ဆိတ်သား၊အမဲသား ချက်ပြုတ်စားသောက်ရာမှာ ဆင်ခြင်သတိပြုရမယ့် ဒေါင့်သန်းရောဂါ (anthrax)

ဒေါင့်သန်းရောဂါဆိုတာဟာ Bacillus anthracis ဆိုတဲ့ ဘက်တီးရီးယားရောဂါပိုးရှိနေတဲ့ တိရစ္ဆာန်တွေကနေတစ်ဆင့် ရောဂါပိုးဝင်ရောက်ရာမှ ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။

ဘာကြောင့် ဒီရောဂါ ဖြစ်ရသလဲ ?

ဒေါင့်သန်းရောဂါဟာ အများအားဖြင့် သိုး၊ ဆိတ်၊ ကျွဲ ၊ နွား အစရှိတဲ့ ခွာရှိတိရစ္ဆာန်တွေမှာ ဖြစ်ပွားလေ့ရှိပါတယ်။ ကူးစက်တိရစ္ဆာန်တွေနဲ့ ထိတွေ့မိတဲ့ လူတွေမှာလည်း ဒေါင့်သန်းရောဂါ ဖြစ်ပွားနိုင်ပါတယ်။

ဘယ်လို ကူးနိုင်သလဲ ?

ရောဂါပိုးဝင်ရောက်ပြီး ကူးစက်နိုင်တဲ့ အဓိက နည်းလမ်း (၃)မျိုး ရှိပါတယ်။

(၁) အရေပြားကတစ်ဆင့် ထိတွေ့မိရာက ကူးစက်ခြင်း (cutaneous)

(၂) အသက်ရှူလမ်းကြောင်းကတစ်ဆင့် ရှူမိရာက ကူးစက်ခြင်း (inhalation) နဲ့

(၃) အစာလမ်းကြောင်းကတစ်ဆင့် စားသောက်ရာက ကူးစက်ခြင်း (eating) ဖြစ်ပွားနိုင်ပါတယ်။

၁။ အရေပြား ဒေါင့်သန်းရောဂါ

အတွေ့ရအများဆုံး ကူးစက်နည်းလမ်း ဖြစ်ပါတယ်။

**** ဒေါင့်သန်းရောဂါပိုးဟာ အရေပြားမှာ ပေါက်ပြဲနေတဲ့ ဓားရှရာ၊ ကုတ်ရာ၊ ခြစ်ရာတွေကနေတစ်ဆင့် ကိုယ်ခန္ဓာထဲကို ဝင်ရောက်လာပါတယ် ****

ရောဂါပိုးရှိနေတဲ့ တိရစ္ဆာန်တွေရဲ့ အညစ်အကြေးတွေ၊ သားရေတွေ၊ အမွှေးအမျှင်တွေ၊ အသား၊ အရိုး၊ သိုးမွေး အစရှိတာတွေနဲ့ ထိတွေ့မိရာက ကူးစက်နိုင်ပါတယ်။

ကူးစက်နိုင်ခြေအများဆုံးရှိတဲ့သူတွေကတော့ ခွာရှိတဲ့တိရစ္ဆာန်တွေနဲ့ နေ့စဉ်ထိတွေ့လုပ်ကိုင်နေရတဲ့ တောင်သူလယ်သမားတွေ၊ ကျွဲ၊နွား၊ဆိတ်၊သိုး၊မြင်း မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေ၊ တိရစ္ဆာန်ဆရာဝန်တွေ ဖြစ်ကြပါတယ်။

အိမ်မှာ ချက်ပြုတ်စားသောက်ရာမှာလည်း ကိုယ့်အရေပြားမှာ ပေါက်ပြဲနေတာရှိရင် ရောဂါပိုးရှိနေတဲ့အသားတွေကို ဆေးကြောပြင်ဆင်ချိန်မှာ ကူးစက်နိုင်ပါတယ်။

၂။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဒေါင့်သန်းရောဂါ

ဒေါင့်သန်းရောဂါပိုးရဲ့ Spores တွေကို ရှူမိသွားရင်လည်း ခန္ဓာကိုယ်ထဲကို ရောဂါပိုး ဝင်ရောက်နိုင်ပါတယ်။ ဝင်သွားတိုင်း ရောဂါလက္ခဏာတွေ ပေါ်လာလိမ့်မယ်လို့တော့ မပြောနိုင်ပါဘူး။

ရောဂါပိုး sporesတွေဟာ ခန္ဓာကိုယ်ထဲမှာ ပွားပြီးရင်တော့ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေ ထွက်လာပါတယ်။ အဲဒီအဆိပ်အတောက်တွေကနေ ခန္ဓာကိုယ်တွင်း သွေးယိုစီးခြင်း၊ ရောင်ရမ်းခြင်း၊ တစ်ရှူးအသားစများ ပျက်စီးခြင်း စတဲ့လက္ခဏာတွေ ဖြစ်စေနိုင်ပါတယ်။

ဒီလက္ခဏာတွေပေါ်လာဖို့ spores တွေ ဝင်ရောက်တဲ့အချိန်က စလို့ (၁)ရက်ကနေ (၆)ရက်လောက် အထိ ကြာတတ်ပါတယ်။

၃။ အစာလမ်းကြောင်းဆိုင်ရာ ဒေါင့်သန်းရောဂါ

သူကတော့ ရောဂါပိုးရှိနေတဲ့ အသားကို စားမိရာက ဖြစ်တာပါ။ ကာကွယ်ဆေး ထိုးမထားတဲ့ အသားစိမ်းတွေ၊ မကျက်တကျက် ချက်ပြုတ်ထားတဲ့ အသားတွေကို စားရင်းနဲ့ ကူးစက်နိုင်ပါတယ်။

၄။မူးယစ်ဆေးထိုးသွင်းတဲ့နေရာမှာဖြစ်တဲ့ ဒေါင့်သန်းရောဂါ

မူးယစ်ဆေးသုံးတဲ့သူတွေ ဆေးထိုးလေ့ရှိတဲ့ သွေးကြောနေရာကနေလည်း ဒေါင့်သန်းပိုး ဝင်နိုင်ပါသေးတယ်။

—————————————————————————-

ရောဂါလက္ခဏာများ

ဒေါင့်သန်းပိုး ဝင်ရောက်တဲ့ လမ်းကြောင်းပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေ ကွဲပြားပါတယ်။

– အရေပြားဒေါင့်သန်းဆိုရင်တော့ ကူးစက်ကောင်နဲ့ ထိတွေ့မိပြီး (၁)ရက်ကနေ (၇)ရက်အတွင်း ရောဂါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။

အကောင်ကိုက်ခံရသလို ပုံစံမျိုး ယားယံပြီး အနာဖြစ်လာမယ်။

များသောအားဖြင့် မနာဘဲ ဘေးနားပတ်ဝန်းကျင်မှာ နီနေမယ်။ ရောင်နေမယ်။

အနာဖေးတက်လာမယ်။ အလယ်ခေါင်မှာ မည်းနေမယ်။ (၂)ပတ်အတွင်းမှာ ခြောက်ပြီး အနာဖေး ကွာကျမယ်။

အရေပြားဒေါင့်သန်းရောဂါလို့ သံသယရှိတာနဲ့ စောစောကုသရပါမယ်။ ပိုးက သွေးထဲထိ မပျံ့သွားခင်မှာ ဆေးသောက်တာ ဦးဖို့တော့ တော်တော်လေး အရေးကြီးပါတယ်။

– အဆုတ်ဒေါင့်သန်းဆိုရင်တော့ Sporesတွေကို ရှူမိပြီး အဆုတ်ထဲ ရောက်ရာက စပါမယ်။

ကိုယ်ပူမယ်၊ အဖျားတက်မယ်၊ ခေါင်းကိုက်၊ ချောင်းဆိုး၊ အသက်ရှူကြပ်မယ်၊ ရင်ဘတ်အောင့်တာတွေ ဖြစ်တတ်ပါတယ်။

ပြင်းထန်ရင် နောက်ပိုင်းမှာ ဆက်တိုက် အဖျားကြီးပြီး ရှော့ခ် ရတဲ့အထိ ဖြစ်နိုင်ပါတယ်။

အသက်အန္တရာယ်ရှိတယ်။

– အစာလမ်းကြောင်း ဒေါင့်သန်းဆိုရင်တော့ တစ်ပတ်အတွင်း လက္ခဏာတွေ ပြတတ်ပါတယ်။

ဖျားမယ်၊ ဗိုက်အောင့် ဗိုက်နာမယ်၊ ပါးစပ်မှာ အနာတွေ ပေါက်တတ်တယ်၊ မူးဝေ အော့အန်မယ်၊ ဝမ်းလျှောမယ်၊ သွေးဝမ်းသွားမယ် အစရှိတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

– ဆေးသုံးတဲ့သူတွေ ဆေးထိုးလေ့ရှိတဲ့ သွေးကြောနေရာကနေလည်း ဒေါင့်သန်းပိုး ဝင်ခဲ့ရင်

လက္ခဏာတွေကတော့ အရေပြား ဒေါင့်သန်းအတိုင်း တူတတ်ပါတယ်။ ဒါ့အပြင် ဆေးထိုးနေရာတစ်ဝိုက်နဲ့ သူ့အောက်က ကြွက်သားတွေမှာပါ ပိုးဝင်လက္ခဏာတွေ တွေ့ရတတ်တယ်။ ဦးနှောက် အမြှေးပါးရောင်တာတွေအထိလည်း ပြင်းထန်နိုင်ပါတယ်။

ဘယ်လို ကုသလို့ ရနိုင်လဲ ?

ဒေါင့်သန်းရောဂါက ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာမို့ ပဋိဇီဝပိုးသတ်ဆေးတွေပေးပြီး ကုသလို့ရပါတယ်။ ပိုးသတ်ဆေးအမျိုးအစားနဲ့ အချိန်ဘယ်လောက်သောက်ရမလဲဆိုတာတော့ ဝင်ရောက်တဲ့နေရာနဲ့ ရောဂါလက္ခဏာတွေပေါ် မူတည်ပြီး ကွာတတ်ပါတယ်။

အရေပြားဒေါင့်သန်းကတော့ ဆေးအချိန်မီ သောက်လိုက်ရင် ပြန်ကောင်းနိုင်ပါတယ်။

ဘယ်လို ကာကွယ်ကြမလဲ ?

အသားစိမ်းတွေကို ကျက်အောင် ချက်ပြုတ်ပြီးမှ စားသင့်တယ်။ အသားအစိမ်းစားတာ၊ မကျက်တကျက်စားတာမျိုး ရှောင်သင့်တယ်။ ကာကွယ်ဆေးထိုးထားပြီးသား စိတ်ချရတဲ့နေရာက အသားတွေကိုပဲ စားသုံးသင့်ပါတယ်။

အဓိကကတော့ မွေးမြူရေးလုပ်တဲ့သူတွေအနေနဲ့ သူတို့ရဲ့ တိရစ္ဆာန်တွေကို ဒေါင့်သန်းရောဂါပိုးအပါအဝင် ကူးစက်ရောဂါပိုးတွေကြောင့် ဆုံးရှုံးမသွားရအောင် ကာကွယ်ဆေးတွေ ပြည့်မီအောင် ထိုးထားကြရပါတယ်။

မွေးမြူရေး၊ သားရေလုပ်ငန်းလုပ်ကိုင်သူတွေ၊ သိုးမွှေးလုပ်ငန်းတွေမှာ လုပ်ကိုင်ကြသူတွေအနေနဲ့လည်း ဒေါင့်သန်း sporesများ ထိတွေ့မှု လျော့နည်းအောင် လိုက်နာရမယ့် နည်းလမ်းတွေကို တိတိကျကျလိုက်နာပေးဖို့ လိုပါတယ်။

လိုက်နာရမယ့် နည်းလမ်းများ

– လေဝင်လေထွက်ကောင်းတဲ့နေရာမှာ အလုပ်လုပ်ခြင်း

– တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းများ ဝတ်ဆင် အသုံးပြုခြင်း

– ဆပ်ပြာနှင့် ရေ အသုံးပြုကာ လက်ကို သေချာစွာ ဆေးကြောခြင်း

– ကိုင်တွယ်ထားသော လက်နှင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိတွေ့ခြင်း မှ ရှောင်ကြဉ်ခြင်း

– အလုပ်ခွင်တွင် စီးသောဖိနပ်များကို သီးသန့်ထားရှိခြင်း

– သားရေများကို ပြင်းပြင်းထန်ထန် လှုပ်ခါခြင်း၊ ရိုက်ခြင်း၊ အ‌ခြောက်လှည်းခြင်းတို့ကို ရှောင်ကြဉ်ခြင်း စတာတွေနဲ့ ကာကွယ်လို့ရပါတယ်။

သင့်ကိုယ်သင် ရောဂါ ကူးစက်ခံနေရတယ်လို့ သံသယရှိရင် ဘယ်လိုလုပ်ရမလဲ ?

ကူးစက်ခံရပြီလို့ သံသယရှိပါက နီးစပ်ရာ ဆရာဝန်ထံ ချက်ချင်းပြသဆွေးနွေးရပါမယ်။

ဒါမှ ဆရာဝန်က ဒေါင့်သန်းဟုတ်မဟုတ် အတည်ပြုပြီး ကုသမှုကို အမြန်ဆုံး စတင်နိုင်မှာပါ။

*** ဒေါင့်သန်းရောဂါဟာ တိရစ္ဆာန်ကနေတစ်ဆင့် ကူးစက်ခံရတာဖြစ်ပြီး ရာသီတုပ်ကွေးဖြစ်သလို အသက်ရှူလမ်းကြောင်းကနေ လူလူချင်း မကူးစက်နိုင်ပါ။***
သို့သော်လည်း ရှားရှားပါးပါး အခြေအနေများမှာတော့ အရေပြားဒေါင့်သန်းမှ ထွက်သော အရည်များနှင့် ထိတွေ့မိပြီး ကူးစက်ခံရတာမျိုးတော့ တွေ့ရှိထားပါတယ်။
….
….
….

ကဲ စာကို အဆုံးထိဖတ်ရတာ ပျင်းသွားကြပြီမို့လား။ ဒါဆို ခေါင်းစားစရာလေးတစ်ခု မေးကြည့်လိုက်ဦးမယ်။

ဒေါင့်သန်းဘာလို့ဖြစ်ရလဲ ဘာလက္ခဏာတွေပြလဲ သိပြီးကြပြီဆိုတော့

ဒီရောဂါအကြောင်း အလှည့်အပတ်တွေနဲ့ ဖော်ပြထားပြီး ၂၀၂၁ခုနှစ်မှာ အကယ်ဒမီဆုရသွားတဲ့ ဇာတ်ကားကို ကြည့်ဖူးကြလား။ ????

Reference ????
https://www.cdc.gov/anthrax/index.html

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.