ခါးရိုးစောင်းခြင်း (Scoliosis)

မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိအောင်ဖြစ်စေတဲ့ရောဂါတွေထဲမှာ ခန္ဓာကိုယ်အနေအထား မမှန်တဲ့ရောဂါကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လူကြားထဲထွက်ရင် အနေအထားမမှန်တဲ့ ခန္ဓာကိုယ်ပုံစံကြောင့် ခဏခဏရှက်ရတယ်။ စိတ်အဆင်မပြေ ခံစားရတယ်။

ဒီလိုရောဂါတွေထဲကမှ scoliosis လို့ခေါ်တဲ့ ခါးရိုးစောင်းခြင်းနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ ဘာတွေလုပ်‌ဆောင်ရမယ်ဆိုတာတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Scoliosis ဆိုတာကတော့ မိမိရဲ့ခါးရိုဟာ ဘေးကို ၁၀ ဒီဂရီထက်ပိုပြီးစောင်းနေတဲ့ရောဂါကို ဆိုလိုပါတယ်။ scoliosis ဟာ ကိုယ်ခန္ဓာအထွားဆုံးအချိန်တစ်ခုဖြစ်တဲ့ ၁၁နှစ်ကနေ ၁၃နှစ်အတွင်းမှာ ဖြစ်တတ်တာကို တွေ့ရပါတယ်။

Scoliosis က ဘယ်လောက်အဖြစ်များလဲ?

• လူဦးရေရဲ့ ၂-၃% လောက်မှာ ဖြစ်လေ့ရှိပါတယ်။
• ၁၀% လောက်ကတော့ ဒီဂရီအနည်းငယ်ပဲ စောင်းနေတတ်ပြီး လူ ၁၀၀၀မှာ တစ်ယောက်လောက်ကတော့ ဒီဂရီအတော်လေး စောင်းနေတာကို တွေ့ရပါတယ်။
• အမျိုးသမီးတွေမှာ ပိုဖြစ်တာကို တွေ့ရပါတယ်။
• အများအားဖြင့်တော့ ဘာကြောင့်ဖြစ်လဲဆိုတာ မသိရပါဘူး။ တစ်ခါတလေမှာတော့ တချို့အာရုံကြောနဲ့ ကြွက်သားရောဂါတွေကြောင့် ဖြစ်တတ်တာကိုလည်း တွေ့ရပါတယ်။
• မိသားစုမျိုးရိုးလိုက်တတ်တဲ့ ရောဂါလည်း ဖြစ်ပါတယ်။

Scoliosis ရဲ့ လက္ခဏာတွေက ဘာတွေလဲ?

• ခါးရိုးက တဖြည်းဖြည်းစောင်းလာတာနဲ့အမျှ အသက်ကြီးလာတဲ့အချိန်မှာ အင်္ကျီဘောင်းဘီ အဝတ်အစားတွေ ကိုယ့်ခန္ဓာနဲ့ fit မဖြစ်နိုင်တော့ဘူး။
• တချို့တွေမှာ ခါးကိုက် ခါးနာတာတွေ ကြုံရနိုင်တယ်။

ခါးရိုးက ဒီဂရီတော်တော်များများ စောင်းနေခဲ့မယ်ဆိုရင်‌တော့…
– ခန္ဓာကိုယ်အပေါ်ပိုင်း သိသိသာသာစောင်းနေတာမျိုးတွေ
– ပုခုံးနှစ်ဖက် မညီတော့တာတွေ
– ပုခုံးတစ်ဖက်က အခြားတစ်ဖက်ထက် ပိုမြင့်နေတာမျိုး
– ပုခုံးရိုးတစ်ဖက်က သိသိသာသာ ငေါထွက်နေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

• ဒီထက်ပိုဆိုးရင်တော့ ကိုယ်တွင်းမှာရှိတဲ့ အဆုတ်တို့ နှလုံးတို့ကို ထိခိုက်ပြီး အသက်ရှူရခက်ခဲတာမျိုးတွေအထိ ဖြစ်တတ်ပါတယ်။ အဆိုးဆုံးပြဿနာကတော့ ကာယကံရှင်က ကိုယ်ရဲ့အနေအထားကိုရှက်ပြီး လူတောမတိုးရဲတော့တာပါပဲ။

ခါးရိုးစောင်းနေတာကို ဘယ်လိုသိရှိနိုင်လဲ?

• Forward bend test လို့ခေါ်တဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို အောက်ကိုငုံ့ပြီး ခါးရိုးစောင်းမစောင်း၊ ညီမညီကို စမ်းသပ်တဲ့ test ဖြစ်ပါတယ်။
• ဒီလို testနဲ့ စစ်ဆေးဖြင်းအားဖြင့် မတ်တပ်ရပ်နေတဲ့အချိန်ထက်ပိုပြီး scoliosis ကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။ ဒီ test ကို အသက် ၁၂-၁၄နှစ်မှာ စစ်ဆေးလေ့ရှိပါတယ်။
• ဒါ့အပြင် Spinal X-rayလို့ခေါ်တဲ့ ခါးရိုး ကိုဓာတ်မှန် ရိုက်ပြီးတော့လည်း scoliosisကို သိရှိနိုင်ပါတယ်။

Scoliosis ပြဿနာကို ဘယ်လို ဖြေရှင်းနိုင်လဲ?

• ၁၀ဒီဂရီလောက်ပဲစောင်းတဲ့ မဆိုးရွားတဲ့ case တွေမှာဆိုရင်တော့ ခန္ဓာကိုယ် အနေအထားမှန်အောင် physiotherapy နဲ့ လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။
• ခါးရိုးအတော်လေး စောင်းနေတဲ့သူများကတော့ ပုံစံထိန်းညှိပေးတဲ့ braceတပ်ဖို့ လိုအပ်ပါမယ်။
• ဒီလို braceတပ်ထားဖြင်းအားဖြင့် ခန္ဓာကိုယ်ထွားကျိုင်းတဲ့ ကာလပတ်လုံး ခါးရိုးကို တည့်တည့်တန်းတန်းဖြစ်အောင် ကူညီပေးနိုင်ပါတယ်။
• ခါးရိုးက ၂၀ ဒီဂရီအောက်ပဲ စောင်းရင်တော့ physiotherapy နဲ့လေ့ကျင့်ပြီး ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။
• ၂၀-၄၀ ဒီဂရီလောက်ထိ စောင်းတဲ့ခါးရိုးအတွက်တော့ braceတပ်ပြီး ခါးရိုးပြန်တည့်အောင်လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
• ၄၀ ဒီဂရီနဲ့အထက် စောင်းနေရင်တော့ ခွဲစိတ်ကုသဖို့ လိုအပ်နေပါပြီ။
• သိသိသာသာခါးရိုးစောင်းနေတာမျိုးဆို အကောင်းဆုံးကတော့ အရိုးအထူးကု ဆရာဝန်ကြီးများနဲ့ တိုင်ပင်ပြသဖို့ လိုအပ်ပါတယ်။

ဒီလောက်ဆို ခါရိုးစောင်းတာနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ ဗဟုသုတများကို သိရှိပြီးဖြစ်တယ်လို့ ယူဆပါတယ်။ မိမိမှာ ဒီလိုပြဿနာတွေဖြစ်လာခဲ့ရင်လည်း ‌ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေရှိနေတာကြောင့် ရှက်စရာလို့ မယူဆဘဲ ယုံကြည်ချက်ရှိရှိနဲ့ နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပြုပါရစေ။

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. 53
Davidson 23rd Edition pp.1059

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.