ကိုယ်ဝန်ပျက်ကျခြင်း ( Miscarriage )

▪️ကိုယ်ဝန်ပျက်ကျပြီးတဲ့နောက်မှာ ဒီလိုဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်က ဘာလို့ငါ့မှာ ဖြစ်ရတာလဲဆိုပြီး တွေးမိတတ်ကြပါတယ်။ သင်သိထားသင့်တာကတော့ သင်ကအမှားတစ်ခုခုလုပ်လို့ ဖြစ်တာမဟုတ်တာမို့ ဝမ်းနည်းနေတာ၊ အပြစ်ရှိတယ်ခံစားရတာမျိုး မဖြစ်ပါနဲ့။

▪️ကိုယ်ဝန်ပျက်ကျခြင်းဆိုတာ ဘာလဲ ?

ကိုယ်ဝန်သက်တမ်း အပတ် ၂၀ မတိုင်ခင် အလိုအလျောက် သန္ဓေသားထွက်ကျခြင်းကို ကိုယ်ဝန်ပျက်ကျခြင်းလို့ခေါ်ပါတယ်။ ကိုယ်ဝန်အပတ် ၂၀ ကျော်သွားရင်တော့ ကလေးအသေမွေးခြင်းလို့ ခေါ်ပါတယ်။ ကိုယ်ဝန်ပျက်ကျတဲ့အခါမှာ သန္ဓေသားရော တခြားကိုယ်ဝန်အစိတ်အပိုင်းတွေရော ထွက်လာတာဖြစ်နိုင်သလို အချို့အစိတ်အပိုင်းတွေ ကျန်ခဲတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

▪️ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ပတ်သက်ပြီး ထူးခြားတဲ့အချက်အလက်တွေကတော့….

* ကိုယ်ဝန်ဆောင် ၄ ဦးမှာ ၁ ဦးဟာ ကိုယ်ဝန်ပျက်ကျတတ်ပါတယ်။

* အချို့ဟာ ကိုယ်ဝန်ရှိပြီးပြီးချင်း ပျက်ကျတတ်လို့ သတိမထားမိဘဲ ဓမ္မတာစက်ဝန်း မမှန်တာလို့ပဲ ထင်တတ်ကြပါတယ်။

* အများဆုံးဖြစ်တတ်တာကတော့ ကိုယ်ဝန်သက်တမ်း ၁၂ ပတ်မှာ ကိုယ်ဝန်ပျက်ကျတတ်ပါတယ်။

▪️ကိုယ်ဝန်ပျက်ကျခြင်း လက္ခဏာတွေကတော့….

ပထမဆုံးလက္ခဏာကတော့ မိန်းမကိုယ်ကနေ သွေးဆင်းခြင်းပဲဖြစ်ပါတယ်။ နည်းနည်းပဲဆင်းတာဖြစ်နိုင်သလို အများကြီးဆင်းတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီအဆင့်ကို ကိုယ်ဝန်ပျက်ကျဖို့ ခြိမ်းခြောက်တဲ့အဆင့် ( threatened miscarriage ) လို့ခေါ်ပါတယ်။ နောက်ထပ် ဗိုက်ရစ်နာလာပြီး မိန်းမကိုယ်ကနေ တစ်သျှူးအပိုင်းအစများပါ ထွက်ကျလာတတ်ပါတယ်။ သန္ဓေသားတစ်သျှူးအပိုင်းအစတွေအကုန် ထွက်လာတာဖြစ်နိုင်သလို အချို့ကျန်ခဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

▪️ကိုယ်ဝန်ပျက်ကျစေတဲ့ အကြောင်းအရင်းတွေကတော့….

အများစုကတော့ အကြောင်းအရင်း သေချာမသိရပါဘူး။ ဒါပေမယ့်လည်း ကိုယ်ဝန်ပျက်ကျခြင်း အဓိကအကြောင်းအရင်းမှာတော့ သန္ဓေသားဖွံ့ဖြိုးမှုပုံမမှန်ခြင်း ဖြစ်ပါတယ်။ ဒီလိုသန္ဓေသားဖွံ့ဖြိုးမှုပုံမမှန်တာက မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သလို ကိုယ်ဝန် ၁၂ ပတ်အတွင်းမှာ သန္ဓေသားကိုထိခိုက်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုးဝင်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ အချို့ကိစ္စတွေမှာတော့ သားအိမ်ပုံမှန်မဟုတ်ဘဲ သန္ဓေသားလောင်းဟာ သားအိမ်နံရံကို မကပ်တွယ်နိုင်တာကြောင့် ဖြစ်ပါတယ်။ မိခင်မှာ သွေးမခဲတဲ့ရောဂါ ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ Blighted ovum လို့ခေါ်တဲ့ သန္ဓေသားမပါတဲ့ ရေမြွှာအိတ်က သားအိမ်တွင်းမှာ ကြီးထားလာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

▪️ကိုယ်ဝန်ပျက်ကျပြီးနောက် ဘာဆိုးကျိုးတွေ ရှိနိုင်လဲ ?

ပုံမှန်အားဖြင့်တော့ မိခင်ရဲ့ကျန်းမာရေးကို ထိခိုက်စေတာမျိုးမဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သန္ဓေသားအစိတ်အပိုင်းတွေ တစ်သျှူးအပိုင်းအစတွေက သားအိမ်တွင်းမှာကျန်နေမယ်၊ ကုသတာမျိုးလည်းမလုပ်ဘူးဆိုရင်တော့ ပိုးဝင်ခြင်းနှင့် သွေးအားနည်းခြင်းနောက်ဆက်တွဲတွေ ဖြစ်နိုင်ပါတယ်။ အဖျားကြီးခြင်း၊ သွေးဆင်းများခြင်း၊ ဗိုက်အရမ်းအောင့်ခြင်းနှင့် အနံမကောင်းတဲ့အရည်တွေ မိန်းမကိုယ်ကဆင်းခြင်း စတဲ့လက္ခဏာတွေရှိနေရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့လိုပါမယ်။ ကိုယ်ဝန်ပျက်ကျပြီး စိတ်ဓာတ်ကျတာမျိုးခံစားနေရမယ်ဆိုရင်တော့ စိတ်ရောဂါကုထုံးတွေ လိုအပ်နိုင်ပါတယ်။

▪️ကိုယ်ဝန်ပျက်ကျဖူးတဲ့လူတွေမှာ နောက်ထပ်ပျက်ကျနိုင်ခြေရှိလား ?

ကိုယ်ဝန်ပျက်ကျဖူးခြင်းဟာ နောက်ထပ်ကိုယ်ဝန်ပျက်ကျနိုင်ခြေရှိတယ်လို့ မဆိုလိုပါဘူး။ နောက်ထပ်ကိုယ်ဝန်ပျက်ကျတာကို ကာကွယ်ဖို့ အထူးကုသနည်းဆိုတာလည်း မရှိပါဘူး။ အကြံပေးချင်တာကတော့ ကျန်းမာအောင်နေပြီး အရက်၊ ဆေးလိပ်နဲ့ အချို့တားမြစ်ဆေးဝါးသောက်သုံးခြင်းတွေကို ရှောင်ရှားရပါမယ်။

▪️ကိုယ်ဝန်ပျက်ကျတဲ့အခါ ဘယ်လိုကုသမှုတွေ ခံယူရမလဲ ?

Dilation and Curettage လို့ခေါ်တဲ့ သားအိမ်တွင်းအကြွင်းအကျန်တွေကို သန့်ရှင်းဖို့ ခွဲစိတ်မှုအသေးစားလုပ်ရပါမယ်။ အချို့ကတော့ ဆရာဝန်နဲ့ဆွေးနွေးပြီး သဘာဝအတိုင်း အကြွင်းအကျန်တွေထွက်လာတာကို စောင့်ကြပါတယ်။ အကယ်လို့ သွေးဆင်းတာက မရပ်သွားဘူးဆိုရင်တော့ Dilation and Curettage လုပ်ဖို့ လိုအပ်ပါမယ်။ အခြားကုသမှုအနေနဲ့ကတော့ အကိုက်အခဲပျောက်ဆေးသောက်ခြင်း၊ သွေးစစ်ခြင်း၊ ultrasound ရိုက်ခြင်း၊ Rh သွေးအမျိုးအစားစစ်ခြင်းနှင့် အနားယူခြင်းတို့ ဖြစ်ပါတယ်။

▪️ကိုယ်ဝန်ပျက်ကျပြီး ဘယ်လောက်အကြာမှာ နောက်ကိုယ်ဝန်အတွက် ကြိုးစားသင့်သလဲ ?

အကောင်းဆုံးကတော့ နောက်ရာသီ ပုံမှန်တစ်ကြိမ်လာပြီးမှ ကြိုးစားသင့်ပါတယ်။ ကိုယ်ဝန်ပျက်ကျပြီးနောက် ရာသီလာတဲ့အခါ သွေးဆင်းများတတ်ပြီး ပုံမှန်မဟုတ်တာမျိုး ကြုံနိုင်ပါတယ်။ နောက်ထပ်မကြိုးစားခင် ကိုယ့်ရဲ့ခန္ဓာကိုယ်က ကျန်းမာပြီး အဆင်သင့်ဖြစ်နေဖို့တော့ လိုအပ်ပါမယ်။

Reference: ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.8

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.