လည်ပင်းကြီးရောဂါ ( Goitre )

လည်ပင်းကြီးရောဂါဟာ သိုင်းရွိုက်ဂလင်း ပုံမှန်မဟုတ်ဘဲ ကြီးထွားလာတဲ့အခြေအနေတစ်ခုပါ။ သိုင်းရွိုက်ဂလင်းတစ်ခုလုံး ကြီးတာဖြစ်နိုင်သလို တစ်စိတ်တစ်ပိုင်းပဲ ကြီးတာလည်း ဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းဆိုတာက လည်ပင်းအောက်နားက လေပြွန်ရှေ့မှာရှိတဲ့ လိပ်ပြာပုံစံ ဂလင်းပဲ ဖြစ်ပါတယ်။

????လည်ပင်းကြီးရောဂါ အမျိုးအစားတွေကတော့ ….
(၁) Diffuse smooth goitre

ဒီအမျိုးအစားမှာတော့ သိုင်းရွိုက်ဂလင်းတစ်ခုလုံး ကြီးလာတာဖြစ်ပြီး အလုံးရဲ့ မျက်နှာပြင်ကို စမ်းကြည့်ရင်လည်း ချောမွေ့နေတတ်ပါတယ်။ ဒီအမျိုးအစားကို ဖြစ်စေတဲ့ အကြောင်းအရင်းအချို့ကတော့

* Grave’s disease လို့ခေါ်တဲ့ autoimmune disorder ရောဂါ — သိုင်းရွိုက်ဟော်မုန်းတွေ ထုတ်တာများပြီး ဂလင်းက ကြီးလာခြင်း ဖြစ်ပါတယ်။

* အိုင်အိုဒင်းဓာတ် ချို့တဲ့ခြင်း — နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှာ အိုင်အိုဒင်းဓာတ်နည်းနေတဲ့အခါ ဂလင်းက ဟော်မုန်းအလုံအလောက် ထုတ်ပေးနိုင်ဖို့ ပိုအလုပ်လုပ်ရတဲ့အတွက် ဂလင်းက ကြီးလာခြင်းဖြစ်ပါတယ်။

* သိုင်းရွိုက်ဂလင်းရောင်ခြင်း ( thyroiditis ) — ဗိုင်းရပ်စ်ပိုးကြောင့် ဂလင်းရောင်တဲ့အခါမှာလည်း ကြီးတတ်ပါတယ်။

* မျိုးရိုးလိုက်ခြင်း — မိသားစုမျိုးရိုးကြောင့်လည်း လည်ပင်းကြီးရောဂါ ဖြစ်တတ်ပါတယ်။

(၂) Nodular goitre

သိုင်းရွိုက်ဂလင်းမှာ အဖုလုံးလေးတွေ ဖြစ်လာပြီး ဂလင်းကြီးလာတာဖြစ်ပါတယ်။ Nodular goitre အမျိုးအစားတွေကတော့

* Single nodule — ပုံမှန်အားဖြင့် အလုံးတစ်လုံးပဲ သိသိသာသာကြီးလာခြင်း ဖြစ်ပါတယ်။ ဥပမာအနေနဲ့ကတော့

  • adenoma ( ကင်ဆာမဟုတ်သော အစိုင်အခဲ အလုံးအကျိတ်တွေ )
  • cyst ( ကင်ဆာမဟုတ်သော ရေအိတ် အကျိတ်တွေ )
  • ကင်ဆာအလုံးအကျတ်တွေပဲ ဖြစ်ပါတယ်။

* Multi-nodular goitre — သိုင်းရွိုက်ဂလင်းမှာ အလုံးအကျိတ်တွေ အများကြီးပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီအလုံးအကျိတ်တွေပေါ်လာရခြင်း အကြောင်းအရင်းကိုတော့ တိတိကျကျ မသိရပါ။

????လည်ပင်းကြီးရောဂါရဲ့ လက္ခဏာတွေကတော့ …..

* လည်ပင်းအောက်ခြေတွင် အလုံးအကျိတ် ပေါ်လာခြင်း

* လည်ချောင်းတွင် တင်းကျပ်သလို ခံစားရခြင်း

* အစာစားလျှင် မျိုချရခက်ခြင်း

* အသက်ရှူရခက်ခြင်း

* အသံအက်လာခြင်း၊ အသံပြောင်းလာခြင်း

* သိုင်းရွိုက်ဂလင်းရောင်တဲ့သူတွေမှာတော့ လည်ပင်းနာတာ၊ အောင့်တာ ခံစားရခြင်း

* သိုင်းရွိုက်ဟော်မုန်းများသော Hyperthyroidism လက္ခဏာများ၊ သိုင်းရွိုက်ဟော်မုန်းနည်းသော Hypothyroidism လက္ခဏာများ ခံစားရခြင်း တို့ဖြစ်ပါတယ်။

????လည်ပင်းကြီးရောဂါကို ဘယ်လို စစ်ဆေးကြမလဲ ?

* သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်မှုတွေကို စစ်ဆေးဖို့ thyroid function test စစ်ခြင်း

* အာထရာဆောင်းရိုက်ခြင်း

* အသားစယူ၍ စစ်ဆေးခြင်း

* ရေဒီယိုသတ္တိကြွအိုင်အိုဒင်း scan ဖတ်ခြင်း

* ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း

????လည်ပင်းကြီးရောဂါကို ဘယ်လိုကုသကြမလဲ ?

ဘယ်လိုကုသမလဲကတော့ လည်ပင်းအကျိတ်ရဲ့ အရွယ်အစား၊ ဖြစ်ရတဲ့ အကြောင်းအရင်းနှင့် ဘာလက္ခဏာတွေ ခံစားရလဲပေါ်မူတည်ပြီး ဆုံးဖြတ်ရပါတယ်။

လည်ပင်းအကျိတ်က အရမ်းလည်းမကြီးဘူး၊ ကင်ဆာလည်းမဟုတ်ဘူး၊ ဂလင်းရဲ့လုပ်ဆောင်မှုတွေကိုလည်း လုပ်ဆောင်နိုင်နေသေးတယ်ဆိုရင် ကုသမှုဟာ လိုချင်မှ လိုနိုင်ပါမယ်။ အချို့မှာတော့ ခွဲစိတ်မှုလုပ်ပြီး သိုင်းရွိုက်ဂလင်း ဖယ်ထုတ်ရန် လိုအပ်နိုင်ပါတယ်။

အိုင်အိုဒင်းချို့တဲ့လို့ဖြစ်ရတာဆိုရင်တော့ အိုင်အိုဒင်းပြန်ဖြည့်ဖို့ ဆေးသောက်တာ၊ အိုင်အိုဒင်းကြွယ်ဝတဲ့အစားအသောက်စားတာတွေ လုပ်ရပါမယ်။ သိုင်းရွိုက်ဟော်မုန်းပြဿနာရှိတဲ့လူတွေကတော့ ဆေးသောက်တာ၊ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းသောက်ဆေး သောက်တာတွေ လုပ်ရပါမယ်။

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.277

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.