” အံဆုံးကပေးတဲ့ ဝေဒနာများ ”

“ အံဆုံးပေါက်နေလို့ နာလိုက်တာ၊ ဘာမှတောင်မစားနိုင်ဘူး” လို့ ညည်းညူသံတွေကို ကြားဖူးပါသလား?

အံဆုံးသွားဆိုတာ ဘယ်နေရာက သွား ကိုခေါ်တာလဲ၊ဘယ်အရွယ်မှာပေါက်တတ်လဲ၊ အန္တရာယ်ရှိပြီး နှုတ်ပစ်ဖို့လိုလား…အစရှိတဲ့ အကြောင်းအရာတွေကို ပြောပြပေးချင်ပါတယ်။

အံဆုံး (Wisdom tooth) ဆိုတဲ့ နာမည်အတိုင်း အံသွားတွေရဲ့ နောက်ဆုံးမှာ ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်သက် အရွယ်လောက်မှ ပေါက်လေ့ရှိပါတယ်။ အချို့လူတွေမှာ အပေါ်နှစ်ချောင်း၊ အောက်နှစ်ချောင်း လေးဖက်လေးလံ ပေါက်တတ်သလို တချို့မှာလည်း အောက်နှစ်ဖက်ပဲပေါက်တာမျိုးရှိပါတယ်။

အံဆုံးသွား ပေါက်တော့မယ်ဆိုရင်
• သွားဖုံးရောင်တာ
• သွားဖုံးတင်းပြီး နာကျင်တာ
• မေးရိုး နာကျင်တာ
• ပါးစပ်ကို ကျယ်ကျယ်မဟနိုင်တာ
• အစားကောင်းကောင်းမဝါးနိုင်တာတွေ ဖြစ်နိုင်ပါတယ်။

အံဆုံးသွားက သွားဖုံးအပြင်ကို ထိုးထွက်လာတာဖြစ်တဲ့အတွက် ဒီလိုနာကျင်မှု လက္ခဏာများကို ခံစားရတာဖြစ်ပြီး သွားတစ်ချောင်းလုံး အပြင်ရောက်တဲ့အခါ သက်သာသွားတတ်ပါတယ်။ နာကျင်မှုသက်သာအောင် ဆားရည်ငုံပေးခြင်း၊ အကိုက်အခဲပျောက်ဆေး အနည်းငယ်သောက်ပေးခြင်း၊ ရေကျက်သီးနွေးဖြင့် ကျပ်ထုပ်ထိုးပေးခြင်းတို့ လုပ်နိုင်ပါတယ်။

ဒါဆို အံဆုံးသွားက အန္တရာယ်ရှိပြီး နှုတ်ပစ်ဖို့ လိုလား?

ပုံမှန်ဆိုရင် အံဆုံးသွားတွေက အန္တရာယ်မရှိသလို နှုတ်ပစ်စရာလည်း မလိုပါဘူး။ သွားတိုက်တဲ့အချိန်မှာသာ အံဆုံးအထိ ရောက်အောင် သေချာတိုက်ပေးရင်ရပါပြီ။ ဒါပေမယ့် အချို့သူတွေမှာ အံဆုံးသွား ငုပ်နေခြင်း၊ နေရာမမှန်ခြင်း များဖြစ်တတ်ပါတယ်။

မူလရှိပြီးသား သွားတွေက သူနေ့ရာနဲ့သူ အသားကျပြီး အံဆုံးသွားအတွက် ပေါက်စရာ နေရာမရှိ‌တော့ဘူး ဆိုပါစို့။ အံဆုံးသွားကလည်း သဘာဝအရ ပေါက်ချင်လာတဲ့အခါ မရမကထိုးထွက်ပါတော့တယ်။ ဆိုတော့ကား တည့်တည့်မတ်မတ် ထွက်မလာပဲ ပုံစံမူမမှန်ပဲ ထွက်လာမယ်၊ ပါးစောင်ဘက်ကို စောင်းပြီးထိနေမယ်၊ လုံးဝမထွက်နိုင်တဲ့ အံဆုံးတွေက သွားဖုံးထဲမှာ ငုပ်ကျန်နေခဲ့မယ်။ ဒီအခြေအနေမျိုးတွေ ဖြစ်လာမယ်ဆို အပေါ်မှာပြောခဲ့တဲ့ နာကျင်မှုတွေ မသက်သာတဲ့အပြင်
• ခံတွင်း အနံ့ဆိုးထွက်ခြင်း
• သွားဖုံး သွေးယိုခြင်း
• သွား နဲ့ခြင်း
• ပါးစောင် မှာ ပွန်းပဲ့နာကျင်ခြင်း / ရောင်ခြင်း
• အာခေါင်ခြောက်ခြင်း
• သွားကျဥ်ခြင်း
• သွားကျိုးခြင်း၊ ပဲ့ခြင်း အစရှိသော နောက်ဆက်တွဲ လက္ခဏာများ ပေါ်လာပါမယ်။

ဒါဆိုရင်တော့ သွားနှင့်ခံတွင်း အထူးကုဆရာဝန်များနဲ့ သေချာလေး တိုင်ပင်ဆွေးနွေးဖို့လိုပါပြီ။ အချို့လူတွေမှာ အံဆုံးငုပ်နေပေမယ့် နာကျင်မှု လက္ခဏာမပေါ်တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် မိမိရဲ့သွား အခြေအနေကို သေချာကြည့်ပြီး ထူးထူးခြားခြား နာကျင်မှုမရှိရင်တောင် ပုံစံမမှန်တာတွေ့ရင် ဆရာဝန်ပြသင့်ပါတယ်။

အခန့်မသင့်ရင် အံဆုံးငုပ်ရာကတစ်ဆင့်
• သွားပိုးစားခြင်း
• သွားဖုံး ရောဂါများ
• အံဆုံးဝန်းကျင်တွင် ပိုးဝင်ခြင်း
• လျှာနှင့် ခံတွင်းတွင် ရောဂါပိုးများဝင်ခြင်း
• ပြည်တည်နာဖြစ်ခြင်း
• အကျိတ်ဖြစ်ခြင်း စတဲ့ သွားနှင့် ခံတွင်းရောဂါများ ဆက်လက် ခံစားရနိုင်ပါတယ်။

သွားနှင့် ခံတွင်း ပုံမှန်စစ်ဆေးမှုတွေကို အများစုက မေ့နေတတ်ကြပါတယ်။ ဒါကြောင့် ပုံမှန်စစ်ဆေးကြဖို့နဲ့ သွားနှင့်ခံတွင်း သန့်ရှင်းရေးကို အထူးအလေးပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Reference ????
Wisdom tooth removal – NHS (UK)
Healthline.com

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.