အရိုးပါး‌ခြင်း (Osteoporosis)

• လူလတ်ပိုင်းနဲ့ သက်ကြီးပိုင်းအရွယ် အမျိုးသမီးတွေကို အဓိကခြိမ်းခြောက်နေတဲ့ ရောဂါတစ်ခု ကတော့ “အရိုးပါးခြင်း” ပဲဖြစ်ပါတယ်။ အမျိုးသမီးတွေသာမက အမျိုးသားတွေမှာလည်း တွေ့ရတတ်ပါတယ်။
• အရိုးအဆစ်များအတွက် အဓိကကျတဲ့ Calcium (ကယ်လ်ဆီယမ်) ဓာတ် လျော့နည်းချို့တဲ့လာခြင်း ကြောင့် အရိုးရဲ့ထုထည်ပါးလာပြီး ထိခိုက်လွယ် အားနည်းတတ်ပါတယ်။
• အပေါ်မှာ ပြောခဲ့တဲ့အတိုင်း အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အထူးသဖြင့် အာရှတိုက်မှာရှိတဲ့ အမျိုးသမီးတွေမှာ အရိုးပါးရောဂါ အဖြစ်များတတ်ပါတယ်။

❓အရိုးပါးခြင်းဟာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ?
• မျိုးရိုးထဲမှာ အရိုးပါးရောဂါ ဖြစ်ဖူးသူတွေ
• ခန္ဓာကိုယ် သွယ်လျသူတွေ
• ဆေးလိပ်/အရက်သောက်သူတွေ
• Caffeine (ကာဖင်း) ဓာတ် အလွန်အမင်းသောက်သူတွေ (ကော်ဖီတစ်နေ့ကို သုံးခွက် အထက် သောက်သူတွေ)
• ကိုယ်လက်လှုပ်ရှားမှုနည်းသူတွေ
• Calcium (ကယ်လ်စီယံ)ဓာတ် လုံလောက်အောင် မစားသုံးသူတွေ
• နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းတာကြောင့် Vitamin D ချို့တဲ့နေသူတွေ
• အာဟာရချို့တဲ့သူတွေ/အစားရှောင်သူတွေ
• သွေးဆုံးချိန် ဟော်မုန်းအပြောင်းအလဲဖြစ်သူတွေ
• Cortisone ဆေးဝါးများကို ရေရှည်သောက်သုံးနေရသူတွေ စတဲ့သူတွေမှာ အရိုးပါးနိုင်ခြေ ပိုမိုမြင့်မားတတ်ပါတယ်။

• အရိုးပါးခြင်းကြောင့် ချော်လဲတဲ့အခါ၊ အမြင့်ကနေ ပြုတ်ကျတဲ့အခါ တင်ပါး/ခါး/ကျောရိုး ကျိုးတာ၊ အက်တာတွေ ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ ပြင်ပထိခိုက်မှု မရှိဘဲနဲ့တောင် အရိုးကျိုးနိုင်ပါတယ် (ချောင်းဆိုးလိုက်ရုံနဲ့ အရိုးကျိုးသွားတာမျိုး ဖြစ်နိုင်ပါတယ်)။ အရိုးပါးတာကြောင့် ကျောရိုးကျိုး ရာမှတစ်ဆင့် dowager’s hump လို့ခေါ်တဲ့ အပေါ်ပိုင်းကျောရိုးဟာ ပုံမှန်မဟုတ်ဘဲ အပြင်ဘက်ကို ခုံးပြီးငေါထွက်နေတာမျိုးအထိ ဖြစ်နိုင်ပါ‌တယ်။

❓အရိုးပါး/မပါး ဘယ်လိုသိနိုင်မလဲ?
• အရိုးကျိုးပြီးနောက်မှသာ မိမိမှာ အရိုးပါးနေကြောင်း သိရတတ်ပါတယ်။ X-rays ရိုက်ကြည့် နိုင်ပေမယ့် ခန္ဓာကိုယ်မှာရှိတဲ့အရိုးတွေရဲ့ 50% လောက် ပါးပြီးမှသာ သတိထားမိနိုင် တာကြောင့် မလွယ်ကူပါဘူး။ အကောင်းဆုံးနည်းလမ်းကတော့ ကျောရိုးနဲ့ လည်ပင်းမှာ ရှိတဲ့ အရိုးကို DEXA Bone Density Scan ဖတ်ပြီး စစ်ဆေးတာပဲဖြစ်ပါတယ်။

  • ❓အရိုးပါးခြင်းကို ဘယ်လိုကာကွယ်နိုင်မလဲ?
  • ပြေးတာ၊ လမ်းမြန်မြန်လျှောက်တာ၊ ကခုန်တာ၊ တင်းနစ်ရိုက်တာ စတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေလုပ်ပေးပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • အရက်ဖြတ်ပါ။
  • ကော်ဖီလျှော့သောက်ပါ။ ကော်ဖီမစ်အစား သဘာဝကော်ဖီစစ်စစ်ကို သောက်ပါ။
  • အစားမရွေးဘဲ အာဟာရစုံအောင်စားပါ။
  • Calcium ကြွယ်ဝတဲ့ အစားအစာများများ စားပေးပါ။ ( နို့၊ ဒိန်ချဉ်၊ နို့ထွက်ပစ္စည်း၊ ဆော်မွန်၊ ဆာဒင်း ငါးတွေ၊ တို့ဖူး၊ အစေ့အဆံ၊ ‌ချဉ်တဲ့ အသီးတွေ စားပေးနိုင်ပါတယ်။ ) တစ်ရက်ကို Calcium 1000-1500 mg ဝန်းကျင်စားပေးပါ။ သွေးဆုံးပြီးချိန်မှာ 1500 mg ပြည့်အောင် စားပါ။
  • Vitamin D ရအောင် သောက်ဆေးမှီဝဲတာအစား မနက်ခင်းနေရောင်ခြည်နုနုကို ခံယူပါ။ (မနက်ဆယ်နာရီမထိုးခင်)။

❓ဆေးကုသမှုတွေရော လိုအပ်လား?
• သွေးဆုံးချိန်မှာ အရိုးပါးတာကို ကာကွယ်နိုင်ဖို့ လိုအပ်သလို Hormone Replacement Therapy ခံယူနိုင်ပါတယ်။
• Calcitriol
• tibolone
• strontium ranelate
• bisphosphonates
• selective oestrogen receptor modulators (SERMs)
စတဲ့ အရိုးပါးတာကို အထိုက်အလျောက်ဟန့်တားပေးနိုင်တဲ့ ဆေးဝါးများ သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်သဘောနဲ့ကိုယ် သောက်တာထက် ဆရာဝန်ကို မေးမြန်းတိုင်ပင်ပြီးမှသာ သောက်သုံးသင့်ပါတယ်။
• သက်ဆိုင်ရာ ဆရာဝန်က
• စားသောက်မှုပုံစံ ပြောင်းစေတာ
• Calcium ဖြည့်စွက်စာတွေ ပေးတာ
• အရိုးပါးနိုင်တဲ့ အခြေအနေကိုစောင့်ကြည့်ပြီး bone density measurement ပြုလုပ်စေတာ
• လိုအပ်တဲ့ ဆေးဝါးတွေ ပေးတာ စသဖြင့် သင့်တော်တဲ့ ကုသမှုကို ပေးပါလိမ့်မယ်။

ဒါကြောင့် ဘေးထွက်ဆိုးကျိုးကင်းဝေးပြီး နည်းစနစ်တကျနဲ့ အရိုးပါးခြင်းကို တွန်းလှန်နိုင်ဖို့ ကောင်းနိုးရာရာ ဆေးမြီးတိုတွေ၊ ဖြည့်စွက်စာတွေကို ရှောင်ကျဉ်ပြီး ဆရာဝန်ရဲ့လမ်းညွှန်မှုကိုပဲ လိုက်နာကြပါလို့ သတိပေးလိုက်ရပါတယ်။

☘️သက်ရှည်ကျန်းမာ ဒေါင်ဒေါင်မြည်နိုင်ကြပါစေ☘️

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.114.

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.