ထိပ်ပြောင်တာ ရှက်စရာလား (Male Pattern Baldness)

“ အမျိုးသားတို့ ထိပ်ပြောင်တာ ရှက်စရာမဟုတ်၊ ထိပ်ပြောင်တာ သဘာဝဖြစ်စဉ်တစ်ခုပါ”

ဆံပင်ဟာ ဒုတိယမျက်နှာလို့ ဆိုကြတော့ ဆံပင်ကျွတ် ထိပ်ကွက် ထိပ်ပြောင်ဖြစ်မှာကို စိုးရိမ်တတ်ကြတာကလည်း သဘာဝပါပဲ။ အမျိုးသားတို့ ထိပ်ကွက်ထိပ်​ပြောင်ဖြစ်စေရတဲ့ အကြောင်းတရားတွေနဲ့ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို ​ဆက်လက်ဖတ်ရှုလိုက်ရအောင်ပါ….

ထိပ်ပြောင်ရခြင်း အကြောင်းတရားများ

✅ မျိုးရိုးလိုက်ခြင်း (Genetic Factor)

✅ ဇရာ (Ageing) ဟာလည်း ရှောင်လွှဲမရနိုင်တဲ့ ထိပ်ပြောင်ရခြင်း အကြောင်းတရားတစ်ရပ်ပါပဲ။ ဒါဟာ သဘာဝဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်ပြီး အသက်အရွယ်ရလာလေ ဆံပင်ပိုကျွတ်၊ ပိုပါးလာလေ ဖြစ်တတ်တယ်။

✅ ကျားဟော်မုန်း (Androgen) ကျားဟော်မုန်းဟာ အမျိုးသားတွေကို ခန္ဓာကိုယ်အနှံ့အမွှေးအမျှင်ထူစေပြီး ဆံပင်ကို ပါးစေတယ်။ ကနဦးအစမှာ နားထင်နှစ်ဖက်ကစလို့ ဆံသားဆုံးရှုံးပြီး ရှေ့ဆံပင် (Hair line) ဟာ တဖြည်းဖြည်းနောက်ဆုတ်လာပြီး ပြောင်စပြုတယ်။ ဦးခေါင်းထိပ်က ဆံပင်က ပါးပြီး ထိပ်ကွက်တယ်။ နောက်ဆုံးတော့ ရှေ့က နောက်ဆုတ်ပြီး​ကျွတ်လာတာနဲ့ ထိပ်ကွက်တာနဲ့ ဆုံတဲ့အခါ ထိပ်ပြောင်ရတော့တယ်။

✅ ကုသမှုတွေ၊ဆေးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေကြောင့် (ဥပမာ ကင်ဆာရောဂါ (Cancer) မှာ သောက်ရတဲ့ ဆေးတွေ​က ဆံပင်ကျွတ်စေပါတယ်)

 အရှိအတိုင်း လက်ခံနေထိုင်ပါ

✅ အရှိအတိုင်း လက်ခံပြီး နေထိုင်တာဟာ ပထမဦးစားပေး နည်းလမ်းကောင်းတစ်ခုပါ။ ကနဦးအစမှာ ဒါဟာ ရှက်စရာ၊ စိတ်မလုံစရာ၊ မိမိကိုယ်ကိုယ် ယုံကြည်မှုအားနည်းစရာ ဖြစ်နိုင်ပေမယ့် ထိပ်ပြောင်တဲ့ အမျိုးသားအများစုဟာ ကုသမှုခံယူမနေတော့ဘဲ ဒါကို သဘာဝဖြစ်စဉ်တစ်ခုအနေနဲ့၊ ဇရာအနေနဲ့ အရှိအတိုင်းလက်ခံနေထိုင်ကြပြီး ဆရာဝန်တွေကလည်း ဒီနည်းလမ်းကို အားပေးထောက်ခံကြပါတယ်။

✅ ကိုယ်နဲ့လိုက်ဖက်ကြည့်ကောင်းမယ့် ဆံပင်အတိုအကပ်ညှပ်တာ၊ ဦးခေါင်းအပြောင်တုံးလိုက်တာကလည်း နောက်ထပ် နည်းလမ်းကောင်းတစ်ခုပါပဲ။

 တခြား ဘာနည်းလမ်းတွေရှိသေးသလဲ
✅ ဦးထုပ်ဆောင်းတာ
✅ ဆံပင်တုတပ်တာ (Hair Wig)
✅ အစားထိုးဦးရေပြားဆံပင်အသုံးပြုတာ (Hair Substitution)
✅ ဆံသားအသစ်စိုက်ခြင်း (Hair Transplant) စတဲ့ နည်းလမ်းတွေရှိတယ်
✅ ဆံပင်ပြန်​ပေါက်စေတဲ့ သောက်ဆေး၊ လိမ်းဆေးတွေနဲ့ ကုသလို့ ရနိုင်တယ်။ ဒါပေမယ့် သောက်ဆေး၊ လိမ်းဆေးတွေဟာ အမြဲသောက်နေဖို့လိုအပ်ပြီး ကုသမှုကိုရပ်လိုက်တာနဲ့ ဆံပင်ကပြန်ကျွတ်တတ်ပြီး အကုန်အကျလည်းများလှတယ်။

ကျန်ရှိနေတဲ့ ဆံပင်လက်ကျန်ကို တန်ဖိုးထားထိန်းသိမ်းပါ။ ခေါင်းလျှော်/ ခေါင်းသုတ်/ ခေါင်းဖြီးတဲ့အခါ ကြမ်းကြမ်းတမ်းတမ်းမပြုဘဲ အသာအယာပြုလုပ်တာက ကျန်ရှိနေတဲ့ ဆံသားတွေကို ထပ်ထပ်မကျွတ်ရအောင် အထိုက်အလျောက်အကူအညီပေးတယ်။ ဆံပင်ကိုက်တတ်တဲ့အကျင့်ရှိက ဖျောက်ပါ။ ဆံပင်အတွက်လိုအပ်တဲ့ အာဟာရ ရစေဖို့ အာဟာရပြည့်ဝမျှမျှတတ စားသောက်ပါ။ စိတ်ဖိစီးမှု (Stress) ကြောင့်လည်း ဆံပင်ကျွတ်တတ်လို့ စိတ်ဖိစီးမှုလျှော့ချပါ။ လုံလုံလောက်လောက် အနားယူအိပ်စက်ပါ။

❌ ဆံပင်ပြန်ပေါက်စေတယ်ဆိုကြတဲ့ Shampoo တွေ၊ ဆေးမြီးတိုတွေ၊ အိမ်တွင်းနည်းတွေဟာ တကယ်တော့ အကျိုးမထူးလှပါဘူး။

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.98

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.