Diabetic Retinopathy(ဆီးချိုကြောင့် အမြင်အာရုံပျက်စီးခြင်း) (November, 2022)

ဆီးချိုကြောင့် အမြင်အာရုံပျက်စီးခြင်း (Diabetic Retinopathy)

Diabetic Retinopathy ဆိုတာ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးအဖြစ် မြင်လွှာယိုယွင်းပျက်စီးလာခြင်းဖြစ်ပါတယ်။ မျက်လုံးထဲက ပုံရိပ်မြင်အောင်လုပ်ပေးတဲ့မြင်လွှာရဲ့ အလင်းအာရုံခံတစ်သျှူးတွေရဲ့ သွေးကြောလေးတွေ ပျက်စီးသွားလို့ဖြစ်ပါတယ်။

ဆီးချိုအမျိုးအစား Type 1 ရော Type 2 ရောမှာဖြစ်နိုင်ပြီး ဆီးချိုရောဂါရှိတာကြာနေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ကောင်းကောင်းမထိန်းထားနိုင်ဘူးဆိုရင် ဒီပြဿနာကို ခံစားရမှာဖြစ်ပါတယ်။

❓Diabetic Retinopathy ဘာကြောင့်ဖြစ်ရသလဲ

သွေးတွင်းသကြားဓာတ်တွေအရမ်းများတဲ့အခါ မြင်လွှာမှာရှိတဲ့ သွေးကြောလေးတွေပိတ်လာပြီး သွေးမရောက်တော့ပါဘူး။ အဲ့ဒီအခါ မျက်လုံးက ပုံမှန်မဟုတ်တဲ့ သွေးကြောအသစ်တွေ ပွါးများမှုကိုဖြစ်စေပါတယ်။ သွေးကြောအသစ်တွေက ကောင်းမွန်စွာဖွံ့ဖြိုးမှုမရှိဘဲ သွေးတွေယိုစိမ့်လာတတ်ပါတယ်။

Diabetic Retinopathy မှာ Early Diabetic Retinopathy နဲ့ Advanced Diabetic Retinopathy ဆိုပြီး ၂ မျိုးရှိပါတယ်။

Early Diabetic Retinopathy အမျိုးအစားဟာ ပိုအဖြစ်များပြီး သူ့မှာဆိုရင် သွေးကြောအသစ်တွေပွါးလာတာမျိုးမဟုတ်ဘဲ မြင်လွှာရဲ့သွေးကြောနံရံလေးတွေက ဖောင်းလာပြီး မြင်လွှာထဲကို အရည်တွေ သွေးတွေယိုစိမ့်ပါတယ်။ သွေးကြောပိတ်တဲ့အနည်းအများပေါ်မူတည်ပြီး ရောဂါလက္ခဏာအပြင်း၊ အပျော့ ကွာခြားနိုင်ပါတယ်။

Advanced Retinopathy အမျိုးအစားမှာဆိုရင်တော့ ပုံမှန်မဟုတ်တဲ့ လျော့ရဲနေတဲ့သွေးကြောအသစ်တွေပွားလာပြီး မျက်လုံအလယ်ကို အရည်တွေ ဂျယ်လီပုံစံအတုံးလေးတွေ စိမ့်ဝင်လာပြီး ရောဂါလက္ခဏာကလည်း ပြင်းထန်နိုင်ပါတယ်။ နောက်ဆုံးမှာတော့ မြင်လွှာကွာကျပြီး မျက်စိကွယ်သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။

Diabetic Retinopathy ရဲ့ ရောဂါလက္ခဏာတွေက အစပိုင်းမှာ မသိသာပေမယ့် ကုသမှုမခံယူဘဲထားမယ်ဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ အောက်ပါလက္ခဏာတွေ ခံစားလာရနိုင်ပါတယ်။

* အစက်များ၊ အမဲရောင်အမျှင်လေးများ မျောပါနေသည်ကို မြင်ရခြင်း

* အမြင်အာရုံဝေဝါးလာခြင်း

* အမြင်အာရုံမတည်ငြိမ်ခြင်း

* အမဲအကွက်များ မြင်ရခြင်း

* တဖြည်းဖြည်းယိုယွင်းပျက်စီးလာပြီး မျက်စိကွယ်သွားခြင်း

❓ဘယ်လိုလူတွေမှာ ပိုအဖြစ်များသလဲ

* အချိန်ကြာဆီးချိုသွေးချိုရောဂါရှိသူများ

* သွေးတွင်းသကြားဓာတ်မထိန်းနိုင်သူများ

* သွေးတိုးရှိသူများ

* အဝလွန်သူများ

* ကိုယ်ဝန်ဆောင်မိခင်များ

* ဆေးလိပ်သောက်သူများ

❓Diabetic Retinopathy ကို မကုသဘဲထားမယ်ဆိုရင် ဘယ်လို နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရမလဲ

* မျက်လုံးအလယ်ထဲ အရည်များ၊ သွေးများယိုစိမ့်ပြီး အမြင်အာရုံဝေဝါးလာခြင်း

* မြင်လွှာကွာကျခြင်း

* ရေတိမ်ဖြစ်ခြင်း

* မျက်စိကွယ်ခြင်းတို့ ဖြစ်ပါတယ်။

❓Diabetic Retinopathy ကို ဘယ်ဘိုကာကွယ်ကုသကြမလဲ

ဒီဆီးချိုသွေးချိုကြောင့်ဖြစ်တဲ့ မြင်လွှာယိုယွင်းပျက်စီးခြင်းကို အမြဲတော့ကြိုတင်ကာကွယ်လို့မရပါဘူး။ ဒါပေမယ့် မျက်စိအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး မျက်စိပုံမှန်စစ်ဆေးတာ၊ သွေးတွင်းသကြားဓာတ်နှင့် သွေးပေါင်ချိန်ကို ပုံမှန်ထိန်းသိမ်းတာ၊ မျက်စိပြဿနာတွေကို စောစောစီးစီးကုသတာတွေက ဆိုးဆိုးရွားရွားအမြင်အာရုံဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

သင့်မှာ ဆီးချိုသွေးချိုရောဂါရှိနေပြီဆိုရင်တော့ အောက်ပါအချက်တွေကိုလိုက်နာပြီး ကြိုတင်ကာကွယ်နိုင်ပါတယ်။

* သွေးတွင်းသကြားဓာတ်ကို ကောင်းစွာထိန်းချုပ်ရပါမယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေစားပြီး ကိုယ်လက်လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ရပါမယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း မကြာခဏတိုင်းပြီး စစ်ဆေးရပါမယ်။

* Hb A1C လို့ခေါ်တဲ့ သွေးတွင်းသကြားဓာတ်ကိုလည်း စစ်ဆေးသင့်ပါတယ်။

* သွေးပေါင်ချိန်နှင့် ကိုယ်အလေးချိန်ကိုလည်း ပုံမှန်ထိန်းထားရပါမယ်။

* ဆေးလိပ်သောက်သူဆိုရင်တော့ လုံးဝဖြတ်ဖို့ ကြိုးစားရပါမယ်။

* အမြင်အာရုံတစ်ခုခုချို့ယွင်းလာတာရှိရင် ဆရာဝန်နှင့် အမြန်ဆုံးပြသတိုင်ပင်ဆွေးနွေးရပါမယ်။

ဆီးချိုရောဂါဟာ ကောင်းမွန်စွာကုသထိန်းသိမ်းမှုမရှိဘူးဆိုလျှင် အမြင်အာရုံဆုံးရှုံးနိုင်တဲ့ Diabetic Retinopathy အပြင် အခြားနောက်ဆက်တွဲဆိုးကျိုးတွေ များတာကြောင့် သေချာကုသမှုခံယူသင့်ပါတယ်။

Reference: ????
https://www.mayoclinic.org/…/symptoms-causes/syc-20371611

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#diabetes#retinopathy

Ministry of Health,

National Unity Government.

Published on: 19 November 2022
Last Updated: 19 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းကိုလက်စထရော ကျဆင်းစေရန် ဘယ်လိုဆင်ခြင်စားသောက်သင့်သလဲ

သွေးတွင်းကိုလက်စထရော များနေတာတွေ အသက်၂၀ ကျော်လေးတွေမှာတောင် အခုတလော အတွေ့များလာရပါတယ်။ သွေးတွင်းကိုလက်စထရောများခြင်းကို ဘာလို့ ဆရာ၀န်တွေအရေးတယူ ပြောကြလဲဆိုရင်ဖြင့် နှလုံးသွေးကြောကျဥ်းခြင်းအပါအဝင် အခြားသွေးကြောများကျဥ်းခြင်းကို ပိုဖြစ်နိုင်စေလို့ပါ။ ဒါနဲ့အတူ သွေးတိုး၊ ဆီးချိုစတာတွေနဲ့ အတူတွဲနေရင်တော့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေများလာပါတယ်။ ဒီတော့ အစားအစာထဲမှာ ဘယ်လိုဆင်ခြင်စားသောက်ရင် သွေးတွင်းကိုလက်စထရော ကျစေနိုင်မလဲဆိုတာ ဖော်ပြပေးသွားပါမယ်။…… ကိုလက်စထရောဟာ...

ကိုယ်ဝန်ဆောင်ကာစ ပျို့အန်ခြင်း Morning Sickness and Hyperemesis Gravidarum

Morning Sickness and Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စမှာ ပျို့အန်ခြင်းပေါ့ ။ ရုပ်ရှင်တွေထဲမှာလည်း မြင်ဖူးကြပါတယ်။ မင်းသမီး ကိုယ်ဝန်ရသွားပြီလို့ ပြချင်ရင် ပျို့အန်ပြလိုက်တာပဲလေ။ အရပ်ခေါ်တော့ ဝမ်းကြီးနာစွဲတယ်လို့ ခေါ်ကြတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ ပျို့တယ်၊ အန်တယ်၊ အစားအသောက်ပျက်တယ်၊ အစားအသောက်ရွေးတယ်၊ ချဉ်ချင်းတပ်တယ်၊ မူးတယ်မော်တယ် စသည်ဖြင့်ပေါ့။ ဒီရောဂါက ကိုယ်ဝန်သည်တစ်ယောက်နဲ့...

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ တိုက်ဖိုက်မျိုးစိတ် Salmonella ရောဂါပိုးအကြောင်း

Salmonella ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ Salmonella ကူးစက်မှုရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနဲ့ အော့အန်ခြင်းတို့ပါ။ Salmonella ဘက်တီးရီးယား မျိုးကွဲအမျိုးအစားများစွာရှိပြီး ၎င်းတို့ဟာ တိုက်ဖွိုက်အဖျားနဲ့ အစာအိမ်ရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ Salmonella ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကုသမှုမခံယူဘဲ...

Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းထဲဝင်ခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ

💧ကိုရီးယားစီးရီးတွဲတွေမှာ ရေနွေးကန်ထဲစိမ်တာ၊ ချွေးထုတ်ခန်းထဲဝင်တာတွေ မြင်ဖူးကြမှာပါ။ ဒီလိုလုပ်တာတွေက ဘယ်လိုအကျိုးရှိတယ်၊ ဘယ်လိုတွေ အထောက်အကူပြုတယ်ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ✨ ✨အရင်ဦးဆုံး သူ့ရဲ့အဓိပ္ပာယ်ကို ပြောပြပါမယ်။Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းဆိုတာက ပတ်ဝန်းကျင်ရဲ့အပူချိန်ကို ပြောင်းလဲပြီးတော့ အပူကုထုံးတစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အပူချိန်က များသောအားဖြင့်...