???? ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းနှင့် ပြသပါ။

သင့်တွင် ကြက်ညှာချောင်းဆိုးရောဂါ ဖြစ်နေပြီဟု သံသယရှိပါက ဆရာဝန်/ ကျန်းမာရေးဝန်ထမ်းနှင့် ပြသပါ။

Source:
https://www.hopkinsmedicine.org/health/conditions-and-diseases/winter-illness-guide

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here