ငါးမျက်စိရောဂါအကြောင်း သိကောင်းစရာ
ငါးမျက်စိဆိုတာ အဖြစ်များပြီး ကူးစက်တတ်တဲ့ အရေပြားအဖုအလုံးကလေးတွေပါ။ ကလေးတွေရော လူကြီးတွေမှာပါ ဖြစ်နိုင်တဲ့ ဒီ ငါးမျက်စိလေးတွေအကြောင်း သိကောင်းစရာ ဗဟုသုတတွေကို ဆက်လက် ဖတ်ရှု လိုက်ရအောင်။
❓ငါးမျက်စိဘာလို့ဖြစ်?
????ငါးမျက်စိ (Molluscum Contagiosum) ဟာ Poxvirus လို့ခေါ်ဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်ရပါတယ်။ ဒီဗိုင်းရပ်စ်ပိုးလေးတွေဟာ အရေပြား ထိခိုက်/ စုတ်ပြဲ/ ပြတ်ရှရာလေးကနေတောင် အရေပြားအတွင်းကို ဝင်ရောက်ပွားများပြီး ငါးမျက်စိဖြစ်ပွားစေတတ်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ငါးမျက်စိဟာ အဖြစ်များတဲ့ အရေပြားအနာကလေးတွေဖြစ်ပါတယ်။ လူကြီးလူငယ်မရွေးဖြစ်နိုင်ပေမယ့် အသက် ၁၅ နှစ် အောက်ကလေးငယ်တွေ နဲ့ ကျောင်းနေအရွယ်ကလေးတွေမှာ အဓိက အဖြစ်များဆုံးဖြစ်တတ်ပါတယ်။
❓ငါးမျက်စိ ဘယ်လိုကူးစက်သလဲ?
- ငါးမျက်စိရှိသူရဲ့ အရေပြားပေါ်က ငါးမျက်စိလေးတွေနဲ့ ထိမိ/ ကိုင်မိရင်ကူးတတ်ပါတယ်။
- ငါးမျက်စိရှိသူနဲ့ အဝတ်အစား၊ ပဝါ၊ တဘက် စတဲ့အသုံးအဆောင်ပစ္စည်းတွေ အတူမျှသုံးတာကနေလည်း ကူးတတ်ပါတယ်။
- ကလေးတွေမှာဆိုရင် ငါးမျက်စိရှိသူနဲ့ ရေအတူကူးတာ၊ နောက်ဆုံး ဗိုင်းရပ်စ်ပိုးကပ်ပါနေတဲ့ ရေကူးကန်က အရုပ်လေးတွေကနေတောင်ကူးနိုင်ပါသေးတယ်။
- အရွယ်ရောက်ပြီးသူတွေမှာ လိင်ကတစ်ဆင့်လည်း ကူးစက်တတ်ပါတယ်။
❓ဘယ်လိုလူတွေမှာ ငါးမျက်စိပိုဖြစ်တတ်ပါသလဲ?
- ကျောင်းနေအရွယ်ကလေးငယ်လေးတွေ။
- ကိုယ်ခန္ဓာခုခံအားနည်းနေသူတွေ (ဥပမာ။ Steroid စတီးရွိုက်ဆေးတွေသုံးနေရတာ၊ HIV/AIDS ရောဂါရှိတာ စသည်)။
- ငါးမျက်စိနဲ့ တိုက်ရိုက်ထိတွေ့တာ၊ ငါးမျက်စိရှိသူရဲ့ အဝတ်အစား၊ ပဝါ၊ တဘက် စတာတွေကို ထိတွေ့ ဝေမျှသုံးတာ တွေကလည်း ငါးမျက်စိ ကူးလွယ်ဖြစ်လွယ်စေပါတယ်။
- ပူနွေးစွတ်စိုတဲ့ ရာသီဥတုမှာနေရသူတွေ။
- အကာအကွယ်မဲ့လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံဖော်များတာ စတာတွေကြောင့်လည်း အရွယ်ရောက်ပြီးသူတွေမှာ လိင်အင်္ဂါတစ်ဝိုက်မှာ ငါးမျက်စိ ကူးလွယ် ပေါက်လွယ်စေပါတယ်။
❓ငါးမျက်စိရဲ့ ပုံပန်းသဏ္ဌာန်နဲ့ သိကောင်းစရာ အရေပြားလက္ခဏာတွေက ဘာတွေလဲ?
- ငါးမျက်စိဟာ မာမာသေးသေး အဖြူအနှစ်အလုံးအဖုကလေးတွေ၊ ရေကြည်အဖု ပုံစံလေးတွေဖြစ်ပါတယ်။
- အချင်း (diameter) ၃-၅ မီလီမီတာ ရှိတဲ့ သေးသေးအဖုလေးတွေကနေ အချင်း (diameter) ၁၀-၂၀ မီလီမီတာ အထိကြီးတဲ့ အဖုတွေအထိ အရွယ်အစားမျိုးစုံ ဖြစ်နိုင်ပါတယ်။ အရေအတွက်ကလည်း တစ်လုံးချင်း ပေါက်တတ်သလို အဖုပေါင်းများစွာလည်း ပေါက်နိုင်ပါတယ်။
- အဖုအကြီးတွေကြောင့် အမာရွတ်ကျန်ကောင်းကျန်နိုင်ပါတယ်။
- အလုံးအဖုလေးရဲ့ အလယ်ဗဟိုဟာ ချိုင့်ဝင်နေတတ်ပြီး အတွင်းမှာ ပြည်အရည် ရှိပါတယ်။
- အဖုအလုံးတွေရဲ့ ပတ်လည်အသားအရေက နီရဲနေတတ်ပါသေးတယ်။
- ကိုယ်ခန္ဓာနေရာအနှံ့မှာပေါက်နိုင်ပါတယ် (ခြေ၊ လက်၊ ကိုယ်ထည်၊ လိင်အင်္ဂါတစ်ဝိုက်၊ ဝမ်းဗိုက်၊ ပေါင် စသည်)။
- အများအားဖြင့် မနာတတ်/ မယားယံတတ်ပါ။ မျက်ခွံမှာ ပေါက်ရင်တော့ မျက်လုံးကို ကသိကအောက်ဖြစ်စေပြီး အနှောင့်အယှက်ပေးနိုင်ပါတယ်။ တချို့လူတွေမှာ အနည်းငယ် ယားယံမှု ခံစားရနိုင်ပါတယ်။
- ငါးမျက်စိဟာ ပုံမှန်အားဖြင့် အန္တရာယ်မရှိလှတဲ့ အရေပြားပေါ်ကအဖုကလေးတွေသာဖြစ်ပြီး ကြောက်စရာမလိုအပ်ပေမယ့် အဖုလေးတွေကို ဆွတာ၊ ဆိတ်တာ၊ အဆက်မပြတ်ကုတ်ဖဲ့တာ လုပ်ရင်တော့ နောက်ဆက်တွဲ ဘက်တီးရီးယားပိုးဝင်ပြီး အရေပြားရောင်ရမ်းကာ အခြေအနေဆိုးစေနိုင်ပါတယ်။
❓ငါးမျက်စိကို ဘယ်လိုကုသသလဲ?
- ငါးမျက်စိဖြစ်ဟာ သူ့ဘာသာအလိုလို ပြန်ပျောက်ကင်းနိုင်တဲ့ အရေပြားအဖုအလုံးကလေးတွေ ဖြစ်ပါတယ်။ ကုသမှုဟာ အမြဲမလိုအပ်ပါဘူး။
- ခန္ဓာကိုယ်ခုခံအားကောင်းမွန်နေတဲ့ အခြေအနေမျိုးမှာ ဗိုင်းရပ်စ်ကို ကောင်းစွာတိုက်ထုတ်နိုင်တာကြောင့် သူ့ဘာသာအလိုလို ပျောက်ကင်းသွားတတ်ပါတယ်။
- HIV/AIDS လိုခုခံအားကျ ရောဂါရှိသူတွေ၊ နာတာရှည်အရေပြားရောဂါတွေပါ တွဲရှိသူတွေ၊ ????လိင်အင်္ဂါတစ်ဝိုက်မှာငါးမျက်စိပေါက်နေရင်၊ နှစ်အတော်ကြာမပျောက်ဘဲ ဆက်ရှိနေတဲ့ အခြေအနေမျိုး တွေမှာတော့ ကုသမှုလိုအပ်လာနိုင်ပါတယ်။
- လိမ်းဆေး၊ သောက်ဆေး တွေနဲ့ကုသလို့ရပါတယ်။
- Laser လေဆာသုံးကုသမှုတွေလည်း ကုသနိုင်ပါသေးတယ်။
- Liquid Nitrogen ကို အသုံးပြုပြီး ငါးမျက်စိကို အေးခဲသေဆုံးစေတဲ့ ကုသမှုတွေလည်း ပြုလုပ်နိုင်ပါ သေးတယ်။
- Electrocautery လို့ခေါ်တဲ့ လျှပ်စစ်သုံးပြီး ငါးမျက်စိကိုဖယ်ထုတ်တဲ့ ကုသမှုတွေလည်း ပြုလုပ်နိုင်ပါ သေးတယ်။
❗ဆောင်ရန်/ ရှောင်ရန်
✅ အများသုံး ရေချိုး/ရေကူးကန်တွေ၊ ပဝါ၊ တဘက်၊ အဝတ်အစား စတာတွေ ဝေမျှသုံးတာမျိုး ရှောင်ခြင်းကလည်း မိမိကနေ အခြားသူကို မကူးစက်စေတဲ့နည်းလမ်းတစ်ခုဖြစ်သလို အခြားသူဆီကလည်း မိမိကို မကူးစက်အောင် ကာကွယ်ပြီးသားပါဖြစ်ပါတယ်။
✅ ငါးမျက်စိပေါက်နေတဲ့နေရာလေးတွေကို Medical tape တိပ်ကပ်ပေးတာ၊ အဝတ်အစားအောက်မှာ ဖုံးထားတာမျိုးကလည်း အခြားသူတွေကို ထိတွေ့ကူးစက်မှုမဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
✅ ကျောင်းနေအရွယ် ကလေးငယ်လေးတွေမှာ ငါးမျက်စိအဖုလေးတွေကို Medical tape တိပ်နဲ့ ကပ်ထားပြီးဖြစ်စေ၊ အဝတ်အစားအောက်မှာဖုံးအုပ်နေစေတာမျိုးဖြစ်စေ အခြားသူကိုမထိတွေ့နိုင်ဘူးဆိုရင် ပုံမှန်အတိုင်း ကျောင်းသွား၊ သူငယ်ချင်းတွေနဲ့ ဆော့ကစားမှုပြုနိုင်ပါတယ်။
✅ အဖုတွေကို ကိုင်တွယ်မိပြီးတိုင်းလည်း လက်ကိုသေချာစွာ ဆေးကြောပစ်ရပါမယ်။
❎ ကူးစက်ပျံ့နှံ့မှု မရှိစေဖို့အတွက် အဖုတွေကို ဆိတ်တာ၊ ဆွတာ၊ ကုတ်ဖဲ့တာမျိုးတွေကို ရှောင်ရပါမယ်။
❎ ငါးမျက်စိရှိတဲ့ နေရာတွေက အမွေးအမျှင်တွေကို ရိတ်ခြင်းက ပြတ်ရှရာလေးတွေကို ဖြစ်စေနိုင်ပြီး ဗိုင်းရပ်စ်ပိုး ဝင်ရောက် ပွားလွယ်နိုင်တဲ့အတွက် ရှောင်သင့်ပါတယ်။
❎ အရွယ်ရောက်ပြီးသူတွေမှာ လိင်ကတစ်ဆင့်ကူးစက်တဲ့ လိင်အင်္ဂါတစ်ဝိုက်မှာ ငါးမျက်စိပေါက်နေရင် ပျောက်ကင်းတဲ့အထိ လိင်ဆက်ဆံတာကို ရှောင်သင့်ပါတယ်။ လိင်ဆက်ဆံတိုင်း အကာအကွယ်သုံးရပါမယ်။
*** ငါးမျက်စိဟာ အန္တရာယ်မရှိတဲ့ အရေပြားအဖုကလေးတွေဖြစ်တယ်။ ကူးစက်တတ်လို့ မိမိကနေ အခြားသူတွေ မကူးစက်ရအောင် (သို့) အခြားသူတွေဆီမှ မိမိကို မကူးစက်ရအောင် ကာကွယ်ပါ။ ကုတ်ဖဲ့တာမျိုးက ပိုးဝင်တတ်ပြီး အခြေအနေဆိုးစေတတ်လို့ ရှောင်ကြဥ်ပါ ***
References ????
????John Murtagh’s Patient Education, Sixth Edition; Molluscum Contagiosum pg-148
????AAD : American Academy of Dermatology Association : Molluscum Contagiosum
????Oxford Handbook of Medical Dermatology, Second Edition; Molluscum Contagiosum pg-158
❤️ NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
Ministry of Health,
National Unity Government.