အတွင်းတိမ် ( Cataract )

ဒီနေ့တော့ မျက်စိရောဂါတွေထဲမှာ အတွေ့များတဲ့ အတွင်းတိမ် (cataract) အကြောင်းနဲ့ ပတ်သက်ပြီး လေ့လာကြရအောင်ပါနော်…

ဘာကြောင့် အတွင်းတိမ်ကို cataractလို့ခေါ်ကြတာလဲ?

• Cataract ရဲ့ အဓိပ္ပာယ် အစစ်အမှန်ကတော့ မတ်စောက်တဲ့နေရာတစ်နေရာကနေ စီးဆင်းနေတဲ့ ရေတံခွန်ကို ဆိုလိုပါတယ်။ အလားတူပဲ အတွင်းတိမ်ကလည်း မိုးရွာတဲ့အချိန် ရေတွေစီးကျနေတဲ့ ပြတင်းပေါက်ကို မြင်ရသလိုပဲ ဝိုးတဝါးပဲ မြင်ရတဲ့ အတွက်ကြောင့် cataract လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

အတွင်းတိမ်ဆိုတာ ဘာလဲ?

• မျက်လုံးရဲ့ ကြည်လင်နေတဲ့ မှန်ဘီလူး ခေါ် မျက်တွင်းမှန်လေးမှာ ဖြစ်ပေါ်လာတဲ့ မကြည်လင်တဲ့ တိမ်ခဲလေးလို အဖတ်လေးတွေကို အတွင်းတိမ်လို့ ခေါ်ပါတယ်။
• လူတွေရဲ့ မျက်လုံးမှာရှိတဲ့ မျက်တွင်းမှန်လေးကတော့ မှန်လိုပဲ ကြည်လင်နေပြီး ခုံးနေတဲ့ သဏ္ဍာန် မှန်ဘီလူးလေးပဲ ဖြစ်ပါတယ်။ သူဟာ မျက်လုံးရဲ့ အရှေ့မှာရှိပြီးတော့ အလင်းရောင်ကို မျက်လုံးရဲ့ အနောက်ဘက်ကိုရောက်အောင် ဖြတ်ပေးနိုင်တဲ့ တာဝန်ကို လုပ်ဆောင်ပေးပါတယ်။
• အကယ်၍ အတွင်းတိမ်စွဲလာမယ်ဆိုရင်တော့ အဲ့ဒီမှန်ဘီလူးလေးက အလင်းကိုဖြတ်ခွင့်မပေးနိုင်တော့ဘဲ အမြင်အာရုံ ချို့ယွင်းလာမှာပဲ ဖြစ်ပါတယ်။
• အတွင်းတိမ်က မျက်လုံးတစ်လုံးတည်းဖြစ်စေ နှစ်လုံးစလုံးမှာဖြစ်စေ စွဲကပ်နိုင်ပါတယ်။
• ဒါပေမဲ့ အတွင်းတိမ်စွဲကပ်တာက ကင်ဆာမဟုတ်ပါဘူး။

အတွင်းတိမ်က ဘယ်လောက်ထိ အဖြစ်များလဲ?

• ကမ္ဘာပေါ်မှ အမြင်အာရုံချို့တဲ့ခြင်းအများစုက အတွင်းတိမ်ကို မကုသတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
• အများအားဖြင့် အသက်အရွယ်ကြီးလာတဲ့အခါမှာ မျက်တွင်းမှန်က ထူလာပြီး မကြည်မလင် ဖြစ်လာပါတယ်။
• အသက် (၆၅) နှစ်နဲ့အထက် အသက်ကြီးသူတွေရဲ့ တစ်ဝက်လောက်မှာ အတွင်းတိမ်ဖြစ်နေတာကို တွေ့ရတတ်ပါတယ်။

အတွင်းတိမ် အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ?

• မျက်တွင်းမှန်ရဲ့ အလယ်တည့်တည့်မှာ ဖြစ်တဲ့ အတွင်းတိမ်
• မျက်တွင်းမှန်ရဲ့ ဘေးအစွန်မှာ ဖြစ်တဲ့ အတွင်းတိမ်
• မျက်တွင်းမှန်ရဲ့ အနောက်မှာ ဖြစ်တဲ့ အတွင်းတိမ်နဲ့
• မွေးရာပါ အတွင်းတိမ်
ဆိုပြီး အဓိက (၄)မျိုး ရှိပါတယ်။

အတွင်းတိမ်ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ?

• ရောဂါလက္ခဏာတွေက တိမ်ဘယ်နားမှာ ဖြစ်နေလဲဆိုတာရယ် အရွယ်အစားဘယ်လောက်ရှိလဲ ဆိုတာရယ်ပေါ် မူတည်ပါတယ်။
• ပုံမှန်အားဖြင့်တွေ့ရတဲ့ လက္ခဏာတွေကတော့
– စာဖတ်ရန် ခက်ခဲလာမယ်
– အမြင်ဝေဝါးလာမယ်
– မျက်နှာတွေကို မှတ်မိဖို့ ခက်ခဲလာမယ်
– အထူးသဖြင့် ညဘက်လိုအချိန်တွေမှာ ကားမောင်းရန် ခက်ခဲလာမယ်
– အလင်းရောင်တောက်တောက်တွေမှာ အမြင်အာရုံ လျော့ကျလာမယ်
– အလင်းရောင်တွေရဲ့‌ဘေးမှာ ကွင်းကဲ့သို့ အဝိုင်းတွေ မြင်လာရမယ်
စတာတွေပဲ ဖြစ်ပါတယ်။

• အတွင်းတိမ်က တဖြည်းဖြည်းနဲ့ ဆိုးဝါးတာ ဖြစ်ပေမယ့် အမြင်အာရုံကို မထိခိုက်ခင်အထိတော့ အစောပိုင်းအဆင့်မှာ လူတွေက သတိမထားမိတတ်ကြပါဘူး။
• တချို့လူတွေမှာတော့ အတွင်းတိမ်က အမြင်အာရုံထိခိုက်ပျက်စီးသည်အထိ မဖြစ်ဘဲ အနည်းငယ်ပဲ ထိခိုက်တာ ဖြစ်တတ်ပါတယ်။

ဘယ်သူတွေမှာ အတွင်းတိမ် ဖြစ်နိုင်ဖို့အလားအလာပိုများလဲ?

• အသက်အရွယ်ကြီးတဲ့သူတွေ
• ဆီးချိုရောဂါသည်တွေ
• အတွင်းတိမ် မျိုးရိုးရှိသူတွေ
• စတီးရွိုက် ကြာရှည်စွာ သောက်သုံးနေရတဲ့သူတွေ
• သွေးတိုးရောဂါသည်တွေ
• အရက် အလွန်အကျွံ သောက်သုံးသူတွေ
• ဆေးလိပ်သောက်သူတွေ
• သန္ဓေသားဘဝမှာ rubelle, toxoplasma တို့ကဲ့သို့သော ရောဂါပိုးကူးစက်ခံရသူတွေ
• မျက်လုံးထိခိုက်ဒဏ်ရာရဖူးသူတွေနဲ့
• ခရမ်းလွန်ရောင်ခြည်၊ ဓာတ်ရောင်ခြည် ကြာရှည်စွာ ထိတွေ့ခံရတဲ့ သူတွေမှာ အတွင်းတိမ် ဖြစ်ဖို့ အလားအလာများစွာ ရှိနေပါတယ်။

အတွင်းတိမ်ရှိတာကို ဘယ်လိုသိနိုင်လဲ?

• အတွင်းတိမ်ရှိနေတာကို မျက်လုံးကို စစ်ဆေးမှုပြုလုပ်ရာကနေ သိရှိနိုင်ပါတယ်။ မျက်စိအထူးကု ဆရာဝန်ကြီးများကသာလျှင် အတွင်းတိမ်ရဲ့ အနေအထားနဲ့ တည်နေရာကို သိရှိနိုင်တာ ဖြစ်ပါတယ်။

အတွင်းတိမ်ကို ဘယ်လို ကုသကြမလဲ?
• အတွင်းတိမ်ကို သောက်ဆေးတွေသုံးပြီး ကုသလို့ မရပါဘူး။
• ခွဲစိတ်ကုသခြင်းကပဲ အတွင်းတိမ်ကို သက်သာစေနိုင်ပါတယ်။
• အတွင်းတိမ် ဖုံးအုပ်နေတဲ့ မျက်တွင်းမှန်ကို ဖယ်ရှားပြီး နောက် မျက်တွင်းမှန်အသစ် ထည့်သွင်းခြင်းပဲ ဖြစ်ပါတယ်။

အတွင်းတိမ် မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ?

• ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး မျက်လုံးကို ပုံမှန် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ဖို့ လိုအပ်ပါတယ်။
• ဆေးလိပ်ဖြတ်ပါ။
• အရက်သေစာ လွန်ကဲစွာ သောက်သုံးခြင်းကို ရှောင်ကြဥ်ပါ။
• ဆီးချိုကဲ့သို့သော အတွင်းတိမ်ဖြစ်စေနိုင်တဲ့ ဒါမှမဟုတ် အတွင်းတိမ်ကို ပိုဆိုးစေနိုင်တဲ့ ရောဂါများရှိနေရင်တော့ စနစ်တကျ ကုသဖို့၊ ရောဂါထိန်းသိမ်းဖို့ လိုအပ်ပါတယ်။
• အာဟာရပြည့်ဝတဲ့ ဟင်းသီးဟင်းရွက် အသီးအနှံများကို များများစားသုံးဖို့ လိုအပ်ပါတယ်။
• နေပူထဲထွက်တဲ့အခါ နေကာမျက်မှန်၊ ဦးထုပ်တို့လို မျက်လုံးကို အကာအကွယ်ပေးနိုင်တဲ့ အရာတွေ ဝတ်ဆင်ပါ။

အတွင်းတိမ်ကို ဘယ်အချိန်မှာ ဖယ်ရှားသင့်လဲ?

• အတွင်းတိမ်ကြောင့်ဖြစ်လာတဲ့ လက္ခဏာတွေကြောင့် နေ့စဥ်လူနေမှုဘဝမှာ အနှောင့်အယှက် ဖြစ်လာမယ်ဆိုရင်တော့ အတွင်းတိမ်ကို ဖယ်ရှားဖို့ လိုအပ်နေပါပြီ။
• ဒီလိုအခြအနေမှာဆိုရင်‌တော့ အသက်ကြီးသူဖြစ်စေ၊ ငယ်သူဖြစ်စေ အတွင်းတိမ်ကို ဖယ်ရှားဖို့ လိုအပ်ပါတယ်။

အတွင်းတိမ်ကို ဖယ်ရှားသင့်တဲ့ အချိန်မှာ စောစီးစွာ မဖယ်ရှားရင် ဘယ်လို နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာနိုင်လဲ?

• အတွင်းတိမ်က တဖြည်းဖြည့် ရင့်မှည့်လွန်လာတဲ့အချိန်မှ ခွဲစိတ်ကုသမှု ခံယူမယ်ဆိုရင်တော့ တော်တော့်ကို အန္တရာယ်များနိုင်ပါတယ်။
• အမြင်အာရုံ ပိုမိုချို့ယွင်းလာတဲ့အတွက် မတော်တဆမှုတွေ၊ အန္တရာယ်တွေ ပိုရှိလာနိုင်ပါတယ်။
• အတွင်းတိမ်ကြောင့် ရေတိမ်ဖြစ်လာနိုင်ချေလည်း မြင့်တက်လာနိုင်ပါတယ်။
• အကြီးမားဆုံး ပြဿနာကတော့ အမြင်အာရုံ ဆုံးရှုံးခြင်းပဲ ဖြစ်ပါတယ်။

ဒီလောက်ဆို အတွင်းတိမ်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ စုံလင်စွာ သိရှိနားလည်ပြီလို့ ယူဆပါတယ်။ အတွင်းတိမ်ရောဂါဆိုတာ လုံးဝမပေါ့ဆသင့်တဲ့ ရောဂါပဲ ဖြစ်ပါတယ်။ ဒါကြောင့် အားလုံးပဲ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ မိမိရဲ့ မျက်စိကျန်းမာရေးကို အထူးဂရုစိုက်ကြပါလို့ တိုက်တွန်းပါရစေ။

Reference ????
????Oxford handbook of general practice 5th Edition pg- 956
????Davidson 23rd Edition pg – 1174 Murtagh’s patient education pg 6th Edition pg- 165

❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ

(https://m.me/telehealthmm)

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

Ministry of Health,

National Unity Government.