“ဝှေးစေ့ကင်ဆာ အဖြေရှာ ၊ မရှက်ကြောက်ဘဲ ဆွေးနွေးတိုင်ပင်ပါ ” Testicular Cancer
++++++++++++++++++++++++++++++++++++

• ဝှေးစေ့ (Testes) ဆိုတာကတော့ အမျိုးသားတို့ရဲ့ လိင်အင်္ဂါ (Penis) နားမှာရှိပြီး ကပ်ပယ်အိတ် (scrotum) ကဖုံးအုပ်ပေးထားတဲ့ ဘဲဥပုံသဏ္ဍာန် အင်္ဂါနှစ်ခုကို ဆိုလိုပါတယ်။ ဝှေးစေ့မှာ ဖြစ်တဲ့ ကင်ဆာကို ဝှေးစေ့ကင်ဆာ (Testicular Cancer) လို့ခေါ်တာပါ။
• အဖြစ်များတဲ့ကင်ဆာအမျိုးအစား မဟုတ်ဘဲ အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ အန္တရာယ်ရှိတဲ့ အကျိတ်အမျိုးမျိုးထဲမှာမှ ၁-၂% လောက်သာ ဝှေးစေ့ကင်ဆာဖြစ်နိုင်ပါတယ်။
• ငယ်ရွယ်သန်စွမ်းတဲ့ အမျိုးသားတွေမှာ အဖြစ်များပြီး ၁၅-၄၅ နှစ်ဝန်းကျင် အမျိုးသားတွေမှာတော့ ပြင်းထန်တဲ့ရောဂါအခြေအနေကို တွေ့ရတတ်ပါတယ်။

ဝှေးစေ့ကင်ဆာ ဘယ်နှစ်မျိုးရှိတာလဲ?

• ဝှေးစေ့ကင်ဆာ (၂)မျိုးရှိပါတယ်။
– အသက် ၂၅-၅၀ ဝန်းကျင်အမျိုးသားတွေမှာ တွေ့ရတဲ့ Seminoma နဲ့
– အသက် ၃၅ နှစ်အောက် အမျိုးသားတွေမှာ တွေ့ရတဲ့ non-seminoma အမျိုးအစားတို့ ဖြစ်ကြပါတယ်။

ဝှေးစေ့ကင်ဆာ လက္ခဏာ‌တွေက ဘာတွေလဲ?

• ဝှေးစေ့မှာ နာကျင်မှုမရှိတဲ့ အကျိတ်အဖုတွေ စမ်းမိတာ၊
• အထိအတွေ့ကို မခံစားရတာ၊
• ကပ်ပယ်အိတ် လေးလံနေတာ၊
• ကိုက်ခဲ နာကျင်တာ၊
• ဝှေးစေ့ ရောင်နေတာ /ဖောင်းနေတာ စတာတွေတွေ့ရှိရတတ်ပါတယ်။

ဝှေးစေ့ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ?

• ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေစုပေါင်းမိရာကနေ တဖြည်းဖြည်းပွားများလာပြီး အကျိတ်အဆင့်ထိ ရောက်လာ တာဖြစ်ပါတယ်။ ဘာကြောင့်ရယ်လို့တော့ အတိအကျမပြောနိုင်ပေမယ့် ဖြစ်နိုင်ခြေတွေက
– ဝှေးစေ့ အောက်ကို ဆင်းမလာတာ
– ဝှေးစေ့ အောက်ကိုမဆင်းလာတဲ့အတွက် ခွဲစိတ်ကုသမှုခံယူထားရတာ
– ရောဂါကူးစက်မှု တစ်ခုခုကြောင့် ဝှေးစေ့ သိမ်နေတာ/ ချည့်သွားတာ
– မျိုးရိုးလိုက်တာ
– ဝှေးစေ့မှာ ထိခိုက်ဒဏ်ရာရထားတာ
– အပူဒဏ်ကြာရှည်စွာ ခံရတာ
– Klinefelter Syndrome (အမျိုးသားတွေမှာ x chromosome တစ်ခု အပိုပါလာတဲ့ အခြေအနေ)
– HIV / AIDS ရောဂါရှိနေတာ စတာတွေပဲ ဖြစ်ပါတယ်။

ဘယ်လိုစစ်ဆေးသိရှိနိုင်မလဲ?

• ဆရာဝန်ကိုယ်တိုင်က ဝှေးစေ့နဲ့ ကပ်ပယ်အိတ်ကို စစ်ဆေးတာ၊ Ultrasound အာထရာဆောင်း ရိုက်တာ၊Tumour Markers လို့ခေါ်တဲ့ သွေးစစ်ဆေးမှုတွေလုပ်ပြီး ဝှေးစေ့ကင်ဆာရှိ/မရှိ စစ်ဆေး နိုင်ပါတယ်။
• ဝှေးစေ့ကင်ဆာရဲ့ ၉၀-၉၅% က ကုသမှုအောင်မြင်နိုင်ပါတယ်။ စောစောသိလေ၊ ကုသမှု အောင်မြင် နိုင်ခြေ ပိုများလေလေပါပဲ။

ဝှေးစေ့ကင်ဆာရောဂါကို ဘယ်လိုကုသလို့ရနိုင်လဲ?

– ဝှေးစေ့နဲ့ ဆက်စပ်နေတဲ့ ပြန်ရည်ဂလင်းကို ဖြတ်ထုတ်ပစ်တာ
– ဓာတ်ရောင်ခြည်ကုသမှု ပေးတာ
– ကင်ဆာဆဲလ်ကိုသေစေတဲ့ ဆေးဝါးတွေကိုသုံးပြီး Chemotherapy နည်းနဲ့ကုသမှုပေးတာ စတဲ့ ကုသမှုအမျိုးမျိုးခံယူနိုင်ပါတယ်။

• ဝှေးစေ့ကင်ဆာ ကုသမှု ခံယူပြီးပေမယ့် နောက်ဆက်တွဲ ကျန်းမာရေးစစ်ဆေးမှုတွေအနေနဲ့ ရင်ဘတ်၊ ဝမ်းဗိုက်နဲ့ တင်ပါးဆုံတဝိုက် Medical Check-up လုပ်တာတွေကို လအနည်းငယ်အကြာ ဒါမှမဟုတ် 2 နှစ်အတွင်း ပြုလုပ်သင့်ပါတယ်။

• ဝှေးစေ့ကင်ဆာကုသမှုတွေကြောင့် သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို လျော့ကျစေမှာ မဟုတ်ပါဘူး။ ဝှေးစေ့ တစ်ဘက်ကို ဖယ်ထုတ်လိုက်ရရင်တောင် ကျန်တစ်ဘက်က မျိုးဆက်ပျံ့ပွားဖို့ လိုအပ်တဲ့ သုတ်ပိုးတွေကို ပြည့်စုံလုံလောက်တဲ့အပြင် ပိုလျှံတဲ့အထိ ထုတ်ပေးနိုင်ပါသေးတယ်။

ဒါကြောင့် ဝှေးစေ့ကင်ဆာ လက္ခဏာ‌တွေကို တွေ့ရှိခဲ့ရင် ရှက်တာ၊ ကြောက်တာ၊ စိုးရိမ်တာတွေ လုံးဝ မဖြစ်ဘဲ အမြန်ဆုံးစစ်ဆေးကုသကြဖို့ အကြံပြုလိုပါတယ်။

Reference ????
????Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.105.

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.