မိဘတိုင်းရဲ့ဆန္ဒက ကိုယ့်ရင်သွေးလေးကို ဝဝဖြိုးဖြိုး ကျန်းကျန်းမာမာ ဖြစ်စေချင်ကြတာချည်းပါပဲ၊ ဒါကြောင့်လဲ မိဘများက မိမိတို့ရဲ့ရင်သွေးလေးတွေကို အစားအသောက် ဘယ်လိုကျွေးမွေးကြရမလဲ ဆိုတာကို သိချင်ကြပါတယ်။
ကလေးလေးတွေကို အသက်အရွယ်အလိုက် ကျွေးမွေးသင့်တဲ့ အစားအသောက်ပုံစံလေးတွေကို ပြောပြပါရစေ။
* မွေးစမှ အသက်(၆)လ အထိ မိခင်နို့ တစ်မျိုးတည်း တိုက်ကျွေးရပါမယ်။
* အသက်(၆)လမှ စပြီး ဖြည့်စွက်စာကို စတင်ကျွေးမွေးရပါမယ်။
* အသက် (၆)လမှ (၂)နှစ်အထိ မိခင်နို့နှင့် ဖြည့်စွက်စာကို ကျွေးမွေးရပါမယ်။
❓(၆)လအောက်ကလေးငယ်တွေကို ထမင်းစောစောကျွေးလို့မရဘူးလား
မိခင်နို့မှာ ကလေးအသက်(၆)လအထိလိုအပ်တဲ့ အာဟာရဓါတ်တွေ အလုံအလောက်ပါဝင်တဲ့အတွက် (၆)လအောက်ကလေးငယ်များကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ရပါမယ်။
(၆)လအောက်ကလေးငယ်များရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းဟာ ကောင်းစွာမဖွံ့ဖြိုးသေးတဲ့အတွက် ဆန်ပြုတ်၊ ထမင်း စတာတွေကို မချေဖျက်နိုင်သေးပါဘူး၊ ဒီအချိန်မှာ ကလေးကို အာဟာရပြည့်ဝစေချင်ဇောနဲ့ ဖြည့်စွက်စာကျွေးမိရင် မချေဖျက်နိုင်တဲ့အစာတွေက အစာအိမ်နဲ့အူလမ်းကြောင်းကို ထိခိုက်စေတတ်ပါတယ်။ ဒါ့ကြောင့် (၆)လပြည့်ပြီးမှသာ ဖြည့်စွက်စာ စကျွေးရပါမယ်။
❓ရေရော တိုက်လို့မရဘူးလား
မရပါဘူး၊ ကလေးရဲ့ အစာအိမ်လေးဟာ သေးငယ်လွန်းသေးတာမို့ ရေတိုက်လိုက်ရင် အမှန်တကယ်အာဟာရဖြစ်စေတဲ့ မိခင်နို့ကို မသောက်နိုင်တော့ပါဘူး။ ဒါ့အပြင် မိခင်နို့မှာ ရေဓါတ်အလုံအလောက်ပါဝင်ပါတယ်။
❓ဖြည့်စွက်စာကို ဘယ်လိုပြင်ဆင်ကျွေးကြမလဲ
ကလေးအသက် (၆)လ မှစကျွေးပါမယ်၊ အစာအုပ်စု (၃)ခုကနေ ကြယ် (၄)ပွင့်ပါအောင် ကျွေးပါမယ်။
ကြယ် (၄)ပွင့်ဆိုတာက အသား/ ငါး/ကြက်ဥ ဘဲဥစတဲ့ ပရိုတင်းဓါတ်ပါတဲ့ အစာအုပ်စုကနေ ကြယ်လေး (၁)ပွင့်၊ ပဲအမျိုးမျိုးကနေ ကြယ်လေး (၁)ပွင့်၊ ကစီဓါတ်ပါတဲ့ ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူးစတာတွေကနေ ကြယ်လေး (၁)ပွင့်၊ ဗီတာမင်နဲ့ သက်စောင့်ဓါတ်တွေပါတဲ့ အသီးအရွက်အုပ်စုကနေ ကြယ်လေး(၁)ပွင့်လို့ဆိုလိုတာဖြစ်ပါတယ်။
ဖြည့်စွက်စာ စကျွေးကျွေးချင်းမှာ အခြေခံအစားအစာဖြစ်တဲ့ ဆန်၊ဂျုံ၊ပြောင်း၊အာလူးကို အရင်ဆုံး စကျွေးပြီး တဖြည်းဖြည်းချင်း အစာအုပ်စုအမျိုးစုံ၊ အစားအစာအမျိုးစုံပါအောင် ကျွေးမွေးရမှာပါ။
အစာအုပ်စု (၃)ခုနဲ့ ကြယ်ပွင့်လေးတွေအကြောင်းရယ် ကလေးအသက်အရွယ်အလိုက် ကျွေးသင့်တဲ့ ပမာဏနဲ့ ဘယ်နှစ်ကြိမ်ကျွေးသင့်တယ်ဆိုတဲ့ အကြောင်းရယ်ကို ပုံလေးတွေမှာ အသေးစိတ်ဖော်ပြထားပါတယ်။
…
…
????” ကလေးငယ်များကို အစားကျွေးခြင်း အနုပညာ” ????
အစားအသောက်ကို နှစ်သက်ခုံမင်ပြီး မိဘတွေကျွေးသမျှ ကောင်းကောင်းစားတဲ့ ကလေးတွေရှိသလို အစားအသောက်ချေးများတဲ့ ကလေးငယ်တွေလဲ ရှိပါတယ်။
ဒီလိုကလေးတွေကို အစားအသောက်ကျွေးရတာ မိဘတွေအတွက် တကယ့် စိန်ခေါ်မှုကြီးတခုပါပဲ။ မိဘတွေအတွက် အကြံပေးချင်ကတော့
* ကလေးရဲ့ ဆာလောင်မှုနဲ့ စားနိုင်တဲ့ ပမာဏကို ချင့်ချိန်ပါ။ ကလေးငယ်တွေဟာ ပမာဏနဲနဲနဲ့ မကြာခဏ စားတတ်ကြပါတယ်။
* ဖြည်းဖြည်းချင်း စိတ်ရှည်လက်ရှည် အားပေးပြီး ချော့ကျွေးပါ။ အစားစားချိန်တွေဟာ ကလေးအတွက်ပျော်ရွှင်စရာဖြစ်လာရင် ကလေးလေးက အစားအသောက်တွေကို ပိုစားလာပါလိမ့်မယ်။
* အတင်းအကြပ် မကျွေးပါနဲ့။ အတင်းအကြပ်ကျွေးရင် တစ်ကြိမ်တစ်ခါတော့ ကလေးက အစားစားပါလိမ့်မယ်၊ ဒါပေမယ့် အစားစားချိန်ဟာ သူ့အတွက် ကြောက်စရာ စိတ်ညစ်စရာဖြစ်သွားရင် ကလေးကို အစားကျွေးရ ပိုခက်ခဲသွားပါလိမ့်မယ်။
* အရသာမျိုးစုံ အစားအစာမျိုးစုံကို စမ်းသပ်ကျွေးမွေးပါ။
ကလေးလေးတွေဟာ သူတို့မစားဘူးလို့ ငြင်းထားတဲ့ အစားကိုပဲ နောက်ရက်အနည်းငယ်အကြာမှာ ထပ်ကျွေးရင် ဒါမှမဟုတ် ပုံစံပြောင်းပြီး ကျွေးကြည့်ရင် စားတတ်ပါတယ်။ဥပမာ ဒီနေ့ငါးဟင်းကို မကြိုက်ဘူး မစားဘူး ဆိုပေမယ့် နောက် (၂-၃)ရက်နေရင် အဲ့ဒီငါးဟင်းကိုပဲ စားတတ်ပြန်ပါတယ်။ ဒါမှမဟုတ် ငါးကြော်ကို သူနှစ်နှစ်သက်သက်စားနိုင်ပါတယ်။ ဒါ့ကြောင့် မစားဘူးဆိုတိုင်း မကျွေးဘဲမနေပါနဲ့။
– နောက်ထပ်အရေးကြီးတာ တစ်ခုကတော့ သန့်ရှင်းရေးပါပဲ။ အစားအစာ သန့်ရှင်းရေး၊ လက်သန့်ရှင်းရေး၊ ရေသန့်ရှင်းရေး၊ ပန်းကန်ခွက်ယောက် သန့်ရှင်းရေးတွေဟာ အင်မတန်အရေးကြီးပါတယ်။ မသန့်ရှင်းရင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်တာ အားလုံးအသိပါနော်။
ကလေးငယ်များအတွက်ရော မိဘများအတွက်ပါ ပျော်စရာကောင်းတဲ့ အစားစားချိန်လေးများ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
“ ကလေးငယ်များအားလုံး ကျန်းမာကြံ့ခိုင်ပြီး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ”
ကလေးအထူးကုဆရာဝန်ကြီးတစ်ဦး
Telekyanmar
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ်မနက် ၈နာရီမှ ည၁၀နာရီအထိ )
Ministry of Health,
National Unity Government.