သည်းခြေလမ်းကြောင်းကျောက်တည်ခြင်း

မြန်မာနိုင်ငံရဲ့လူနေမှုပုံစံပတ်၀န်းကျင်နဲ့ စားသောက်မှုပုံစံတွေအရ သည်းခြေလမ်းကြောင်းကျောက်တည်တဲ့ရောဂါဟာ အဖြစ်များပါတယ်။

တစ်ကမ္ဘာလုံးမှာတော့ သည်းခြေလမ်းကြောင်းကျောက်တည်ခြင်းဟာ ၊ သည်းခြေအိတ်ထဲမှာရှိနေတဲ့ကျောက်က သည်းခြေလမ်းကြောင်းထဲကို ပြုတ်ကျခြင်းကြောင့်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အဲဒီဖြစ်စဉ်အပြင် (လူ‌နေမှုပုံစံပတ်၀န်းကျင်နဲ့ စားသောက်မှုပုံစံအရ) သန်ကောင် များကြောင့် သည်းခြေလမ်းကြောင်းထဲမှာပဲ စတင်ကျောက်တည်လာတဲ့ဖြစ်စဉ်တွေ တွေ့ရပါတယ်။

❓သည်းခြေလမ်းကြောင်းထဲမှာ ကျောက်ရှိရင် ဘယ်လိုသိနိုင်မလဲ

– ချက်အပေါ်ပိုင်း ၊ ဗိုက်ရဲ့ညာဘက်ခြမ်း (သို့) ရင်ညွန့်နားမှာ နာတတ်ပါတယ်။
– ချမ်းတုန်ဖျားတတ်ပါတယ်။
– မျက်လုံးဝါ/အသားဝါတာ (သို့) ဆီးဝါ/ယားတာ (သို့) ၀မ်းအရောင်ဖျော့တာ ဖြစ်တတ်ပါတယ်။

အပေါ်အချက် (၃)ချက်ထဲက (၂)ချက်ရှိရင် သံသယရှိသင့်ပါတယ်။ ဒီရောဂါဟာ ဖြစ်လိုက်ပျောက်လိုက်နဲ့ ခဏခဏ ဖြစ်တတ်ပါတယ်။

❓သည်းခြေလမ်းကြောင်းကျောက်တည်တာဖြစ်ရင် သောက်ဆေးနဲ့ပျောက်လား (သို့) ခွဲရမှာလား

– သောက်ဆေးနဲ့မပျောက်ပါဘူး။
– အနောက်နိုင်ငံက သည်းခြေလမ်းကြောင်းကျောက်တွေကိုတော့ အစာအိမ်မှန်ပြောင်းလိုမျိုး မှန်ပြောင်း( ERCP) ကြည့်ပြီး ကျောက်ကို လှမ်းထုတ် (stone extraction) ၊ ပြွန်ချောင်း (stent)ထည့် စတာတွေ လုပ်လို့ရပါတယ်။
– မြန်မာနိုင်ငံမှာတော့ ကျောက်အများစုက အပေါ်ယံသာအနည်းငယ်မာပြီး အတွင်းသားက ရွှံ့လိုအနည်အနှစ် ခပ်ပျော့ပျော့တွေဖြစ်တာရယ်၊ အရွယ်အစား ကြီးတာရယ်၊ ကျောက်အရေအတွက်လည်း များတာကြောင့် မှန်ပြောင်းကနေတစ်ဆင့် ကုန်စင်အောင်ထုတ်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။
– ခွဲပြီးရင်တောင် ပြန်ဖြစ်နိုင်ချေရှိလို့ သန်ချဆေး ပုံမှန်ဆက်သောက်ဖို့လိုသလို၊ တချို့လူနာတွေမှာ သည်းခြေရည်ကျဲဆေးပါသောက်ဖို့လိုပါတယ်။
– တချို့သောလူနာအနည်းငယ်မှာတော့ သည်းခြေလမ်းကြောင်းကျောက် အရေအတွက်နည်းရင် /မာရင် (ERCP) မှန်ပြောင်းနဲ့ ကျောက်ထုတ်လို့ရသလို၊ အပေါက်ကလေးတွေဖောက်ပြီးခွဲစိတ်တာ ( key hole surgery) လုပ်လို့ရပါတယ်။

❓သည်းခြေလမ်းကြောင်း ကျောက်တည်တာက အသက်အန္တရာယ်ရှိပါသလား

– လူနာတွေက ” ဝါ၊ဖျား၊နာ ” ဖြစ်တာကို အစောပိုင်းမှာခံနိုင်ရည်ရှိနေတော့ ခွဲစိတ်ဖို့အကြံပေးသော်လည်း မခွဲကြပါဘူး။ ဆေးထိုးဆေးသောက်နဲ့ နေကြပါတယ်။
– ကျောက်တွေကပိုပိုများလာပြီး အသည်းတွင်းပိုင်း သည်းခြေလမ်းကြောင်းမှာပါ ရှိလာတဲ့အခါ နောက်ပိုင်း အသည်းကြွပ်/အသည်းခြောက် (biliary cirrhosis) ထိဖြစ်လာတတ်သလို၊ သွေးဆိပ်တက်ပြီး ( biliary sepsis) အသက်အန္တရာယ်လည်း ဖြစ်နိုင်ပါတယ်။
– ဒါ့အပြင် ကျောက်ကြောင့် အသည်းခဏခဏ‌ရောင်ပြီး အသည်းရှုံ့သွား၊သေးသွားပြီးနောက် (liver atrophy) သည်းခြေလမ်းကြောင်း ကင်ဆာ ( Cholangiocarcinoma) အထိပါဖြစ်စေနိုင်ပါတယ်။
– အချို့သော သန်ကောင် (အသည်းသန်ကောင်- liver flukes) ‌တွေကလည်း သည်းခြေလမ်းကြောင်း ကင်ဆာဖြစ်စေနိုင်ပါတယ်။ အဆိုပါ အသည်းသန်ကောင်တွေဟာ ငါးပိ၊ ငါးချဉ်၊ ပုစွန်ချဉ်၊ ငါးလေးချဉ် စတဲ့အစားအသောက်တွေမှာ တွေ့ရတတ်ပါတယ်။
( အဆိုပါအစားအသောက်တွေကို အန္တရာယ်ကင်းအောင်စားသောက်နည်းကိုတော့ နောက်အပါတ်တွေမှာ ဆက်လက်တင်ပြ ပေးပါ့မယ် )

နိဂုံးချုပ်ပြောရရင် မြန်မာနိုင်ငံမှာ သည်းခြေလမ်းကြောင်းကျောက်တည်တဲ့ရောဂါဟာ အဖြစ်များပါတယ်။ ဖြစ်လာခဲ့ရင် လိုအပ်တဲ့ကုသမှုတွေကို ထိထိရောက်ရောက်လက်ခံဖို့လိုသလို ခွဲစိတ်ပြီး‌နောက် ကျောက်ပြန်မတည်ဖို့အတွက် သန်ချဆေးသောက်ကြဖို့ကလည်း အရေးကြီးကြောင်းပြောကြားရင်း “ အပ်နဲ့ထွင်းရမှာ ပုဆိန်နဲ့ မပေါက်ရဖို့” တိုက်တွန်း နိဂုံးချုပ်လိုက်ရပါတယ်။

ခွဲစိတ်ဆရာဆရာဝန်ကြီးတစ်ဦး
Telekyanmar

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.