မပေါ့ဆသင့်သည့် နှလုံးအောင့်ခြင်း ( Angina )
● နှလုံးဟာ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးလည်ပတ်စီးဆင်းအောင် လုပ်ဆောင်ပေးနေတဲ့ အရေးကြီးတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
● နှလုံးမှာ ရောဂါတစ်ခုခုဖြစ်လာခဲ့ရင် အသက်အန္တရာယ်ကိုပါ ဖြစ်စေတတ်ပါတယ် ။
● ဒါ့ကြောင့် နှလုံးရောဂါမဖြစ်ခင် ရှေ့ပြေးနိမိတ်ကိုကြိုသိထားရ် ရောဂါအခြေအနေမဆိုးအောင် ကာကွယ်နိုင်ပြီး အသက်အန္တရာယ်လျော့ပါးသွားမှာဖြစ်ပါတယ်။
● ဒီနေ့မှာတော့ နှလုံးနဲ့ပတ်သတ်ပြီး ရောဂါအမျိုးမျိုးရှိတဲ့အနက် နှလုံးသွေးကြောပိတ်ရောဂါရဲ့ ရှေ့ပြေးနိမိတ်ဖြစ်တဲ့ “ နှလုံးအောင့်ခြင်း” အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။
✅နှလုံးအောင့်ခြင်းဆိုတာဘာလဲ ?
– နှလုံးအောင့်ခြင်းကိုဆေးပညာစကားအရ Angina လို့ခေါ်ပါတယ်။
– နှလုံးရှိကြွက်သားများဟာ အောက်စီဂျင် အလုံအလောက်မရရှိတဲ့အတွက် နှလုံးအောင့်ခြင်းကိုဖြစ်စေပါတယ်။
– နှလုံးဟာ စက္ကန့်နဲ့အမျှ ခန္ဓာကိုယ်တစ်ခုလုံးကိုသွေးပို့ပေးနေတဲ့ အစိတ်အပိုင်းဖြစ်သလို ၊ သူကိုယ်တိုင်အတွက်လည်း အာဟာရနှင့် အောက်စီဂျင်ရရှိနိုင်မယ့် ကိုယ်ပိုင်နှလုံးသွေးကြောတွေရှိပါတယ်။
– အကယ်၍ အကြောင်းတစ်စုံတစ်ရာကြောင့် နှလုံးသွေးကြောတစ်ခုခုပိတ်သွားခဲ့ရင် နှလုံးဆီ သွေးမရောက်တော့တဲ့အတွက် သွေးနဲ့ အတူပါလာမယ့် အောက်စီဂျင်ကိုလည်း မရရှိနိုင်တော့ပါ။ အဲ့လိုအခါမျိုးမှာ ရင်ဘက်မှာဆုပ်ဆွဲထားသလို အောင့်တာမျိုး ခံစားရတတ်ပါတယ် ။
( ဒါပေမယ့့် ရင်ဘတ်အောင့်တိုင်း နှလုံးအောင့်တာမဟုတ်ပဲ တခြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ် )
– နှလုံးသွေးကြောပိတ်စေတဲ့ အဓိကအကြောင်းအရင်းကတော့ သွေးကြောတွေအတွင်းမှာအဆီတွေ စုပုံပြီး သွေးကြောကျဉ်းသွားတဲ့အတွက်ကြောင့်ဖြစ်ပါတယ် ။
✅ဘယ်လိုလက္ခဏာတွေပြမလဲ ?
– နှလုံးအောင့်တာ ခံစားနေရတဲ့သူဟာ ရင်ဘက်အလယ်မှာ အစာမကြေသလို၊ လေးလံနေသလို၊ ဆုပ်ဆွဲထားသလိုမျိုး ခံစားနေရတတ်ပါတယ် ။
– နာကျင်မှုဟာ လည်ပင်း၊ မေးရိုးနဲ့ ကျော၊ ဘယ်ဘက်လက်မောင်းသို့ပျံ့နှံ့သွားတတ်ပြီး ၎င်း နေရာတွေမှာလည်း နာကျင်မှုကို ခံစားရတတ်ပါတယ်။
– ရင်ဘက်အောင့်တာအပြင် အသက်ရှူကြပ်ခြင်း၊ ချွေးစေးပြန်ခြင်း၊ မောပြီး မအီမသာဖြစ်ခြင်း တို့လည်းဖြစ်တတ်ပါတယ်။
✅ဘယ်လို အခြေအနေတွေမှာ အောင့်နိုင်သလဲ ?
– ကိုယ်လက်လှုပ်ရှား တစ်ခုခုပြုလုပ်တဲ့အခါ နှလုံးအောင့်တတ်ပြီး အနားယူလိုက်တဲ့အခါ ပြန်ပြီးပျောက်သွားတတ်ပါတယ် ။
– ဒါ့အပြင် စိတ်ခံစားမှု မြင့်တက်လာတဲ့ အခါမျိုး ( ဒေါသထွက်ခြင်း၊ ရန်ဖြစ်ခြင်း၊ စိတ်လှုပ်ရှားခြင်း ) နဲ့ ရာသီဥတုအေးတဲ့နေရာ သို့မဟုတ် အစာစားပြီး အချိန်မျိုးမှာလည်း အောင့်လာတတ်ပါတယ် ။
– ကိုယ်အလေးချိန်မြင့်ပြီး အဝလွန်တဲ့သူတွေ ၊ ဆေးလိပ်သောက်တဲ့သူတွေဟာ သာမာန်လူတွေထက် ရောဂါခံစားရဖို့ အခွင့်အရေးပိုများပါတယ် ။
✅နှလုံးအောင့်တာက အရေးကြီးသလား ?
– နှလုံးအောင့်ခြင်းဟာ မိမိနှလုံး အောက်ဆီဂျင် အပြည့်အဝမရရှိဘူးလို့ ပြောနေတဲ့ ရှေ့ပြေး နိမိတ်တစ်ခု ဖြစ်ပါတယ်။
– ဒီထက်အခြေအနေပိုဆိုးလာခဲ့ရင် ဆိုးရွားတဲ့ နှလုံးရောဂါတွေဖြစ်နိုင်ပြီး နှလုံးရပ်ကာ အသက်ဆုံးရှုံးရတဲ့ အခြေအနေမျိုးအထိ ဖြစ်လာနိုင်ပါတယ် ။
– ဒါကြောင့် နှလုံးအောင့်ခြင်းဟာ အရေးကြီးတဲ့ လက္ခဏာတစ်ခုဖြစ်ပြီး နှလုံးအခြေအနေ မဆိုးသွားအောင် တတ်နိုင်သမျှစောပြီး ဆရာဝန်နဲ့ကုသမှု ခံယူစေလိုပါတယ် ။
✅ဘယ်လို ကုသမလဲ ?
(၁) မိမိကိုယ်ကို ကာကွယ်ခြင်း ????
– ဆေးလိပ်ဖြတ်ပါ။
– ကိုယ်အလေးချိန်လျော့ပါ။
– တစ်နေ့ကို မိနစ် ၂၀ ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။
– မိမိ၏ စိတ်ခံစားမှုကို လျော့ချရန် တရားထိုင်ခြင်းဖြစ်စေ၊ တိတ်ဆိတ်ငြိမ်သက်သောနေရာမျိုးတွင် ဖြစ်စေ အနားယူပါ။
(၂) ဆေးဖြင့်ကုသခြင်း ????
– နှလုံးအောင့်သမားများအတွက် လျှာအောက်မှာ ငုံတဲ့ဆေးနဲ့ ဖြန်းဆေးဆိုပြီး နှစ်မျိုးရှိပါတယ်။ ပါဝင်တဲ့ ပစ္စည်းကတော့ Glyceryl Trinitrate လို့ခေါ်တဲ့ compound တစ်မျိုး ဖြစ်ပါတယ်။ ထိုဆေးဟာ ကျဉ်းနေသော နှလုံးသွေးကြောများကို ခဏတာပြန်ကျယ်စေပြီး ရင်ဘက်အောင့်တာကို သက်သာစေပါတယ်။
– နောက်ထပ်ဆေးတစ်မျိုးကတော့ အပ်စပရင် ( Aspirin ) လို့ခေါ်တဲ့ သွေးကျဲဆေးဖြစ်ပါတယ်။
( ထိုဆေး ၂ မျိုးလုံးဟာ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ သောက်သုံးရမယ့်ဆေးဖြစ်ပါတယ်။ မိမိသဘောနဲ့မိမိ လုံးဝ ဝယ်မသောက်ရပါဘူး ၊ အန္တရာယ်ရှိတတ်ပါတယ် )
✅ဘယ်လို အချက်တွေဆိုရင် သတိထားရတော့မလဲ ?
– နှလုံးအောင့်တဲ့သူတော်တော်များများဟာ မိမိကိုယ်ကို ကာကွယ်ခြင်းနဲ့အတူ ဆေးသောက်ခြင်းဖြင့်လည်း နှလုံးအောင့်ခြင်းကို ထိန်းထားရပါတယ်။
– ဒါပေမယ့် တချို့အခြေအနေတွေမှာ ပိုဆိုးလာခဲ့ရင် ဆေးရုံဆေးခန်းကိုသွားပြီး ဆရာဝန်နဲ့ပြန်လည်ပြပြီး ကုသမှုခံယူသင့်ပါတယ်။
– ဘယ်လို အခြေအနေတွေလဲဆိုရင် –
(၁) ရင်ဘက်အောင့်တာ တစ်ခါအောင့်ရင် ၁၀ မိနစ် အထက်ကြာတဲ့အခါ
(၂) အခါတိုင်းအောင့်နေကျထက် ပိုအောင့်လာတဲ့အခါ
(၃) လျှာအောက်ငုံတဲ့ဆေး/ ဖြန်းဆေးနဲ့ မသက်သာတဲ့အခါ
(၄) ရင်ဘက်အောင့်တဲ့ အကြိမ် ပိုစိတ်လာတဲ့အခါ
(၅) ရောဂါလက္ခဏာအသစ် ပေါ်လာသောအခါ ( ဥပမာ – အသက်ရှူကြပ်ခြင်း၊ ချွေးစေးပြန်ခြင်း ) စတဲ့ အခြေအနေတွေဖြစ်လာခဲ့ရင် ဆရာဝန်နဲ့ပြန်ပြဖို့ လိုပါတယ်။
အထက်ပါအကြောင်းအရာတွေကို ဖတ်ရှုပြီး နှလုံးကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေ ပိုမိုကြွယ်ဝကာ
****ကျန်းမာပြည့်ဝ နှလုံးလှသောသူများဖြစ်ပါကြောင်း ဆုမွန်ကောင်းတောင်းလျက် ****
Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.219
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.
Published on: 3 August 2022
Last Updated: 3 August 2022