ကာလသားရောဂါ တဖြစ်လည်း Syphilis

???? ကာလသားရောဂါဆိုတာ ဘာလဲ?

ကာလသားရောဂါဆိုတာ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတစ်မျိုးပါ။ သေချာကုသမှုမခံယူရင် နောက်ဆက်တွဲပြဿနာများပြီး ပြင်းထန်ပါတယ်။

???? ဘယ်လိုကူးစက်နိုင်ပါသလဲ?

Syphilis အနာနဲ့ ပုံမှန်လိင်ဆက်ဆံစဉ်/ စအိုလမ်းကြောင်းသုံးစဉ်/ပါးစပ်ကိုသုံးစဉ် (vaginal/anal/oral) ထိစပ်မိပါက ကူးနိုင်ပါတယ်။

????ဒါတွေကြောင့်တော့ မကူးပါဘူး…

– အိမ်သာကမုတ်

– တံခါးလက်ကိုင်

– ရေကူးကန်

– ရေချိုးကန်

– ရေပူကန်

– အ၀တ်အစားနဲ့ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းတွေ မျှဝေသုံးစွဲတာတွေကနေတော့ မကူးပါဘူး။

????ကိုယ့်ကို Syphilis မကူးအောင် ဘယ်လိုကာကွယ်လို့ရမလဲ?

လိင်ကြောင့်ကူးစက်တတ်တဲ့ရောဂါတွေကို ၁၀၀%ကာကွယ်ချင်ရင်တော့ ဘယ်နည်းနဲ့မှ လိင်မဆက်ဆံပါနဲ့။

တကယ်လို့ ကိုယ်က sexually activeဆိုရင်တော့ အောက်ပါဖော်ပြထားတာလေးတွေ လိုက်နာနိုင်ရင် ကူးနိုင်​ချေ လျော့ချနိုင်မှာပါ။

(၁) ကာလသားရောဂါ စစ်ဆေးပြီး ရောဂါမရှိသော အဖော်နဲ့ တစ်လင်တစ်မယားစနစ်ကျင့်သုံးရင်

(၂) လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးရင်

ကွန်ဒုံးသုံးခြင်းက syphilis အနာကနေ ကာလသားရောဂါ ကူးစက်ခြင်းကနေ ကာကွယ်ပေးပါတယ်။ ဒါပေမယ့် တချို့ ကွန်ဒုံးနဲ့ မကာကွယ်မိတဲ့ syphilis အနာနဲ့ ထိမိရင်တော့ ကူးနိုင်ပါတယ်။

????ကိုယ်က ဘယ်လို အနေအထားတွေမှာ syphilis ကူးနိုင်တဲ့ အလားအလာရှိပါလဲ?

ကာလသားရောဂါပိုးရှိသော အဖော်နဲ့ ကွန်ဒုံးမသုံးဘဲ တစ်နည်းနည်းနဲ့ လိင်ဆက်ဆံရင် (vaginal/anal or oral) ကူးနိုင်ပါတယ်။

????တကယ်လို့ ကိုယ်က sexually active ဖြစ်ရင် ဆရာ၀န် သို့ ကျန်းမာရေး ၀န်ထမ်းကို ပွင့်ပွင့်လင်းလင်းပြောပြပြီး မိမိမှာ ကာလသားရောဂါနဲ့ အခြား လိင်မှတ‌စ်ဆင့်ကူးစက်တတ်သောရောဂါပိုးတွေ ရှိမရှိ စစ်ဖို့ လိုမလို တိုင်ပင်ပါ၊ မေးပါ။

????တကယ်လို့ ကိုယ်က sexually active ဖြစ်ပြီး

– လိင်တူ ဆက်ဆံရင် (သို့) လိင်နှစ်မျိုးလုံး ဆက်ဆံရင်

– HIV ပိုးရှိရင်

– HIV မကူးအောင် လိင်မဆက်ဆံခင်တိုင်း ကာကွယ်ဆေး (PrEP-pre exposure prophylaxis) သောက်နေရင်

– ကာလသားရောဂါပိုးရှိတဲ့ အဖော်ရှိနေရင် –> ကာလသားရောဂါပိုးကို ပုံမှန်စစ်သင့်ပါတယ်။

ကိုယ်၀န်ဆောင်တိုင်းလည်း ပထမဆုံးအကြိမ် ဗိုက်အပ်တဲ့အခါမှာ ကာလသားရောဂါရှိမရှိ စစ်သင့်ပါတယ်။ လိုအပ်ရင် ကိုယ်၀န် (၂၈) ပါတ်နဲ့ မွေးတဲ့အချိန်မှာ ထပ်စစ်သင့်ပါတယ်။

????ကိုယ်၀န်ဆောင်မိခင်တွေ အနေနဲ့ ကာလသားရောဂါက မိမိတို့ရင်သွေးကို ဘယ်လို ဆိုးကျိုးဖြစ်စေနိုင်လဲ သိပါရစေ။

မိခင်မှာ ကာလသားရောဂါရှိရင် ကလေးကို ကူးနိုင်ပါတယ်။ ပေါင်မပြည့် ကလေးလေးမွေးနိုင်ပါတယ်။ လမစေ့ဘဲ စောမွေးနိုင်ပါတယ်။ ကလေး အသေလေး မွေးနိုင်ပါတယ်။ ဒါကြောင့် ဗိုက်အပ်ကတည်းက ကာလသားရောဂါရှိမရှိ စစ်သင့်ပါတယ်။ ရှိရင် ကုသမှုခံယူသင့်ပါတယ်။

ကလေးကို ကူးခဲ့ရင်လည်း မွေးမွေးချင်း လက္ခဏာမပြတာလည်း ရှိနိုင်ပါတယ်။ အဲတာကို ပေါ့ဆပြီး ကလေးကိုထိရောက်တဲ့ ကုသမှု မပေးခဲ့ရင် ရက်သတ္တပါတ်အနည်းငယ်အကြာမှာ ကလေးအတွက် ဆိုးဆိုးဝါးဝါးပြဿနာပေးလာနိုင်ပါတယ်။ တချို့ဆို မျက်စိတိမ်စွဲတာ၊ နားမကြားတော့တာ၊ အတက်ရောဂါ (သို့) အသက်ဆုံးရှုံးသည်အထိဖြစ်နိုင်ပါတယ်။

????ဒါဆို ကာလသားရောဂါဖြစ်ရင် ဘယ်လိုတွေခံစားရနိုင်ပါသလဲ?

ကာလသားရောဂါက ရောဂါဖြစ်စဉ် အဆင့်ဆင့်ရှိပါတယ်။ ပထမအဆင့် (primary)၊ ဒုတိယ အဆင့်( secondary) ၊ ရောဂါခဏငုပ်သောအဆင့်( latent) ၊ တတိယအဆင့် (tertiary) ဆိုပြီး ရှိပါတယ်။

????ပထမအဆင့်(primary syphilis)

ပထမအဆင့်မှာတော့ ကိုယ်ကူးတဲ့နေရာမှာ အနာဖြစ်တာပါ။ တစ်ခုထဲဖြစ်နိုင်သလို အများကြီးလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- အမျိုးသားအင်္ဂါ(penis)၊ အမျိုးသမီး အင်္ဂါ(vagina)၊ စအို (anus)၊ အူမကြီး (rectum)၊ နှုတ်ခမ်း (lips)၊ ပါးစပ် (mouth) စတဲ့နေရာတွေမှာ ဖြစ်နိုင်ပါတယ်။

အနာတွေက အများအားဖြင့် နည်းနည်း မာတာတာ၊ ခပ်ဝိုင်းဝိုင်းနဲ့ မနာတတ်ပါဘူး။ မနာတတ်တော့ သတိမထားမိတတ်ပါဘူး။ အဲဒီအနာတွေက ဆေးကုသည်ဖြစ်စေ မကုသည်ဖြစ်စေ ‌၃-၆ပါတ်အတွင်းကျက်ပါတယ်။ အနာပျောက်သွားရင်တောင် ကုသမှု ဆက်လက်ခံယူရမှာပါ။

အဲလိုကုသမှသာ ဒုတိယအဆင့်ကို ဆက်မကူးမှာဖြစ်ပါတယ်။

????ဒုတိယအဆင့် (secondary syphilis)

ဒုတိယအဆင့် ရောက်ရင်တော့ အရေပြားမှာ အနီကွက်တွေ၊ ပါးစပ်၊ မိန်းမကိုယ်နဲ့ စအိုမှာ အနာတွေ ဖြစ်တတ်ပါတယ်။ ဒီအဆင့်က အထူးသဖြင့် အနီကွက်၊ အနီပြင်တွေ ခန္ဓာကိုယ်မှာ ပေါ်လာတာပါ။

ပထမအဆင့်အနာတွေ သက်သာသာချင်း (သို့) သက်သာပြီး ရက်သတ္တပါတ်အတော်ကြာမှာ ပေါ်လာတတ်ပါတယ်။ အဲဒီ အနီပြင်တွေက ထူးထူးခြားခြား ခြေဖဝါး၊ လက်ဖဝါးမှာ ပေါ်တတ်ပါတယ်။ ကြည့်ရင် အနီ သို့ နီညိုရောင်၊ ခပ်ကြမ်းကြမ်း ပုံပေါ်ပါတယ်။ အဲ့အနီပြင်တွေက allergic ကြောင့်ဖြစ်တဲ့အနီပြင်တွေလို မယားပါဘူး။ တစ်ခါတလေ ခပ်မှိန်မှိန်ပဲမို့ သတိမထားမိဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီအနီပြင်တွေပေါ်တာအပြင် အောက်ပါ လက္ခဏာတွေပါ ခံစားရတတ်ပါတယ်။

– ဖျားတယ်
– အကျိတ်တွေကြီးတယ်
– လည်ချောင်းနာတယ်
– အမွှေးတွေ ကျွတ်တတ်တယ်
– ခေါင်းကိုက်တတ်တယ်
– ပိန်သွားတယ်
– ကြွက်သားတွေနာတယ်
– နုံးတယ်

ကုသမှုသေချာခံယူရင်တော့ ဒီလက္ခဏာတွေသက်သာပြီး ပျောက်ကင်းသွားမှာပါ။ သေချာကုသမှုမခံရင်တော့ ခု ဒုတိယအဆင့်ကနေ ရောဂါငုပ်တဲ့အဆင့် ၊ ပြီးတော့ တတိယအဆင့်ကို ဆက်ကူးသွားမှာပါ။

????ရောဂါငုပ်တဲ့ အဆင့် (latent stage)

ဒီအဆင့်ကတော့ရောဂါငုပ်နေပြီး ဘာလက္ခဏာမှ မပြတတ်ပါဘူး။ ဆေးကုသမှုမခံယူရင်တော့ ကာလသားရောဂါပိုးဟာ နှစ်ပေါင်းများစွာ ခန္ဓာကိုယ်ထဲ ဆက်ရှိနေတော့မှာပါ။

????တတိယအဆင့် ( tertiary syphilis)

ကုသမှု မခံယူထားရင်တောင် ကာလသားရောဂါလူနာအများစုက တတိယအဆင့်ကို မပြောင်းတတ်ပါဘူး။ ဒါပေမယ့် တကယ်ဖြစ်ပြီဆိုရင်တော့ နှလုံး၊ သွေးကြော၊ ဦးနှောက်နဲ့ အာရုံကြော‌တွေပါ ထိနိုင်ပါတယ်။

ဒီတတိယအဆင့်ကာလသားရောဂါက ပြင်းထန်ပါတယ်။ ကာလသားရောဂါကူးပြီး ၁၀နှစ်ကနေ အနှစ်၃၀ အတွင်း ဖြစ်တတ်ပါတယ်။ သူထိခိုက်စေတဲ့ ကိုယ်အင်္ဂါတွေကိုပျက်စီးစေပြီး အသက်သေစေနိုင်ပါတယ်။ ဆရာ၀န်တွေက ဒါဟာ တတိယအဆင့်ကာလသားရောဂါဆိုတာကို စစ်ဆေးမှုတွေအပြီးမှာ သိရှိနိုင်ပါတယ်။

အထက်ပါ မည်သည့်အဆင့်မှာမဆို ပြနိုင်တဲ့ ကာလသားရောဂါရဲ့အဖြစ်များတဲ့ လက္ခဏာတွေကဝောာ့

????ဦးနှောက်နဲ့ အာရုံကြော‌ထိသောကာလသားရောဂါ (Neurosyphilis)

– ခေါင်းအရမ်းကိုက်
– ကြွက်သားအားနည်း၊ လှုပ်ရှားမှုအားနည်း
– အာရုံမစိုက်နိုင်၊ အာရုံထွေပြား၊ မှတ်ဉာဏ်တွေမကောင်းတို့ ဖြစ်နိုင်ပါတယ်။

????မျက်စိထိသော ကာလသားရောဂါ (ocular syphilis)

– မျက်လုံးအောင့်၊ နီ
– အမြင်အာရုံ ပြောင်းသွား (သို့) မမြင်ရတော့တဲ့အထိ ဖြစ်နိုင်ပါတယ်။

????နားထိသော ကာလသားရောဂါ (otosyphilis)

– အကြားအာရုံပျောက်ဆုံးသွားမယ်
– နားထဲ အသံတေ ညံစီနေမယ် (tinnitus)
– မူးဝေမယ်၊ ချာချာလည်အောင်မူးမယ် စသဖြင့် ခံစားရနိုင်ပါတယ်။

????ကာလသားရောဂါရှိတာ ဘယ်လိုသိနိုင်မလဲ?

အများစုကတော့ သွေးစစ်(VDRL, TPHA) ပြီး သိနိုင်ပါတယ်။ အချို့ကတော့ အနာက သားငန်ရည်ကိုယူပြီးစစ်ကြပါတယ်။

????ကာလသားရောဂါက ကုလို့ပျောက်ပါသလား?

ကာလသားရောဂါဟာ ကျန်းမာရေး၀န်ထမ်းက ညွှန်ကြားထားတဲ့အတိုင်း မှန်ကန်ထိရောက်တဲ့ပိုးသတ်ဆေးကို သေချာသောက်ရင် ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ပိုးကြောင့်ဖြစ်တဲ့ အနာ၊ ကိုယ်အင်္ဂါကိုတော့ အကောင်းအတိုင်းပြန်မဖြစ်စေနိုင်ပါဘူး။

????တစ်ခါ အပျောက်ကုပြီးရင် ထပ်ဖြစ်နိုင်ပါသလား?

ကာလသားရောဂါတစ်ခါဖြစ်ဖူးရုံနဲ့ နောက်ထပ်မဖြစ်အောင် ခုခံအား မပေါ်သလို၊ တစ်ခါအပျောက်ကုပြီးလည်း မဆင်ခြင်ရင် ထပ်ဖြစ်နိုင်ပါတယ်။ ရောဂါရှိမရှိကတော့ စစ်ဆေးမှ သေချာသိမှာပါ။ ရောဂါပျောက်ကင်းမှုရှိမရှိကလည်း ဆရာ၀န်ညွှန်ကြားထားတဲ့အတိုင်း ပြန်စစ်ဖို့ လိုပါတယ်။

ခြုံငုံ အကြံပြုရရင် မိမိအတူနေအဖော်မှာ ကာလသားရောဂါရှိ/မရှိက မသိသာပါဘူး၊ အနာတွေရှိမရှိဆိုတာကလည်း တစ်ခါတလေ မြင်ရခဲပါတယ်။ ဒါကြောင့် မိမိအတူနေအဖော်က ကာလသားရောဂါရှိ/မရှိ မစစ်ဘူး (သို့) ကုသမှုမခံယူထားဘူးဆိုရင် မိမိမှာ နောက်တကြိမ် ထပ်ဖြစ်နိုင်ပါတယ်။ တစ်ယောက်ဖြစ်ရင် နှစ်ယောက်လုံးစစ်ပါ။ ရှိရင် သေချာကုပါ ပျောက်ပါတယ်လို့ ပြောကြားလိုပါတယ်။

Reference ????
https://www.cdc.gov/std/syphilis/stdfact-syphilis.htm

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.