ဟဲ့…ဟဲ့…လုပ်ကြပါဦး ! “
” ဟာ အမြန် ပွေ့ထူလိုက်လေ “
” မထသေးနဲ့ဦးဟဲ့….အဲ့မှာ နားပစေဦး ၊ ပြီးမှ အိမ်ထဲသွင်း….တစ်ယောက်လောက် ၊ သံပုရာရည်ဖျော်ထားစမ်း မြန် မြန် “
ဆူဆူညံညံအသံများကြောင့် ဦးဘညွန့်တစ်ယောက် အိမ်ရှေ့ထွက်ကြည့်တော့ ခြံထဲမှာ သန်းမြကို လူတွေဝိုင်းပြီး တွဲခေါ်လာတာ တွေ့ရသည်။
” ဘာဖြစ်ကြတာတုန်းဟ ? “
” သန်းမြလေ…တံမြက်စည်းလှည်းရင်း မူးလဲသွားလို့ “
ပြောပြောဆိုဆိုနှင့် အိမ်ထဲဝင်သွားသောလူအုပ်နောက်အမှီလိုက်ရင်း ဦးဘညွန့်က ကာယကံရှင်သန်းမြကိုလှမ်းမေးရသည်
” ဟဲ့ နင် သတိလစ်သွားသေးလား ၊ ခု ဘယ်လိုနေသေးလဲ “
နွမ်းလျသောအသံဖြင့် သန်းမြတစ်ယောက် ပြန်ဖြေ၏
” သတိတော့ မလစ်ပါဘူး ဘကြီးရယ် ၊ မိုက်ခနဲဖြစ်သွားရုံပါ…ဒေါ်လေးတို့က အစိုးရိမ်လွန်နေလို့…”
” အေးပါ ဘာပဲဖြစ်ဖြစ် ဆေးခန်းပြပြီး ဆရာဝန်နဲ့ ဆွေးနွေးစမ်းသပ်ကြည့်ကြတာပေါ့…ခုတော့ ခဏနားဦး….
ကဲ…တစ်ယောက်လောက် ကားပြင်ထားစမ်းဟေ့….ငါတို့နဲ့အတူ နောက် ၂ယောက်လိုက်ခဲ့ “
————————-။ ။—————————
…. ….
ဆေးခန်းမှအပြန်…
” ဘယ်လိုလဲ ၊ ဘာဖြစ်တာတဲ့လဲ…? “
” စိုးရိမ်ရလား ဆရာဝန်က ဘာပြောလိုက်လဲ? “
” ဘာရောဂါတဲ့လဲ ? ဦးနှောက်လား ၊ နှလုံးလား…”
အိမ်ပေါက်ဝမှ စုပြုံမေးကြသောမေးခွန်းများကြောင့် ဦးဘညွန့် ရင်မောသွားသည်
” အိမ်ထဲလည်း ဝင်ပရစေဦးကွာ…စိုးရိမ်ရရင် ငါကအိမ်ပြန်ခေါ်လာပါ့မလား….တကတည်း မင်းတို့ကတစ်မှောင့် “
” စိုးရိမ်လို့မေးတာပါတော် ရှင်ကလည်း
ကဲ….လာ..လာ…ထိုင်ကြ ၊ ထိုင်ကြ “
” အေး…ဆရာဝန်ကတော့ ပြောလိုက်တယ်။ စိုးရိမ်စရာမရှိပါဘူးတဲ့ ၊ သံဓာတ်အားနည်းလို့ ဖြစ်တာပါတဲ့။ သွေးတွေလည်း ဖောက်စစ်ခဲ့တယ် သောက်ဆေးတွေလည်း ပေးလိုက်တယ် “
ဦးဘညွန့်၏စကားအဆုံးတွင် မေးခွန်းတွေ ပလူပျံသွားသည်
” သံဓာတ် အားနည်းတာ ?? “
” အာ့ ဘာကြီးတုန်း ?? “
” သံမှုန့်တွေ စားပေးရမှာလား ?? “
ဦးဘညွန့် စိတ်ပျက်လှသောအမူအရာဖြင့်
” ငါ့မမေးကြနဲ့တော့ဟေ့…ဟော့ဒီမှာ သံဓာတ်ချို့တဲ့မှုအကြောင်း ကျန်းမာရေးဗဟုသုတရေးထားတဲ့ ပညာပေးစာရွက် ဆေးခန်းက တစ်ခါတည်းပေးလိုက်တယ်။ ဖတ်သာကြည့်ကြပေတော့….”
ပြောရင်းဖြင့် စာရွက်ခေါက်လေးတစ်ခုကို စားပွဲပေါ်ပစ်တင်လိုက်သည်
…. ….
အားလုံးရဲ့အကြည့်က စားပွဲက စာရွက်လေးဆီသို့…..
————————-။ ။————————-
“ သံဓာတ်ချို့တဲ့ခြင်းကြောင့်သွေးအားနည်းခြင်း”
သွေးအားနည်းခြင်းဆိုတာဟာ သွေးအတွင်းရှိသွေးနီဥ(ခေါ်) haemoglobinများရဲ့ အောက်စီဂျင်သယ်ဆောင်နိုင်စွမ်းရည်ကျခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။
သွေးအားနည်းခြင်းအမျိုးမျိုးထဲကမှ သံဓာတ်ချိုတဲ့ခြင်းကြောင့်သွေးအားနည်းခြင်းဆိုတာဟာ Haemoglobin ထုတ်လုပ်ရာမှာပါ၀င်တဲ့ သံဓာတ်တွေ ခန္ဓာကိုယ်တွင်း(လျော့နည်း)အားနည်းလာခြင်းပဲဖြစ်ပါတယ်။
– သံဓာတ်နည်းတော့ haemoglobinနည်း
– haemoglobinနည်းတော့ သွေးနီဥတွေနည်း
– သွေးနီဥနည်းတော့ အောက်စီဂျင်ကို ကောင်းကောင်းမသယ်နိုင်
– ထိုအခါ သွေးအားနည်းခြင်းလို့ခေါ်သည့် မူးမော် ရင်တုန် အားမရှိ နုန်းနယ်ခြင်းကိုခံစားရပေတော့သည်။
သွေးအားနည်းခြင်း၏ ရောဂါလက္ခဏာများ
• နှုန်းချိ ၊ မောပန်းလွယ်၊ ဖြူဖျော့၊ အာရုံစူးစိုက်မှု မရှိခြင်း
• မူးခနဲ မိုက်ခနဲဖြစ်ခြင်း
• မျက်ခွံအတွင်းသားများ ဖြူဖျော့နေခြင်း….စသည်တို့ကိုတွေ့နေရလျှင် သွေးအားနည်းနေပြီဟု အကြမ်းဖျင်း သံသယဝင်ရပေလိမ့်မည်။
သံဓာတ်ချိုတဲ့ခြင်းကိုဖြစ်စေသော အကြောင်းအရာများ
(၁) နေ့စဥ်စားသောက်သောအစားအစာများထဲတွင် သံဓာတ်အလုံအလောက်မပါခြင်း ( အဓိကအားဖြင့် ကြီးထွားခါစ နီတာရဲ ကလေးငယ်များနှင့် သတ်သတ်လွတ်စားသူများ )
(၂) ခန္ဓာကိုယ်၏ အူလမ်းကြောင်းများမှ သံဓာတ်ကို စုပ်ယူမှုအားနည်းခြင်း ( အဓိက အူလမ်းကြောင်းရောဂါများ )
(၃) သွေးထွက်များခြင်းမှတစ်ဆင့် သွေးများဆုံးရှုံးခြင်း ( အမျိုးသမီးများရာသီသွေးများခြင်း ၊အစာအိမ်အူလမ်းကြောင်း အနာများ ၊ ကင်ဆာ အကြိတ်များနှင့်လိပ်ခေါင်းမှသွေးယိုခြင်း )
(၄) သွေးများများ လိုအပ်နေသည့်အချိန် ( ကိုယ်၀န်ဆောင်၊ ကလေးနိုတိုက်မိခင်များ၊ ကြီးကောင်ပေါက်အရွယ် )
*** အထက်ပါ အကြောင်းအရာ (၄) ချက်ထဲမှ တစ်ချက်နှင့်ကြုံတွေ့နေချိန် သွေးအားမနည်းအောင်(သံဓာတ်) သတိထား ဖြည့်တင်းရပါမည် ***
ဘယ်သူတွေမှာ ဖြစ်နိုင်ချေများသလဲ
(၁) နေ့မစေ့လမစေ့ မွေးလာသောကလေးများ
(၂) ၆လနှင့်အထက်ကလေးများ(ကျွေးမွေးသောအစားအစာများတွင်နွားနိုနှင့်နိုထွက်ပစ္စည်းများသာပါဝင်နေပီး သံဓာတ် ပါ၀င်မှုနည်းခြင်း)
(၃) သက်ကြီးရွယ်အိုများ ( အစားအသောက် နည်းခြင်းနှင့် နာတာရှည်ရောဂါများခံစားနေရခြင်း)
(၄) သတ်သတ်လွတ်သမားများ
(၅) အားကစားသမားများ ( ချွေးနှင့်ဆီးထဲတွင်သံဓာတ်ဆုံးရှုံးမှုများရှိနေခြင်း )
(၆) အမျိုးသမီးများ (ရာသီသွေးများခြင်းနှင့် ဓမ္မတာရက်ကြာပီး သံဓာတ်ဖြည့်တင်းဖို့ မေ့လျော့နေခြင်း)
(၇) တခြားသောအခြေအနေများ ( ကြီးကောင်ပေါက်အရွယ်၀င်ချိန် ၊ aspirinနှင့် အကိုက်အခဲပျောက်ဆေးများအလွန်အကျွံသောက်ပြီး အစာအိမ်နှင့်အူလမ်းကြောင်းအတွင်းသွေးယိုနေချိန် ၊ မြန်မာနိုင်ငံကဲ့သို့ အပူပိုင်းဒေသများတွင် နေထိုင်သူများ၌ တွေ့ရသော သန်ကောင်ရှိသူများ / သန်ချဆေး ပုံမှန်မသောက်သူများ)
သံဓာတ်ချိုတဲ့မှုကို ဘယ်လိုရှာဖွေသတ်မှတ်မလဲ
သံဓာတ်ချိုတဲ့ရောဂါဟုသတ်မှတ်ရန် အပြင်ပန်းကြည့်ပြီး သံသယဝင်ခန့်မှန်းနိုင်သော်လည်း တိတိကျကျ ကုသမှုလိုအပ်သောအခါ သွေးဖောက်စစ်ရန် လိုအပ်ပါသည်။
အဓိက ပြဿနာဟာ ဘာလဲ
သံဓာတ်အားနည်းခြင်းကြောင့် သွေးအားနည်းခြင်းဟာ အသက်အန္တရာယ်ရှိတဲ့ရောဂါတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကိုတော့ ရှာဖွေဖော်ထုတ်ရပါမယ်။ ဒါဟာ အရေးကြီးပါတယ်…..
အသက်ကြီးတဲ့သူတွေမှာဆိုရင် အစာအိမ်အူလမ်းကြောင်းကနေ သွေးထွက်နေတာလား ၊ ကင်ဆာရောဂါတစ်ခုခုများ ရှိနေတာလား ဆိုတာအထိ စဥ်းစားဖို့လိုပါတယ်။ လိုအပ်တဲ့စစ်ဆေးစမ်းသပ်မှုတွေကို ပြုလုပ်ဖို့လိုအပ်လိမ့်မယ် ( ဥပမာ အစာအိမ်မှန်ပြောင်းကြည့်တာမျိုး )
ကုသခြင်းများ
အစားအစာမှာ သံဓာတ်အားနည်းခြင်းကြောင့်ဆိုရင်တော့ နေ့စဥ်စားသုံးနေတဲ့ အစားအစာများမှာ အသားတစ်မျိုးမျိုးပါအောင် သတိထားစားသုံးရပါမယ်။ လိုအပ်ပါကသံဓာတ်အားဆေးများကို ဆရာဝန်ညွှန်ကြားမှုနှင့် သောက်သုံးနိုင်ပါတယ်။
အစာအိမ်အူလမ်းကြောင်းတို့မှတစ်ဆင့် သွေးများဆုံးရှုံးခြင်းကိုမူ မှန်ပြောင်းကြည့်၍ကုသသော ကုသနည်းများနဲ့ ချက်ချင်းတားဆီးနိုင်ပါတယ်။
လိုအပ်လျှင်သွေးသွင်းကုသမှုကို ပြုလုပ်ရနိုင်ပါတယ်။
သံဓာတ်အားဖြည့်သောအစားအစာများ
– အဓိကအားဖြင့် အသားဓာတ်ပါ၀င်မှုများသော အသားများ နေ့စဥ်သတိထားအားဖြည့်စားသုံးပေးပါ (အမဲသား၊၀က်သား၊ငါး-တူနာ၊ခရုကမာကောင်များ၊အသည်းဟင်းများနှင့် ဥအမျိုးမျိုး )
– သံဓာတ်ကြွယ်ဝသောအသီးအရွက်များ > အစိမ်းရောင်ပါသောအရွက် ( ဟင်းနုနွယ်၊မုန်ညှင်းဖြူ silverbeet၊ဆပ်လတ်ရွက် )
– ပဲအမျိုးမျိုး > ပဲကတ္တီပါ kidney bean ၊ ရွှေဖရုံသီးနှင့်ကန်စွန်းဥ
– အသီးများ > အသီးခြောက် ( ဇီးသီး၊သဖန်းသီး၊စပျစ်သီး )၊ အသီးဖျော်ရည်များ( ဇီးသီးနှင့်အနက်ရောင်ဘယ်ရီသီး )
အသီးအများစုတို့ကို လတ်လတ်ဆတ်ဆတ်စားသုံးရန် လိုအပ်ပါသည်။
– အစေ့အဆံများ > သံဓာတ်ဖြည့်ထားသောပေါင်မုန့်နှင့်ဆန်များ၊ Oat meal cereal ဟုခေါ်သည့် ကွေကာအုပ်များ၊ ပဲပိစပ်နှင့် ရွှေဖယုံစေ့
– သံဓာတ်စုပ်ယူမှုအားကောင်းစေသောအစာအစာများ > (အချဥ်ဓာတ်/ဗီတာမင်စီ ကြွယ်၀သောအစားအစာများ)
သံဓာတ်ကြွယ်ဝသောအစားအစာများကို ဖြည့်တင်းစားသုံးပေးခြင်းဖြင့် သံဓာတ်ချိုတဲ့နေခြင်းမှ ကာကွယ်နိုင်ပါသည်။
သံဓာတ်ချိုတဲ့နေ၍ သံဓာတ်အားဖြည့်ဆေးသောက်နေချိန် နွားနို့ကို 500 ml (ရေသန့်ဘူး တစ်၀က်) ထက်ပိုမသောက်ရပါ/ရောမသောက်ရပါ။ ကဖိန်းဓာတ်ပါသောကော်ဖီ ၊ လက်ဖက်ရည်လျော့သောက်ပါ/ရှောင်ကြဥ်ပါ/ဆေးနှင့်ရောမသောက်ရပါ။
သံဓာတ်အားဖြည့်ဆေးကို အစာမစားမှီ နာရီဝက်ကြိုသောက်ပါ ( အစာနှင့်အတူ မသောက်ပါနှင့် )
ဖြစ်နိုင်လျင် Vitamin Cနှင့် အတူ ရောသောက်ပါ ( ဗီတာမင်စီသည် သံဓာတ်စုပ်ယူမှုကို အားကောင်းစေပါသည် )
သံဓာတ်အားဖြည့်ဆေးကို တခြားဆေးများနှင့် အချိန်ခွာ၍ သောက်ပါ ( အထူးသဖြင့် အစာအိမ်ဆေးများသောက်နေလျင် ၂နာရီခွာ၍ သောက်ပါ )
နိုဘူးတိုက် ကလေးငယ်များကို သံဓာတ်ဖြည့်တင်းထားသောနိုမှုန့်များရွေးတိုက်ပါ။ ဖြည့်စွက်စာကျွေးသောအခါတွင်လည်း သံဓာတ်ပါသောအစားအစာများရွေးကျွေးပေးပါ။
*** သင့်မှာသံဓာတ်ချိုတဲ့နေသည်ဟုယူဆပါက အစားအစာ သတိထားစားပေးပါ။ သွေးထွက်များခြင်းကြောင့် သံဓာတ်ဆုံးရှုံးမှုများနေပါက ဆရာ၀န်နှင့်တိုင်ပင်ကာ ကုသမှုခံယူပါ ***
သံဓာတ်ချိုတဲ့ခြင်းကြောင့်ခံစားနေရသောဘေးဒုက္ခများကို လူသားတိုင်းလွတ်မြောက်နိုင်ပါစေ။
————————။ ။———————
….
….
ဆေးခန်းကပေးလိုက်တဲ့ သံဓာတ်ချို့တဲ့မှုအကြောင်းပညာပေးစာရွက်လေးဖတ်အပြီးမှာတော့ အားလုံးရဲ့မျက်နှာတွေ ဝင်းလက်လာပြီး ထင်မြင်ချက်တွေ အမျိုးမျိုးပေးကြတော့သည်…
” ဒါဆို သန်းမြက သံဓာတ်ချို့တဲ့နေတာပေါ့နော့်။ ထင်တယ်…အဲ့ကောင်မလေး အစားအသောက် ချေးများနေတာကြောင့် တစ်ခုခု အားနည်းနေတာနေမှာဆိုပြီး…..”
” ဟုတ်ပ…သူက တော်သင့်ရုံ အသားငါးလည်း သိပ်စားတာမဟုတ် “
” စာထဲကလို အူထဲ သွေးယိုနေတာများလားဟယ် “
” သူ့ကြည့်ရတာ လုံချည်လည်း များပုံပေါ်တယ်…လူကြည့်ရတာ ဖြူဖတ်ဖြူလျော်နဲ့ “
” သံဓာတ်အားပြည့်အောင် ရွာကနေ ဇီးသီးတွေ မှာလိုက်ရင် အဆင်ပြေမယ်ထင်တယ် “
… … …
အသံဗလံမျိုးစုံကြား နားကြားပြင်းကပ်လာသော ဦးဘညွန့်တစ်ယောက် မနေသာတော့…
” ဟိတ်…တော်ကြတော့
ဒီမှာ ဆရာဝန်က အားလုံးမေးမြန်းစမ်းသပ်ပြီး ဆေးတွေ ပေးလိုက်ပြီ။ ညဥ်းတို့ လျှာမရှည်ကြနဲ့တော့…ဒီဆေးတွေသာ သေချာတိုက်ပေး ကြားလား “
” ဟုတ်…ဟုတ် ဘကြီး
ဆေးတွေကိုလည်း စာထဲမှာပါတဲ့အတိုင်း သေချာတိုက်ပါ့မယ်။ အစားအသောက်ကိုလည်း ဂရုတစိုက်စားဖို့ ပြောပါ့မယ်…..ဒါ့ထက် ဘကြီး…….”
” အေး ပြော “
” သံဓာတ်အားမနည်းအောင် ဈေးထဲသွားပြီး အသားလေး တစ်ပိဿာလောက် ဝယ်ချင်လို့….နှစ်သောင်းလောက်….”
” တိန် ! “
The End
Reference
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.296
NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ
တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
( နေ့စဥ် မနက် ၈နာရီမှ ညနေ၆နာရီအထိ )
ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
ချက်ချင်း တန်းစီ၍ ဆေးခန်းပြရန်အတွက် ( https://t.me/TelehealthMM )ကို နှိပ်ပါ
Ministry of Health,
National Unity Government.
Published on: 21 July 2022
Last Updated: 21 July 2022